ပြင်သစ်၊ ဗြိတိန်၊ တရုတ်၊ ရုရှားတို့နှင့်အတူ နျူကလီးယားလက်နက်ထိန်းချုပ်ရေး သဘောတူညီစာချုပ်တွင် ပါဝင်ရန်ဆန္ဒရှိကြောင်း အမေရိကန်အစိုးရပြော
Pika (NP News) - ဇွန် ၃
အမေရိကန်သည် တရုတ်၊ ရုရှား၊ ပြင်သစ်၊ ဗြိတိန်တို့နှင့်အတူ ဘက်စုံလက်နက်ထိန်းချုပ်ရေး ကြိုးပမ်းမှုများတွင် ပါဝင်ရန် ဆန္ဒရှိကြောင်း အမေရိကန်အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ဆူလီဗန်က ပြောကြားခဲ့သည်။
ဂျိတ်ဆူလီဗန်က"ကြိုတင်သတ်မှတ်ချက်တွေမရှိဘဲ ရုရှား၊ တရုတ်တို့နဲ့ လက်နက်ထိန်းချုပ်ရေး ဆွေးနွေးမှုတွေမှာပါဝင်ဖို့ ကျွန်တော်တို့ဘက်က ဆန္ဒရှိတယ်ဆိုတာကို ပြောကြားခဲ့ပါတယ်။ ပြီးတော့ အမေရိကန်ဟာ ရုရှား၊ တရုတ်တို့နဲ့အတူ အဏုမြူဗုံးပြဿနာကို ခွဲခြမ်းစိတ်ဖြာဖို့ စိတ်အားထက်သန်နေပါတယ်"ဟုပြောဆိုခဲ့သည်။
အမေရိကန်သည် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ အမြဲတမ်းအဖွဲ့ဝင်ငါးနိုင်ငံဖြစ်သော P5 နှင့်အတူ ဘက်စုံအစီအစဉ်များကို ပူးပေါင်းလုပ်ဆောင်ရန်ကြိုးပမ်းနေကြောင်းသိရသည်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ အမြဲတမ်းအဖွဲ့ဝင်ငါးနိုင်ငံဖြစ်သော P5 တွင် အမေရိကန်၊ တရုတ်၊ ရုရှား၊ ပြင်သစ် နှင့် ဗြိတိန်တို့ပါဝင်သည်။ ဂျိတ်ဆူလီဗန်က" P5 အဖွဲ့ဝင်နိုင်ငံတွေနဲ့အတူ ဒုံးကျည်ပစ်လွှတ်မှု သတိပေးချက်စနစ်ကို တရားဝင်လုပ်ဆောင်ခြင်းဟာ ရိုးရှင်းတဲ့ လုပ်ဆောင်မှုတစ်ခုသာဖြစ်ပါတယ်"ဟုပြောဆိုခဲ့သည်။
အဆိုပါခြေလှမ်းသည် အကျပ်အတည်းကာလတွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံများကြား အထင်အမြင်လွဲမှားမှုနှင့် တွက်ချက်မှုမှားယွင်းခြင်းကဲ့သို့သော အန္တရာယ်များကို လျှော့ချနိုင်မည်ဖြစ်ကြောင်း ဂျိတ်ဆူလီဗန်ကပြောကြားခဲ့သည်။ ထို့ပြင် P5 နိုင်ငံများကြားတွင် အကျပ်အတည်းနှင့်ပတ်သက်သည့် ဆက်သွယ်ရေးလမ်းကြောင်းများထူထောင်ခြင်းနှင့် နျူကလီးယားအရေးကိစ္စများတွင် ပွင့်လင်းမြင်သာမှုရှိရန် ကတိပြုခြင်းတို့ကဲ့သို့သော နောက်ထပ်အစီအစဉ်များကိုလည်း လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း ၎င်းကပြောကြားခဲ့သည်။
တရုတ်နိုင်ငံသည် အမေရိကန်နှင့် လက်နက်ထိန်းချုပ်ရေးဆွေးနွေးပွဲများတွင် ပါဝင်ခြင်းမရှိသည့်အတွက် စိတ်ပျက်မိကြောင်း၊ (၂ဝ၃၅)ခုနှစ်တွင် တရုတ်သည် နျူကလီးယားထိပ်ဖူးပေါင်း(၁၅ဝဝ)ရှိရန်လုပ်ဆောင်နေကြောင်း ဂျိတ်ဆူလီဗန်ကပြောကြားခဲ့သည်။ အမေရိကန်သည် New START စာချုပ်တွင်ပါဝင်သော အချက်အလက်များကို လိုက်နာရန်ဆန္ဒရှိသကဲ့သို့ နျူကလီးယားလက်နက်များနှင့်ပတ်သက်ပြီး သီးခြားဆွေးနွေးမှုများလုပ်ဆောင်ရန် ဆန္ဒရှိကြောင်း ဂျိတ်ဆူလီဗန်ကပြောကြားခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မလေးရှားနိုင်ငံရှိ သံမဏိစက်ရုံတွင် လူကုန်ကူးခိုင်းစေခံနေရသော မြန်မာနိုင်ငံသားများကို ပြန်ကယ်တင်နိုင်ခဲ့ဟု မလေးရှားရဲတပ်ဖွဲ့ပြော
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