သဘာဝဘေးနှင့် မြန်မာနိုင်ငံတော် (အင်တာဗျူး)
သုတကျော် (NSS) - စက်တင်ဘာ ၂၆
မြန်မာနိုင်ငံတွင် ယခုနောက်ပိုင်းကာလများ၌ ရေကြီးမြေပြို သဘာဝဘေး အန္တရာယ်များ တိုးပွားလာသည်ကို တွေ့မြင်ရသည်။ မြန်မာနိုင်ငံတွင် နေထိုင်သူများအတွက် သဘာဝဘေးအန္တရာယ် သည် သတိပြုဆင်ခြင်ရန်သာမက သတိထားရမည့် အနေအထား သို့ပင် ဆိုက်ရောက်နေပြီ ဖြစ်သည်။ အဆိုပါ ကိစ္စများနှင့်ပတ်သက်၍ Zarmani Myanmar Pro Active Citizen Community (ZMPACC) မှ တည်ထောင်သူ ဆရာ ဦးသန့်ဇင် (Globalutionist)ထံ The Statesman Journal မှ မေးမြန်းထားသည်များကို NSS က ကောက်နုတ်ဖော်ပြအပ်ပါသည်။
မေး - မြန်မာနိုင်ငံမှာ အခုနောက်ပိုင်းနှစ်တွေ သတိထားကြည့်တဲ့အခါ နှစ်တိုင်းလိုလို ရေဘေးကို ကြုံနေရတာကို တွေ့ရပါတယ် ဆရာ။ ဘာကြောင့်ပါလဲ ခင်ဗျာ။
ဖြေ - သည်မေးခွန်းက အခြေခံအကျဆုံးမို့ အဓိက အချက်ကိုပြောရရင် မြေဧရိယာ အားလုံးရဲ့ ရေဆင်း ဟာ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ မြစ်ကြီးငါးသွယ် နဲ့ မြစ်ငယ်ငါးရာတောင်ရှိနေပြီး အဲဒီမြစ်တွေကနေ ပင်လယ်ထဲကို ပုံမှန်စီးဆင်းရမှာပါ။ ဒီနေရာမှာ ရာဇဝင်ထဲက သတို့သမီးခေါ်တဲ့ မိခင်ဧရာဝတီမြစ်ကြီး တောင် နာတာရှည်ဖြစ်နေပါပြီ။ ဒီရေလမ်းတွေက ကျွန်တော်တို့ကို နှစ်ပေါင်း တစ်ရာကျော်ကျွန်ပြုသွား တဲ့အင်္ဂလိပ်က ကောင်းကောင်း အသုံးချအမြတ်ထုတ်သွားပါတယ်။ မြစ်ကြောင်းပြုပြင်ထိန်းသိမ်းရေးလုပ် ငန်းရဲ့ပင်မအခြေခံကတော့ River Flood Management ပါပဲ။ ကျွန်တော်တို့နဲ့ကပ်နေတဲ့ ထိုင်းဘုရင့် နိုင်ငံကို ကြည့်ရင် သည်ပညာရပ်ကို ကောင်းကောင်းကြီးသုံးတတ်တဲ့ လူငယ်ပညာရှင်တွေ အစိုးရ မဟုတ်တဲ့ အဖွဲ့စည်းတွေ အစိုးရတာဝန်ရှိသူတွေ ပူးပေါင်းပြီးအချိန်နဲ့တစ်ပြေးညီဆောင်ရွက်နေတာပါ။ မိခင်ဧရာဝတီမြစ်ကြီးအလှဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း(၅၀)တွင်း မစို့မပို့ပြုပြင်ရာကနေ သဲသောင်ခုံ ပေါင်း များစွာ ရေတိုက်စားကမ်းပါးပြိုမှုများစွာနဲ့ ကျစ်ဆံမြီး ဧရာဝတီလို့ ကျွန်တော်အမည်ပေးတင်ပြထားတဲ့ ဆောင်းပါးမှာ အသေးစိတ်သိနိုင်ပါတယ်ခင်ဗျာ။
မေး - ဆိုတော့ ဆောင်းပါးနဲ့ပတ်သက်ပြီး စာဖတ်သူ တွေအတွက် ဗဟုသုတရဖွယ်ပေါ့ ဆရာ။ ဆောင်းပါးပါ အကြောင်းကို အကျဉ်းချုပ်ပြီး ပြောပေးနိုင်မလား ဆရာ။
