ကင်ဆာရောဂါခံစားနေရသူများအတွက် ဓာတ်ရောင်ခြည်ကုသစက်(၁ဝ)လုံး တည်ဆောက်နေပြီး လာမည့်နှစ်တွင် ပြီးစီးမည်
NP News - ဇွန် ၄
ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်တွင် ကင်ဆာဓာတ်ရောင်ခြည်ကုသစက် (၁ဝ)လုံးကို တည်ဆောက်လျက်ရှိပြီး လာမည့်နှစ်(၂ဝ၂၄)တွင် ပြီးစီးမည်ဖြစ်ကြောင်း နစကထံမှ သိရသည်။
အဆိုပါ ဓာတ်ရာင်ခြည်ကုသစက်များ တည်ဆောက်ခြင်းကို နစကဥက္ကဋ္ဌ၏ ညွှန်ကြားချက်ဖြင့် ဆောက် လုပ်ရေးဝန်ကြီးဌာနမှ တည်ဆောက်နေခြင်းဖြစ်ပြီး ကျန်းမာရေးဝန်ကြီးဌာန၊ သိပ္ပံနှင့် နည်းပညာဝန်ကြီး ဌာနတို့မှ စစ်ဆေးမှုများပြုလုပ်နေကြောင်း သိရသည်။
“ကောင်းတဲ့လုပ်ဆောင်ချက်တစ်ခုဖြစ်တယ်။ လုပ်လည်းလုပ်သင့်တယ်။ ဘာဖြစ်လို့လဲဆိုရင် ကျွန်တော်တို့နိုင်ငံမှာက ကင်ဆာနဲ့ပတ်သက်ပြီးတော့ အဖြစ်လည်းများကြတယ်လေ။ အစိုးရအဆက်ဆက်မှာလည်း လုပ်တော့လုပ်ကြတယ်။ ဒါပေမယ့် ဒီအစိုးရလက်ထက်မှာတော့ ကုသသင့်တယ်၊ နည်းပညာတွေကိုသိသင့်တယ်ဆိုပြီး လုပ်ကြတာပေါ့။ ကြားထားတာကတော့ (၁ဝ)လုံးတော့ ကြားတယ်” ဟု အဏုမြူ စွမ်းအင်နှင့်ပတ်သက်သည့် တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။
လက်ရှိတွင် ရန်ကုန်ဆေးရုံကြီး၌ ဓာတ်ရောင်ခြည်ကုသစက်သည် အရေအတွက်(၄)လုံးသာရှိပြီး အရေ အတွက်နည်းပါးခြင်းကြောင့် ဓာတ်ကင်ရန်စောင့်ဆိုင်းနေသူများအတွက် အခက်အခဲများရှိနေကြောင်း သိရသည်။
ရန်ကုန်ဆေးရုံကြီးမှာ ဓာတ်ရောင်ခြည်ပြဖို့ စာအုပ်ထပ်ရတယ်။ ပြီးတော့ ရက်ချိန်းပြန်ပေးတယ်။ ကင်ဖို့က (၈)လကျော် စောင့်ရတယ်။ တချို့ဆို ၂ဝ၂၂ ခုနှစ် (၁)လပိုင်းလောက်က စာအုပ်ထပ်ထားတာတောင် ရက်ချိန်းကျော်ပြီး ခုချိန်ထိ မကင်ရသေးတဲ့ လူတွေရှိတယ်” ဟု ကင်ဆာရောဂါဝေဒနာရှင်၏ မိသားစုဝင်တစ်ဦးက NP News ကိုပြောသည်။
ထို့ကြောင့် နစကဥက္ကဋ္ဌမှ ကင်ဆာရောဂါခံစားနေရသူများအတွက် ဓာတ်ရောင်ခြည်ကုသစက်(၁ဝ)လုံးကို တည်ဆောက်ရန်ညွှန်ကြားခဲ့ပြီး လာမည့်နှစ်တွင် ပြီးစီးရန် ရည်မှန်းထားကြောင်း သိရသည်။
လတ်တလောတွင် ရန်ကုန်ဆေးရုံကြီး၌ ကင်ဆာရောဂါအတွက် ဓာတ်ကင်ရန်စောင့်ဆိုင်းနေရသူဦးရေသည် (၇ဝဝ)နီးပါးခန့်ရှိကြောင်းသိရပြီး အလှည့်ကျစောင့်ဆိုင်းနေရသည့်အတွက် ရက်ကြာမြင့်မှုကြောင့် အသက်ဆုံးရှုံးနေရသူများလည်း ရှိနေကြောင်း သိရသည်။
“စောင့်နေရင်း ဆရာဝန်ညွှန်ကြားတာလုပ်နေရင်းနဲ့ stage တိုးပြီး ရောဂါဆိုးလာတဲ့လူတွေရှိတယ်။ တချို့ဆိုရင် စောင့်ရင်းနဲ့ ဆုံးသွားတာတွေလည်းရှိတယ်။ အပြင်ပုဂ္ဂလိကဆေးရုံမှာဆိုရင် တစ်ကြိမ်ကို (၂)သိန်းဝန်းကျင်လောက်ရှိတော့ တော်ရုံလူတွေဆိုရင် မတတ်နိုင်ကြဘူး။ အကြိမ်ရေကလည်းများတယ် တစ်ကြိမ်ထဲနဲ့လည်း မပြီးတဲ့သူတွေရှိတယ်” ဟု ၎င်းမှ ဆက်လက်ပြောဆိုထားသည်။
ဓာတ်ရောင်ခြည်ကုသစက်များသည် ရန်ကုန်ဆေးရုံကြီးအပြင် မန္တလေးဆေးရုံကြီးတွင် (၄)လုံး၊ တောင်ကြီးစပ်စံထွန်းပြည်သူ့ဆေးရုံကြီးတွင် (၂)လုံးနှင့် နေပြည်တော်ကုတင်(၁ဝဝဝ)ဆေးရုံကြီးတွင် (၂)လုံး ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဓါတ်မြေသြဇာ ဈေးနှုန်းများတက်နေသည့်အတွက် လယ်သမားများ အခက်အခဲဖြစ်နေ
RELATED POSTS
24 Oct 2024 | ကျန်းမာရေး,ပြည်တွင်း
18 Oct 2024 | ကျန်းမာရေး,နိုင်ငံတကာ
18 Oct 2024 | ကျန်းမာရေး,ပြည်တွင်း
03 Oct 2024 | ကျန်းမာရေး,နိုင်ငံတကာ