မိုခါမုန်တိုင်းဒဏ်သင့်ဒေသများကိုကူညီရန် အလှူငွေကျပ် (၂၆)ဘီလျံနှင့် ဒေါ်လာ (၄)သိန်းနီးပါးရရှိထား
မျိုးကြီး (NP News) - ဇွန် ၇
မိုခါမုန်တိုင်းဒဏ်သင့်ဒေသများကို ကူညီရန် အလှူငွေကျပ်(၂၆)ဘီလျံကျော်နှင့် အမေရိကန်ဒေါ်လာ (၄)သိန်းနီးပါးရရှိခဲ့ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးက ပြောသည်။
ဝန်ကြီးဒေါက်တာသက်သက်ခိုင်က ယမန်နေ့(ဇွန်လ ၆ ရက်)တွင် နေပြည်တော်၌ ပြုလုပ်သော အမျိုး သားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ပြန်လည်ထူထောင်ရေးဆိုင်ရာအစည်းအဝေး၌ အထက်ပါကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။
အလွန့်အလွန်အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း(မိုခါ)သည် ပြီးခဲ့သော မေလ ၁၄ ရက်တွင် ရခိုင် ပြည်နယ်အပြင် ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းတို့ကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ထိခိုက်ပျက်စီးမှုအများအပြားရှိခဲ့သည်။
ထို့ကြောင့် မုန်တိုင်းဒဏ်သင့်ဒေသများအတွက် ပြန်လည်ထူထောင်ရေးနှင့်ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ရန် ဇွန်လ ၅ ရက်အထိ မြန်မာ့စီးပွားရေးဘဏ်သို့ ဝင်ရောက်ထားသည့် အလှူငွေသည် ကျပ် (၂၆ ဒသမ ဝဝ၉) ဘီလျံရှိကြောင်း ဝန်ကြီးဒေါက်တာသက်သက်ခိုင်က ဆိုသည်။
ထို့ပြင် မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်သို့ ဝင်ရောက်ထားသည့် အလှူငွေများသည်လည်း အမေရိကန်ဒေါ်လာ (၃၇၅ဝဝဝ)ကျော် ရရှိထားကြောင်း ၎င်းက ဆက်လက်ပြောဆိုထားသည်။
မုန်တိုင်းဒဏ်အား အပြင်းထန်ဆုံးခံခဲ့ရသော ရခိုင်ပြည်နယ်ရှိ မြို့နယ်(၁၇)မြို့နယ်နှင့် ချင်းပြည်နယ်ရှိ မြို့နယ်(၄)မြို့နယ်ကို သဘာဝဘေးအန္တရာယ်ကျရောက်သော နယ်မြေများအဖြစ် နစကမှ သတ်မှတ်ကြေညာထားသည်။
လက်ရှိတွင် နစကအနေဖြင့် မုန်တိုင်းဒဏ်သင့်ဒေသများ၌ အပျက်အစီးများ အမြန်ဆုံးဖယ်ရှားရှင်းလင်းနိုင်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး တပ်မတော်အရာရှိများကိုလည်း တစ်မြို့နယ်လျှင် တစ်ဦးနှုန်းဖြင့် ခန့်အပ်ကာ တာဝန်များပေးထားကြောင်း သိရသည်။
မိုခါမုန်တိုင်းကြောင့် လူနေအိမ်အဆောက်အအုံများအပါအဝင် ဌာနဆိုင်ရာရုံးများ၊ ကျောင်းများသည် သိန်းနှင့်ချီကာ ပျက်စီးဆုံးရှုံးခဲ့သည့်အပြင် လူနှင့်ကျွဲ၊ နွားတရိစ္ဆာန်များသည်လည်း သေဆုံးမှုများရှိခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပုဂံ ရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ဗူးဘုရား မိုးကြိုးစက်ကွင်းမိ၍ အနည်းငယ်ပျက်စီး
RELATED POSTS
24 Oct 2024 | လူမှုရေး,နိုင်ငံတကာ
23 Oct 2024 | လူမှုရေး,ပြည်တွင်း
03 Oct 2024 | လူမှုရေး,ပြည်တွင်း