ဖြေ - သဘာဝကတော့ သူ့သဘာဝအတိုင်း သွားတာပေါ့။ ဒါပေမဲ့ ဧရာဝတီ မြစ်ကြောတစ်လျှောက်မှာ ရှိတဲ့ နုံးအနည်းအနှစ်တွေကို တကောင်းမြို့အောက်ကနေ စပြီး နုံးအနည်အနှစ်တွေ တွေ့ရတယ်။ အထက်မှာ မတွေ့ဘူး။ မြစ်ဆုံကိစ္စတုန်းက ဟိုတယ်တက် ဘူဖေး စားပြီး RDM တွေထုတ်ပြီး ပြန်သွားတဲ့ CSO အဖွဲ့ တွေပေါ့ နာမည်တော့တပ်မပြောတော့ဘူး။ အဲဒီလူတွေက သေချာမလေ့လာဘဲနဲ့ ပေါက်ကရ တွေ လျှောက်ပြောပြီးတော့ နုံးအနည်အနှစ်တွေ မရှိရင် ဧရာဝတီမြစ်မှာရှိတဲ့ သားငါးသယံဇာတတွေ ပျောက်သွားမယ်ပေါ့။ ဂေဟစနစ် ပျက်သွားမယ် ပြောကြတယ်။ မိခင် ဧရာဝတီကို ကျွန်တော်တို့ သုံးတော့ သုံးခဲ့တယ်။ ဒါပေမဲ့ ကောင်းတဲ့ အလုပ်၊ ကောင်းတဲ့ အပြုအမူ နိုင်ငံကြီးသားတွေမှာရှိတဲ့ တာဝန်အရ ဧရာဝတီမြစ်ကြီးကို စောင့်ရှောက်တဲ့ အလုပ်က ဘယ်သူမှ မသိကြဘူး။ လုပ်လည်း မလုပ် ကြဘူး။ ကိုယ့်နိုင် ငံသားနဲ့ ကိုယ့်အစိုးရက မလုပ်တော့ နိုင်ငံခြားသားတွေက Fund တွေနဲ့လာပြီး လုပ်ပေးရတယ်။ အဲဒီအချိန်မှာ မြန်မာလုပ်ငန်းရှင်တစ်ယောက်က နာမည်တော့ မပြောတော့ပါဘူး။ သူနဲ့ ပတ်သက်ပြီးတော့ ကမ္ဘာ့ဘဏ်က ဒေါ်လာ သန်းတစ်ရာ ချေးတယ်။ ဟိုမှာက ဒေါ်လာ သန်းလေးထောင် ပရောဂျက် လောက်နဲ့လုပ်မှာ။ ဒီက သန်းတစ်ရာလေးကောက်ပြီးတော့ လုပ်ပြီးတော့ သောင်တူးစက် နှစ်စက်နဲ့စပြီးတော့ လုပ်တယ်။ တူးတော့ မြစ်ထဲမှာ ဘာရှိလဲဆိုတော့ သဲအပြင် ဆီလီကွန်ရှိတယ်။ ဖန်ချက်တဲ့ ဆီလီကွန် ရှိတယ်။ သတ္တုမှုန်တွေ ရှိတယ်။ ရွှေတွေကော မပါ ဘူးလား။ ငွေတွေလည်း ပါတယ်။ အဲဒီ သဲတူးတဲ့ အဖွဲ့တွေက သဲတူးတယ်ဆိုတာ ပါးစပ်ကသာ ပြောနေတာ တကယ်တမ်း ပြောရရင် ရွှေကျင်နေတယ်။ လုပ်ပိုင်ခွင့်ပေးလိုက်တော့ အဲဒီ တာဝန်ရှိတဲ့ဌာနက ပြုတ်ရော။ နောက် တစ်ခုက အုပ်ချုပ်မှု လက်လှမ်း မမီဘူး။ မြစ်ကြီးက ကျယ်ပြန့်တယ်။ ရှည်တော့။ အဓိက ပြဿနာက အဲဒါပဲ။
မေး - ရေဘေးနဲ့အတူ မြင်တွေ့ရတာကတော့ အခုနှစ်မှာ အဆုံးဆိုးဖြစ်တဲ့ မြေပြိုမှုပါ ဆရာ။ ဒါက သစ် ပင်တွေ မရှိလို့ပဲလား။ ဒါမှမဟုတ် ရာသီဥတု အပြောင်းအလဲကြောင့်လား ဆရာ။
ဖြေ - သစ်ပင်နည်းလို့၊ ရာသီဥတုမမှန်လို့ဆိုတာက များစွာသော အချက်များကြားက နှစ်ခုသာသာပါ။ သည်နေရာမှာ မြေပြိုတာကို သဘာဝဘေးအန္တရာယ် အနေနဲ့ မြန်မာနိင်ငံမှာသာ လူသိများနေပြီး မူလက တည်းက အဲဒီမြေပေါ်မှာ အခြေချမနေခင် မြေကြီးရဲ့ ခံနိုင်ဝန်အင်အားကိုမြေသုံးချရေး သီအိုရီအရ တကယ်တမ်း တွက်ချက်အသုံးချရဲ့လားဆိုတာ ကျွန်တော်က ပြည်သူ့ရေးရာစီမံခန့်ခွဲမှုအမြင်နဲ့ ပြန်မေးရ ပါမယ်။ ဥပမာ ပြောရရင် ရန်ကုန်-ပြည်မီးရထားလမ်းဟာ (၁၈၇၇) ခုနှစ်မတိုင်မီက လမ်းအူကြောင်း ရွေးပြီး ခုထိအမြန်ရထားတွေ ရေပြင်ညီညီခုတ်မောင်းနေတာ ဘာကြောင့်ပါလဲ။ ဆင်တွေရေချိုးဖို့ နွံအိုင် တွေ ပြည့်နေပြီး ဆင်ရေချိုးဆိပ်ဖြစ်ခဲ့ရတဲ့ ရန်ကုန်မြို့ အလုံမြို့ နယ်မှာအချို့တိုက်အမြင့်တွေ စောင်းနေ တာ မြင်ရမယ်။ သည်နေရာမှာ နိုင်ငံရေးသမားများကနေ အစိုး ရဖွဲ့နည်းအရဆိုရင် နိုင်ငံရေးဆိုတာ မြေနဲ့လူကို စီမံ ခန့်ခွဲတာပါခင်ဗျာ။ ကျွန်တော်တို့နိုင်ငံမှာတော့ ၁၉၈၈ နောက်ပိုင်းလစာရတဲ့ ပြည်သူ့နီတိ လုပ်ငန်းကြီးလို့ ပြောလို့ရတဲ့ အစိုးရဖွဲ့စည်းပုံတွေမှာ ပညာရပ်အခြေပြု သူ ပညာရှင်ကို ကိုယ်စားပြုသူ ဝန်ထမ်းကြီးတွေကြား ထူးဆန်းတဲ့ဌာနတွေ ဖွဲ့စည်းထားတာမြင်ရပါတယ်။တာဝန်ရှိတဲ့ဌာနက လုပ်ပိုင် ခွင့် မရှိ၊ လုပ်ပိုင်ခွင့်မရှိတဲ့ ဌာနက တာဝန်ရှိနေပြီး ပညာရပ်တစ်ခုပေါ်လာတိုင်း၊ အဲဒီအမည်နဲ့ ဝန်ကြီး ဌာနတစ်ခုဖွဲ့နေတာဟာ စီမံခန့်ခွဲ မှု လမ်းကြောင်းအရ လူတွေမြေကိုစီမံခန့်ခွဲ အသုံးချ တာနဲ့လွဲနေ တာပါ။ သာမန်ပြည်သူတွေရဲ့အခွန်တွေကိုမျက်လှည့်ပြလှည့်စားထားသလို ဖြစ်နေတာပါ။ မြေဆွဲအားကို ဒေါင်လိုက်ကိုးဆယ်ဒီဂရီ မတ်မတ်ရပ် ဆန့်ကျင်နေနိုင်တာ လူသားပဲရှိပါတယ်။ လူသား တွေအားထား အရဆုံး မဟာပထဝီမြေကြီးက ခဏချင်း လိုလိုပြိုလဲပြီး မခိုင်ခန့်တော့ဘူးဆိုရင် လူသားတွေအတွက် မနက်ဖြန်မရှိတော့ပါဘူးဗျာ။ ဒီလိုသစ် တော သစ်ပင်ပြုန်းတီးကုန်လို့ မြေကြီးအပေါ်ယံလွှာတွေ ရေဝင်ပြီး တိုက်စားလို့မြေပြို လူ့အသက်တွေ သေကြရတဲ့ထိ ခံစားကြရတဲ့အချက်တွေတင်မက သတ္တု သယံဇာတတွေ ပင်လယ်ထဲသဲနဲ့ရော ရေမျော ပါတာတွေကို သိဖို့တော့လိုပါတယ်။
မေး - ဒီနေရာကနေ ဆောင်းပါးပါ အကြောင်းအရာကို စာဖတ်သူတွေအတွက် အကျဉ်းချုပ် ပြန်ပြောလို့ ရမလား ဆရာ။
ဖြေ - ပြောဖို့ဆိုရင် မော်လမြိုင်မြို့ အောက်ဘက်က သတ္တုတွင်း တစ်ခုရှိတယ် နာမည်မသိဘူး။ အဲဒီက နေပြီးတော့ ကော့သောင်းမြို့ မြောက်ဘက်က သတ္တုတွင်းကြားမှာ သတ္တုတွင်းပေါင်း(၃၃)တွင်း ရှိတယ်။ အဲဒီသတ္တုတွင်းက အောက်ကို (၁)မိုင်၊ (၂)မိုင်ဆင်း ပြီးတော့ ဘေးကို သံလမ်းတွေနဲ့ထုတ်ခဲ့တယ်။ (၁၈၂၄) ခုနှစ်မတိုင်ခင်တည်းကဆိုတော့ နှစ်ပေါင်း (၂၀ဝ) ကျော်ပြီ။ နှစ်ပေါင် (၂၀ဝ)ကျော်အတွင်း ထုတ်ခဲ့တဲ့ အဲဒီ သတ္တုတွေက ပေးသလောက်ပဲ ထုတ်တာ။ ဥပမာ ပြောရရင် ဖားကန့်မှာ နောက်ဆုံးပေါ် တူးတဲ့ စက်ကြီးတွေနဲ့ ဟင်းလင်းပွင့်ကြီးတွေတူးတာ မတွေ့ဘူးလား။ ဧရာမကျောက်တုံးကြီးတွေ ထွက် တယ်လေ။ ဒါပေမဲ့ အဲဒီ ကျောက်တုံးကြီးတွေထဲမှာ သန်းတန် ကျောက်တို့၊ ကုဋေတန်ကျောက်တို့ ထွက်လာတာ ပါတာတွေ့လား။ ဒါပေမဲ့ တစ်ဦးချင်း တူးစဉ်တုန်းကမှ သန်းတန်ကျောက်တွေကို ကံကောင်းတဲ့သူတစ်ဦးက တွေ့တယ်ဆိုတာ ကမ္ဘာကျော်တာပဲ ရှိခဲ့ဖူးတယ်။ အခုတော့ ခပ်ကွက်ကြီး တွေနဲ့ တူးတဲ့အခါ မရဘူး။ ဒါပေမဲ့ ခုနကပြောတဲ့ မိုင်း(၃၃)တွင်းကို တရုတ်က ဘာလာလုပ်လဲဆိုတော့ ရှေ့ပြေး Pilot ပရောဂျက်ဆိုပြီး စာလာချုပ်တယ်။ တစ်တွင်းကို နှစ်နှစ် လုပ်မယ်ဆိုပြီးတော့။ အဲဒီလို လုပ်တဲ့အခါမှာ သတ္တုဘယ်လောက် ကျန်လဲဆိုတာကို လာတိုင်းတာ။ သူတို့က ဘယ်လို တိုင်းလဲဆိုတော့ အလျားတစ်မီတာ၊ အနံတစ်မီတာ၊ ထုတစ်မီတာပေါ့။ အဲဒီလို မြေကြီးတုံးကြီး တစ်တုံးမှာ သတ္တု အမှုန် ပေါင်း (၂၀ဝဝ)လောက် ထွက်ရင် သူတို့က ယူတယ်။ စစ်လည်း စစ်လိုက်ရော အဲဒီ ပမာဏ အထက် လည်း ရှိမှာပေါ့။ တွေ့လည်း တွေ့လိုက်ကော ဘာလုပ်လဲဆိုတော့ ဒီဟာတွေက ငါတို့လိုပဲ သတ္တု မုဆိုး တွေ အဲဒီတုန်းက မြန်မာပြည်က ဖွင့်ပြီလေ။ သူတို့တူးလိုက်ရင် ကုန်သွားမယ်။ နောက်လာမယ့် တရုတ် ပြည်ရဲ့ သတ္တုလိုအပ်ချက်ကို တွက်လိုက်တဲ့ အခါကျတော့ သတ္တုလိုအပ်ချက်က များလိမ့်မယ်။ ဒါ ကြောင့် သူတို့က ဘာလုပ်လိုက်လဲဆိုတော့ မိုးတွင်းမှာ ရေတံလျှောက်တပ်ပြီး ခုနကပြောတဲ့တစ်မိုင်တို့၊ နှစ် မိုင်တို့ထဲကို ရေထည့်လိုက်ကော။ မိုင်းတွင်း ရေဝင် သွားရင် ပြိုပြီလေ။ အဲဒီဖျက်တဲ့ဟာကို ပြောတဲ့ ဟာကလည်း တာဝန်ရှိသူက ပြောပြတာ။ တို့ဘက်က မိုင်း တွင်းထဲကို ယိုးဒယားဘက်ကနေ ဖောက် တယ်။ မော် လမြိုင်ဘက်က ရေတွင်းတွေမြင်ဖူးမယ် ရေထွက်များ အောင်ဆိုပြီး တည့်တည့်တူးပြီးရင် ဘေးတိုက် ဖောက်တာလေ။ ယိုးဒယားဘက်ကနေ ဒေါနတောင်တန်းကြီး အောက် ခြောက်မိုင်၊ ခုနှစ်မိုင် အနက်ကနေ ဖောက်တယ်။ လာခိုးတာ။ မြန်မာပြည်က နိုင်ငံခြားကနေ ဆီဝယ်နေရတော့ တနင်္သာရီ တိုင်းမှာ အသုံးမတည့်တဲ့ တောတွေကို ဖျက်ပြီးတော့ ဆီအုန်းစိုက်လိုက်ရင် အီကွေတာ ရာသီဥတု ဆိုတော့ ဆီအုန်းဖြစ်တယ်။ အဲဒါကြောင့် တို့စိုက်မယ်ဆိုပြီးတော့ နိုင်ငံခြားက လာတဲ့ မလေးဆီအုန်းမျိုး ကို ကျွန်တော်တို့က ပြန်ပွားပြီး စိုက်တာ။ ဆီအုန်းစိုက်ပြီဆိုတည်းက မြေကြီးကို ပြင်ရပြီလေ။ မြေကြီး ပြင်ရပြီဆိုတည်းက အပေါ်မှာ ရှိတဲ့တောခုတ်မယ်။ ဘူဒိုဇာနဲ့ထိုးမယ်။ မြေအပြောင် ပြောင်မယ်။ အကွက် ချစိုက်မယ်။ ဆီအုန်းပင်ကြီးတွေက အမြင့်ကြီးတွေ။ ဆီအုန်းခိုင်တစ်ခိုင်ဆို ဆီအချိန် တစ်ဆယ်ကျော် မယ်။ အောက်ကနေ သံနဲ့ထိုးပြီး ချ တာနဲ့ အစေ့သုံးလေးဆယ်က ကြွေသွားတာ။ အဲဒါ လိုက်ကောက် မယ့်သူက လိုသေးတယ်။ တစ်ဧက နှစ်ယောက်ဆိုတော့ တစ်နေ့ကို ဆီသီးခိုင်အလုံး လေးငါးဆယ်ထက် ပိုမခူးနိုင်ဘူး။ တနင်္သာရီမှာက မိုးခြောက်လက်မလောက် ရွာတယ်။ အဲဒီတော့ ဟိုအောက်ထဲက ကျင်း သေးသေးလေးနဲ့ ဆင်းသွားပြီး ခုနကပြောတဲ့ နှစ်ပေါင်း(၂၀ဝ)ကျော် ထုတ်တဲ့ သတ္တုတွင်းတွေဟာ သဲတွေနဲ့ စားပြီးတော့ တနင်္သာရီ မြစ်ဝကြီးမှာ သောင်တွေနဲ့ ထွန်းနေတာ မြင်မကောင်းဘူး။ အဲဒီ သဲနဲ့ အတူ အဖြိုက်နက်၊ ခဲ၊ ရွှေ၊ ငွေ မျောသွား တာ။ ဆီအုန်းစိုက်လိုက်တာက အခု နှစ်သုံးဆယ် လောက်ရှိပြီ။ တနင်္သာရီကထွက်တဲ့ဆီ မြင်ဖူးလား။ ဒီ သတ္တုတွေ ပင်လယ်ထဲရောက်တော့ ဆီအုန်းပင်ကို မျိုးလာ ရောင်းတဲ့ ကုမ္ပဏီကပဲ ဆောက်လုပ်ရေး လုပ်ဖို့ သဲမရှိလို့ တစ်တန်ကို သုံးထောင်သုံးရာနဲ့ လာတိုက် တယ်။ တို့တွေ ရှုံးတယ်။ သန္တာကျောက်တန်းတွေကပါ သဲနဲ့ရောပြီး အခပ်ခံရတော့ သန္တာတွေ သေရ တယ်။
မေး - ကမ္ဘာကြီး ပူနွေးလာတဲ့အတွက် ရာသီဥတု ပြောင်းလဲမှုမှာ မြန်မာနိုင်ငံအနေနဲ့ ဘာများ ပြင်ဆင်ရ ပါမလဲဆရာ။ တချို့က ပြောကြတယ် ဆရာ။ ရာသီဥတု အပြောင်းအလဲနဲ့အတူ လိုက်လျောညီထွေ ဖြစ် အောင် ပြင်ဆင်နေထိုင်ရမယ်တဲ့။ ကျွန်တော်တို့ ပြည်သူတွေ ပြောင်းလဲနေထိုင်နိုင်ပါ့မလား ဆရာ။
ဖြေ - ကမ္ဘာကြီးက သူ့ဘာသာအလိုလိုပူနွေးလာတာမဟုတ်ပါ။ ကမ္ဘာကြီးပူနွေးလာအောင်လူတွေကသာ လုပ်တာပါတဲ့။ ကျွန်တော်တို့ကိုးကွယ်ယုံကြည်တဲ့ မြတ်ဘုရားရှင်ကို သူ့ကိုယုံကြည်သူတို့ကိုသူရဲ့ စရိယ သုံးပါးကို ပြဆို အတုယူဖို့ ၁။ လောကတ္ထစရိယ- လောကသတ္တဝါတို့၏ အကျိုးငှာကျင့်ခြင်းဆိုတာ ကျွန်တော်တို့ခု ပြောပြောနေတဲ့ သစ်ပင်စိုက်တာလည်း ပါပါတယ်။ အလွယ်ပြောရင် ဗမာတို့ရဲ့ဓလေ့ သစ်ပင် ခုတ်ရင်နတ်နေကိုင်းချန်ခုတ်ထားဖို့။ သစ်ပင်ကြီး တစ် ပင်ကို အပြီးတိုင်ခုတ်လှဲရင် ထိုသစ်ပင်က ရုက္စစိုးမင်း ဘုံပျောက်မှာစိုးလို့ သစ်ပင်ငယ်တစ်ပင်ပြန်စိုက်ရတာ တို့က လောကတ္ထစရိယကို နတ်နဲ့ပြဆို လိုက်နာတဲ့ သဘာဝပတ်ဝန်းကျင်ကို စောင့်ရှောက်ခဲ့ကြတဲ့ နှစ် ထောင်ချီနေတဲ့အမျိုးသားရေးသံန္ဓိဌာန် အမူအကျင့် တွေပါ။ သည်လိုနဂိုထဲက ရှိပြီးသား အမူအကျင့် ကောင်းတွေကို ပြန်လည်ဖော် ထုတ်လိုက် နာရင် ပြည် သူတွေပြောင်းဖို့မခက်ပါ။ နိုင်ငံသားဖြစ်ပြီး နိုင်ငံသား ကတ်ပြားရဖို့ နိုင်ငံသားတွေကို သဘာဝ ဘေးလွတ်ဖို့ သင်တန်းတက်ရပြီး နိုင်ငံသားတွေကို ကလေးဘဝတည်းက ကျောင်းတွေမှာ အရပ် ထဲမှာ လုပ်ငန်းခွင်တွေမှာ ကျကျနန ဇာတ်တိုက်လေ့ကျင့်ထားတဲ့ ဂျပန်နိုင်ငံမှာဆိုရင် မြေကနေပေး လာတဲ့ ချမ်းသာခြင်းတွေကနေအမြတ်ထုတ်နိုင်ပြီး မြေကနေပေးလာမည့်ဆင်းရဲ ခြင်းတွေအတွက် ဘယ် အစိုးရတက်တက်ထိလို့မရတဲ့အထူးဘတ်ဂျက်နဲ့ ထိန်းသိမ်းထားတဲ့ ရန်ပုံငွေ ရှိပါသည်။ ကျွန်တော်တို့က အခုမှထင်ရှားပြလာတဲ့ မြေ ပြိုမှုပါ။ သူတို့ဆီမှာရိုးအီနေပါပြီ။ မြေမခိုင်အိမ်မ ဆောက်ပါ။ မြန်မာ မှာ တော့ ထိုသို့ ဘေးအန္တရာယ်တွေ အတွက် ( Before / During / After -မဖြစ်ခင် / ဖြစ်နေဆဲ/ဖြစ်ပြီး) အုပ်ချုပ်မှုကိစ္စအဝဝကို Change of Command (CoC)ချက်ခြင်းလွှဲပြောင်း လုပ်ကိုင်ပေးမည့်အဖွဲ့ကို အမြဲတမ်းမဖွဲ့ထားပါ။ မြန်မာ ကတော့အမိန့်တွေ နဲ့ Disaster Risk Reductionလုပ်နိုင်ကြဖို့ ဗဟိုအဆင့် လူစုံပါတဲ့ အဖွဲ့တွေ၊ ပြည် နယ်တိုင်းခရိုင်မြို့နယ်ရပ်ကျေးထိ သဘာဝဘေး အန္တရာယ်တားဆီး ကာကွယ် ရေး အဖွဲ့ထားပါတယ်။ ဖြစ်မှ ထလုပ်မည့်အဖွဲ့လားလို့မေးရမလိုပါ။ မြန်မာပြည်မှာစိပ်စိပ်လာနေတဲ့ သဘာဝဘေးဆိုးတွေကနေ ပြည်သူ တွေ အနည်းဆုံးသက်သာဖို့ အရပ်သားအစိုးရနှစ် ဆက်မျက်စိ လျှမ်း သွားတာက နိုင်ငံသားဖြစ်ခြင်းနဲ့နိုင်ငံသား တာဝန်များကို အခြေခံဥပဒေအခန်း(၈)မှာ ပြဋ္ဌာန်းပြီးသားပါ။ ဥပမာတစ်ခုပြောပါမယ်။ လွန်ခဲ့တဲ့သုံးနှစ်က ကိုဗစ်ကပ်ဆိုးကသက်သာဖို့မြို့အလိုက်တားဆီး ကြီးကြပ် ကန့်သတ်မိန့်တွေကို ဗဟို အဖွဲ့က (LockDown) ချပိတ်တာကိုနိုင်ငံသားတွေ မဖြစ်မနေလိုက်နာ ရပါ တယ်။ ထိုအမိန့်ကိုအတည်ပြု လိုက်နာဖို့စီမံကွပ်ကဲရတဲ့ဌာနက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဖြစ်နေ ပြီး ထိုဌာနရဲ့အောက်ခြေအကျဆုံးအုပ်ကြီးတို့မှာတော့ အဆိုပါတားမြစ်မိန့်ကို ဖော်ဆောင်ဖို့ ရပ်ကျေး အုပ်ကြီး လက်စွဲကမထုတ်ရသေးပါ။ ကျွန်တော်တို့ရန်ကုန်တိုင်းက Operation COVID 19 Respond Taskforce ညှိနှိုင်းပေါင်းစပ် အဖွဲ့က ပြည်ထဲရေး ပြည်ထောင်စု ဒုတိယဝန်ကြီးကို ဖုန်းဆက်တင်ပြ တိုက်တွန်းမှ နေပြည်တော်က အုပ်ကြီးများလက်စွဲ စတင်ထုတ်ဝေတာမျိုးပါ။ အခုထိ လည်း ခရိုင်နဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးလက်စွဲများ ထွက်မထွက်မသိရသေးပါခင်ဗျာ။
မေး - ရေကြီးတာကိုကော တားလို့ ရနိုင်ပါမလား ဆရာ။ ဆိုလိုတာက ရေမကြီးအောင် ဘာတွေများ လုပ်လို့ ရနိုင်ပါမလဲ ဆရာ။ မြန်မာနိုင်ငံရဲ့ သဘာဝ ဘေးတွေထဲမှာ ရေကြီးတာက ပုံမှန်လိုလို ဖြစ်လာ နေပါတယ် ဆရာ။ ဒီဘေးကို ကာကွယ်ဖို့အတွက် ဘာများ ပြင်ဆင်ရပါမလဲ ဆရာ။
ဖြေ -ရန်သူမျိုးငါးပါးမှာ ရေကထိပ်ဆုံးမို့ ကြိုတင်ကာ ကွယ်ခြင်းနဲ့ အန္တရာယ်လျှော့ချမယ့် နည်းလမ်း ပညာတွေ သိထားရပါမယ်။ အပေါ်ကအဖွဲ့တွေဖွဲ့ထားပြီး သဘာဝဘေးကျမှရေကြီးမှအလှူထခံပြီး ရသမျှနဲ့ ထကယ်လုပ်တာထက် မူလကတည်းက ရေကြီးနိုင်တဲ့ နေရာတွေမှာကို ပြည်သူ့ရေးရာ စီမံခန့်ခွဲ သူတွေက ဂျပန်လိုမျိုး Geospatial Information Authority of Myanmar (GSI)ပထဝီနဲ့အာကာသ သတင်းအချက်အလက်ဆိုင်ရာ အမျိုးသားအာဏာပိုင် အဖွဲ့(မြန်မာ)အမြဲတမ်းဖွဲ့ထားပြီး နိုင်ငံသား တာဝန်အရကို တိကျစွာလိုက်နာကြရပါမယ်။ ပြီးခဲ့တဲ့တစ်လက မြန်မာ့တမံကြီးများ ကော်မတီဆိုလား ဥပဒေ မပါတဲ့ အရပ်ဘက်အဖွဲ့လိုလိုတစ်ခု သတင်းစာကနေ မြစ်များ ကျန်းမာရေးလုပ်မလို့ ပြောဆို နေတာ မြင်ရပါတယ်။ ထိုပါသူများကို သုံးသပ်တော့ လျှပ်စစ်စွမ်း အင်ဆည်များနဲ့ပတ်သက်သူတွေက ကြီးစိုးနေတာ မြင်ရပါတယ်။ ထိုသို့မဖြစ်သင့်ပါခင်ဗျာ။သည်နေရာမှာ ဆည်နှစ်မျိုးသာရှိပါတယ်။ လျှပ်စစ်စွမ်းအင်ဆည် နဲ့စိုက်ပျိုးရေးတွက် ရေမပြတ်ဖို့ရေလှောင်ဆည်ပါ။ Geospatial Information Authority of Myanmar သာဖွဲ့ထားပြီး သီးခြားဘတ်ဂျက်နဲ့လုပ်ရင်ရပါပြီခင်ဗျာ။ မိုးလေဝသတင်းသာ သိတဲ့နိုင်ငံသားကနေ ရေဘေးလွတ်အောင် ရှောင်တတ်ပြီး မြေမပြိုနိုင်တဲ့မြေကြီးပေါ်အိမ်ဆောက်နေ တတ်တဲ့ မြန်မာနိုင် ငံကြီးသားတွေပေါ်ထွန်းလာဖို့ အသိပညာတွေ အမြဲတမ်းလိုလိုမူလတန်း အဆင့် ကနေ စတင်ပြီး လုပ်ထားရပါမယ်။ အမျိုးသားအဆင့်လမ်းမကြီးတွေပေါ်ရေမကျော်အောင် လမ်းမကြီး မပျက်စီးဘဲ ဆက်သွယ် ရေးမပြတ်တောက်အောင် လမ်းမကြီးများတစ်လျှောက် ကီလိုမီတာ (၅၀)တိုင်း မှာ ရေကြီးသိုလှောင်ကန် (Flood Water Storage Area) ကြီးတွေ ဖော်ဆောင်ထားရပါမယ်။ အာဆီယံအဖွဲ့ဝင် ဗီယက်နမ် နိုင်ငံမှာ အဲဒီလိုရေသိုလှောင်ကန်ကြီးတွေ အမျိုးသား လမ်းမကြီးများ တလျှောက်တူးထားပါတယ်။ မြစ်များ ကျန်းမာရေးကောင်းအောင်က ခုနကတင်ပြခဲ့တဲ့ ကျစ်ဆံမြီးဧရာဝတီမှာ အသေးစိတ်လေ့လာနိုင်ပါတယ်။
မေး - မြန်မာနိုင်ငံအနေနဲ့ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုတွေ ရှိနေတယ်ဆိုရင် ပြန်ပြီးကုစားဖို့ ဘယ် လောက် အချိန်ယူရပါမလဲ ဆရာ။
ဖြေ - ဒီမေးခွန်းကိုဖြေဖို့ဆရာကြီးဦးရွှေအောင်ရဲ့ ထေရဝါဒအုတ်မြစ်စာအုပ်စာမျက်နှာ(၂၀)မှာပါတဲ့ စာပိုဒ်လေးတစ်ခုနဲ့စဖြေချင်ပါတယ်ဗျာ။ စာကတော့ “ငါကိုရှေ့တန်းတင်မည်လား၊ လောကကိုရှေ့တန်း တင် မည်လား” ဆိုတဲ့ခေါင်းစဉ်အောက်ကပါ။ စာရဲ့ အကျဉ်းချုပ်ကတော့ “အသင်္ချေသတ္တဝါအုပ်စုတွင် တစ်ခုအဖြစ်ပါဝင်ခဲ့ရသောလူ(မြန်မာနိုင်ငံသားအပေါင်းတို့)တို့သည်လောက၏ (နိုင်ငံတော်နှင့် နိုင်ငံသား တို့၏)အကျိုးစီးပွားဖြစ်ထွန်းစေရန် တကယ်တမ်းရိုးရိုးသားသား ဆောင်ရွက်ချင်ရိုးမှန်လျှင်၊ ‘ငါ’ ကို ရှေ့တန်းတင် မည်လော၊ လောကကိုရှေ့တန်းတင်မည်လော၊ မေးကြပါ။ မေးခွန်း များ၏အဖြေကို မိမိ ဘာသာ မိမိဖြေရန်သာ ဖြစ်ပါ၏။ယနေ့မြန်မာပြည်ရဲ့ဗုဒ္ဓသာသနာတော်မှာသက်ဝင် ယုံကြည်သူတိုင်း ယုံကြည် လက်ခံထားတဲ့ လောကသုံးပါးမှာ သဘာဝပတ်ဝန်းကျင်ကြီးကို သကြာသလောကလို့ လက်ခံ ပြီးသားပါပဲ။ လောက ကို စောင့်ရှောက်ဖို့က ဗုဒ္ဓသာသနာတော်မှာသက်ဝင် ယုံကြည်သူတိုင်းအတွက် သန္နိဋ္ဌာန်တစ်ရပ်အနေနဲ့ လက်ခံလုပ်ရမယ့် ပဓာနအရှိတရားတွေပါပဲခင်ဗျာ၊ ဒါကိုအနောက်တိုင်းကဆရာ တွေက ကမ္ဘာကြီးကို ရာစုချီ ကိုလိုနီပြုပြီး အားရပါးရအနိုင်ကျင့် သဘာဝ သယံဇာတတွေကို အကန့် အသတ်မဲ့ ထုတ်ယူသုံးစွဲကြ ပြီးမှ ကျွန်တော်တို့ကို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုပြီး ဆရာ ပြန် လာလုပ်ကြတာပါ။
မေး - ကျွန်တော်တို့ နိုင်ငံအနေနဲ့ ရေကြီးခြင်း ဘေးလိုမျိုး သဘာဝဘေးကနေ ကျော်လွှားနိုင်ဖို့ရာ ဒါမှ မဟုတ် ရေမကြီးဖို့ရာ လုပ်သင်တဲ့အချက်တွေထဲ အရေးကြီးဆုံးက ဘာများဖြစ်မလဲဆရာ။
ဖြေ - အရေးအကြီးဆုံးကတော့ မြစ်ချောင်းများကို ပြုပြင်ထိန်းသိမ်းဖို့အလုပ်ပါပဲ။ အပေါ်က ပြောခဲ့သလို ပေါ့ ဗဟိုအဆင့်က အမြဲတမ်းကြိုတင်ပြင်ဆင် ထောက်လှမ်းနေတဲ့ စနစ်တစ်ခုကို နိုင်ငံသားပြည်သူတွေ နဲ့ အမြဲထိတွေ့နိုင်တဲ့ ပထဝီနဲ့အာကာသဆိုင်ရာ သတင်းအချက်အလက်စနစ်များကို သာမန်အချိန်မှာပဲ ဖြစ်စေ၊ အရေးပေါ်ကာလမှာပဲဖြစ်စေ အမြဲတမ်း သတိပေးစနစ်ထိတွေ့မှုပေးနိုင်ရပါမယ်။ ဒါကို လည်း ပြည်သူ့ထောက်ခံမဲနဲ့ နောင်တက်လာမယ့် နိုင်ငံရေးသမားတွေ ပါတီတွေကလည်း ကျကျနနရှင်းရှင်း လင်းလင်း မလိုအပ်တဲ့စိုးရိမ်စိတ်တွေနဲ့မချဉ်းကပ်ဘဲ အမှန်တိုင်းချပြပြီး ပြည်သူ့အသက်ဘေးတွေက လွတ်အောင် နိုင်ငံတော်နဲ့နိုင်ငံသားတို့ရဲ့ အကျိုးစီးပွားကိုသာဦးထိပ်ထားပြီးဆောင်ရွက်ကြဖို့ပါပဲ ခင်ဗျာ။
မေး - ဆရာခင်ဗျား လာမည့် အရေးပေါ်ကာလတွေ မှာလည်း သဘာဝဘေးအတွက် ကြိုတင်ပြင်ဆင် သတိပေး ရှောင်ရှားနိုင်ဖို့ မြန်မာနိုင်ငံမှာ လိုအပ်နေတဲ့ Geospatial Information Authority of Myanmar နဲ့ ပတ်သက်လို့ အခုဘာစလုပ်သင့်လဲ ခင်ဗျာ။
ဖြေ - ဘီလျံချီရတဲ့ ငွေတွေထဲကနေ အခု ရေမြုပ်ခံရ တဲ့ နေရာဧရိယာတွေ (တစ်ခါရေမြုပ်ဘူးရင်နောက် တစ်ခါထပ်ဖြစ်ဖို့သေချာတဲ့ မြေပုံတွေကို ကြိုထုတ် လေ့လာ သတိပေးနိုင်မယ့်ဧရိယာ)ကို အမြဲတမ်း စောင့် ကြည့်မယ့်အဖွဲ့ တစ်ခု။ နောက်ထပ်ရေဘေးတွေထပ် ဖြစ်လာရင် ကြိုတင်ရှောင်ရှားနိုင်ကြဖို့ အချိန်နဲ့တစ် ပြေးညီ သတိပေးနိုင်တဲ့ Geospatial Information Authority of Myanmar မြန်မာ့ ပထဝီနဲ့အာကာသ သတင်းအချက်အလက် အာဏာပိုင်အဖွဲ့လို လွတ်လပ်ပြီး ဥပဒေနဲ့ညီညွတ်တဲ့ ပညာရှင်တွေစုစည်းနိုင်ဖို့ အခုရတဲ့အလှူငွေတွေကနေ (၃)ရာခိုင်နှုန်းလောက် ငွေပဒေသာပင်လေး စိုက်ထူထားဖို့လိုမယ်ထင်ပါတယ်။
ကျေးဇူးတင်ပါတယ်ခင်ဗျာ။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
AA လက်အောက်ရောက် ရခိုင်မြို့တွေမှာ ဘာတွေဖြစ်နေလဲ
RELATED POSTS
03 Oct 2024 | အင်တာဗျူး,ပြည်တွင်း