AA လက်အောက်ရောက် ရခိုင်မြို့တွေမှာ ဘာတွေဖြစ်နေလဲ
သုတကျော် (NSS) - စက်တင်ဘာ ၂၆
ရခိုင်ပြည်နယ်ရှိ AA ထိန်းချုပ်ရာနေရာများမှ အခြေအနေကို ပြည်မတွင်နေသူများ အသေးစိတ်သိရှိရန် ခက်လှသည်။ ဆက်သွယ်ရေး ပြတ်တောက်နေသောကြောင့် ရခိုင်ပြည်နယ်မှ ပြည်သူများ၏ အခက်အခဲများကို တစုတ စည်းတည်း သိရန်မှာ မလွယ်လှပေ။ မိုးထိမြင့်သော ကုန်ဈေးနှုန်း၊ ဆေးဝါးရှားပါးမှု၊ လုံခြုံမှုစသည်ဖြင့် အခြေအနေ များနှင့်ပတ်သက်၍ အသေးစိတ်မေးမြန်းသိရှိထားသူ ရခိုင်တိုင်းရင်းသား သတင်းရင်းမြစ်တစ်ဦးထံ The Statesman Journal မှ မေးမြန်းထားသည့် အချက်အလက်များအား NP News က ထုတ်နုတ်ဖော်ပြအပ်ပါသည်။
မေး - ရခိုင်ပြည်နယ်မှာ AA လက်အောက်က ဒေသတွေရဲ့ လက်ရှိ ကုန်သွယ်ရေး အခြေအနေကို သိရပါစေ။
ဖြေ - ခက်ခဲသွားတယ်။ အခုဘယ်လို ပြောရမလဲဆို သတင်းက လုံးဝအမှောင်ကျသွားတယ်။ အမှောင်ကျသွားတော့ တချို့ကတော့ အဆင်ပြေနေပြီ ဘာညာဆိုပြီး ပြောကြတယ်။ ဒါပေမဲ့ တကယ် ဖုန်းအဆက်သွယ်ရတဲ့သူတွေကို မေးကြည့်တဲ့အခါ ကုန်သွယ်ရေးက ဘယ်လို ဖြစ်သွားလဲဆိုတော့ ဥပမာ ကျွန်တော် ပြောပြမယ်။ သံတွဲမြို့မှာ နံပါတ်တစ် အချက် ဖုန်းတစ်ခါခေါ်ဖို့ ငွေခြောက်သောင်းကုန်တယ်။ မြို့ထဲလိုနေရာက ဖုန်းဆက်လို့မရတော့ ဖုန်းခေါ်မယ့်နေရာ ဆိုတာ သံတွဲမြို့နဲ့ဆိုရင် ကျောက်ဖြူမော်ရွာတို့ ဆိုတာရှိတယ်။ ဆိုင်ကယ်နဲ့သွားရင် ဆိုင်ကယ်တစ်စီးဆိုရင် ဓာတ်ဆီ တစ်လီတာဘူး တစ်ဘူးက အသွားတစ်ခါ ၊ အပြန်တစ်ခါ ထည့်ရတယ်။ နှစ်လီတာပေါ့။ တစ်လီတာကို နှစ်သောင်းခွဲ ရှိ တယ်။ အသွားအပြန် ငါးသောင်းဗျ။ သွားတာနဲ့ စားတာ၊ သောက်တာနဲ့ ဖုန်းဘေလ် ဝယ်တာဆို ခြောက်သောင်းပဲ။ အဲဒီရွာရောက်ရင်တောင် ချက်ချင်း ခေါ်လို့မရသေးဘူး။ လူတွေများနေရင် လိုင်းမမိ တာရှိတော့ ကွင်းပြင်ကျယ်ကြီးကို ထွက်ခေါ်ရတယ်။ ဒီရာသီက မိုးရာသီဗျာ။ သိတဲ့အတိုင်းပဲ ကွင်းပြင်ကျယ်က မိုးကြိုးပစ်မှာ ကြောက်ရတယ်။ နောက် တစ်ခါ တောင်ကုန်းတွေပေါ် တက်ရတယ်ဗျာ။ တောင်ကုန်း အမြင့်ပေါ်တက်ပြောမှ လိုင်းမိတဲ့ အခြေအနေရှိတော့ ဖုန်းပြောပြီးတော့ ကုန်ပစ္စည်းရဖို့ အရေး ပြောရတာဆိုတော့ ပစ္စည်းရရင်တောင် ဈေးက အများကြီးတက်တာ။ ဒါက သံတွဲကို ဥပမာပေးပြီး ပြောတာပါ။ ကူးသန်းရောင်းဝယ်ရေး ကောင်း၊ မကောင်းကတော့ ဒီဟာ တစ်ခုတည်းကိုပဲ ကြည့်ရင်တောင် သိနိုင်ပါတယ်။
မေး - လျှပ်စစ်မီး အခြေအနေကကော ဘယ်လိုရှိပါသလဲ။ လျှပ်စစ်မီးနဲ့ စီးပွားရေး၊ ကုန်သွယ်ရေးက ဆက်စပ်နေ တာဆိုတော့ မြေပြင်မှာ ဘယ်လို အခြေအနေရှိပါသလဲ။
ဖြေ - လျှပ်စစ်မီးမရဘူး။ အခုထိ လျှပ်စစ်မီး မရတဲ့အတွက်ဖြစ်တဲ့ ပြဿနာက အလုပ်လုပ်တဲ့အပိုင်းမှာ ခက်ပြီပေါ့။ အခြေခံအကျဆုံးတွေခက်ပြီ။ လျှပ်စစ်မရှိ၊ နောက်တစ်ခုက ကုန်ပစ္စည်းက လမ်းကြောပိတ်ထားတယ်။ ပစ္စည်းက မရောက်။ နောက်တစ်ချက်က ရေကြီးတာတွေရှိတယ်။ ရေကြီးတော့ ကုန်ပစ္စည်း လိုလာတယ်။ ဆိုင်တွေထဲကို ရေတွေ ဝင်တယ်။ ရန်ကုန်ကလည်း ကုန်ပစ္စည်းမရောက်တဲ့အခါ ကုန်သွယ်ရေးက မလည်ပတ်ဘူး။ ဖုန်းတွေကလည်း မရဘူး ဖြစ်နေတာ။ နောက်တစ်ချက်က ပြောရရင် ငွေအလွှဲ၊ အပြောင်းလည်း ခက်တယ်။ ကျွန်တော်သိတာက ဒီမှာ ဘဏ်တွေ မရှိတော့ဘူး။ လုံခြုံရေး အခြေအနေကြောင့် ဘဏ်တွေကလည်း ကြောက်လန့်ပြီး ထွက်သွားတော့ ကျွန်တော် သိသ လောက်ဟာ ကြားတဲ့ဟာနော်။ ငွေလွှဲမယ်ဆိုရင် ရာခိုင်နှုန်း (၃၀) အထိ ဖြတ်တယ်။ (၃၀) နော် (၃) ရာခိုင်နှုန်းတောင် မဟုတ်ဘူး။ ကျွန်တော့်ဆီကနေ ငွေတစ်ထောင် လွှဲတယ်ဆို သုံးရာ ကျွန်တော်ယူတယ်။ ခုနစ်ရာပဲ ရောက်တာဗျ။ ဒါထားပါတော့ ကျွန်တော်နဲ့ ရင်းနှီးတဲ့ သူတစ်ယောက်ရှိတယ်။ သူက ရန်ကုန်မှာရှိတယ်ဆိုရင် ကျွန်တော်က ယုံကြည် စိတ်ချစွာနဲ့လွှဲမှသာ ဖြတ်မရတာ။ အဆင့်ဆင့် လွှဲမယ်ဆိုရင် အဲ့ဒီလိုယူတယ်။ ယူတဲ့အပြင် ကျွန်တော် က ရန်ကုန်ကနေ လွှဲပေးတယ်ထားဦး။ ငါ့မှာတော့ K pay ရှိတယ်။ ယူမယ်ဆို ငါလွှဲပေးမယ်ဆိုရင် တောင် ထုတ်ပေးမယ့်သူမှာ အဲ့ဒီလောက် ငွေသား မရှိဘူး။ ငွေသားခန်းနေတယ်။ ပြီးတော့ ကျွန်တော်ရှေ့မှာ ပြောခဲ့သလို လျှပ်စစ်မီးမရှိတော့ ဖုန်းအားက အချိန်တိုင်းမရှိဘူး။ အဲဒီလိုဆိုတော့ နံပါတ်တစ်က ဘာထပ်ဖြစ်လဲ ဆိုတော့ ဖုန်းအားမရှိတော့ ဒီဂျစ်တယ် မန်းနီးက လည်း ပြဿနာတက်ပြန်ကော။ ဒီအချက်တွေကို ပေါင်းစုံပြီး စဉ်းစားရင် ဖြေပြီးသားတောင် ဖြစ်တယ်။ စီးပွားရေးက ဘယ်လိုလုပ် လည်ပတ်တော့မှာလဲ။
မေး - လက်ရှိမှာ ကျွန်တော်တို့သိရတဲ့ အနေအထားအရ ရခိုင်အတွက် ကုန်စည်တွေက အိန္ဒိယဘက်က ဝင်တယ်လို့ သိရတယ်။ နောက်တစ်ခုက ရန်ကုန်ကနေလည်း ဝင်တယ်နေလို့ သိရပါတယ်။ လက်ရှိအခက်အခဲတွေက ဘယ်လို ရှိပါသလဲ။ ရန်ကုန်က ကုန်စည်တွေဝင်ဖို့က လွယ်ရဲ့လား။
ဖြေ - ဘဏ်တွေကအစ မရဘူးဆိုရင် ရန်ကုန်က ကုန်စည်ဒိုင်တွေက တစ်ကြိမ် နှစ်ကြိမ်ထက် ဘယ် သူမှ ပိုမချပေးဘူး။ အဲ့ဒီလိုဟာတွေကြောင့်ပါ။ ကုန် ပစ္စည်း ဈေးနှုန်းက အရမ်းတက်တာ ဆိုတော့ ဟို ဘက်က လူတွေကလည်း ဝယ်စားဖို့က အရမ်း ခက်တယ်။
မေး - ကုန်ဈေးနှုန်း ကြီးမြင့်တာဟာ ရခိုင်ပြည်နယ်က ပြည်သူတွေအတွက် ဘယ်လို အခက်အခဲတွေ ရှိပါသလဲ။
ဖြေ - သက်ရောက်မှု ကြီးတယ်။ ဒီ လူတွေအားလုံး ငွေလိုနေတာ ရှိတယ်။ ငွေကြေး ဖောင်းပွမှုကလည်း ခုနကရှေ့မှာ ပြောတဲ့ရာခိုင်နှုန်း ဖြတ်တောက်တာနဲ့ ပေါင်းရင် ကုန်ဈေးနှုန်းက ဒီမှာ တစ်ဆဆို ဟိုမှာက နှစ်ဆလောက် မြင့်တက် နေတာ။ မြင့်တက်နေတော့ အကျိုးသက်ရောက်မှုက ပြည်သူက လက်ထဲမှာ ငွေသား ရှားပါးလာတယ်၊ ဘဏ်လိုဟာမျိုး မရှိဘူး။ နောက်တစ်ချက်က လိုချင်တဲ့ ပစ္စည်းတိုင်းကို ဝယ်လို့ မရဘူး။ နောက်တစ်ခုက ကိုယ်က ရခိုင်က ဖြစ်တယ် ဆိုရင် စစ်ဆေးမေးမြန်းတာလည်း များလာတယ်။ စိတ်မချတဲ့သူကို ပြန်လွှတ်တာတောင် ရှိလာတယ်။ ဒါကြောင့် သူတို့ အတွက် နောက်ဆုံး ဝယ်လို့ရရင် တောင် ရေနံ့သာ လောက်က ပစ္စည်းတွေတွေ့သမျှ ဝယ်၊ ဝယ်ပြီးရင် ပြန်ပေါ့။ ရေနံ့သာနဲ့ နီးတဲ့သူ တွေက ဂွမြို့တို့၊ သံတွဲမြို့တို့ကို လာပြီး ပြန်ရောက်တာရှိတယ်။ အဲ့ဒီမှာတင် ခရီးစရိတ် ဘာညာက မြင့်တက်နေပြီလေ။ ဒါက ဥပမာပေါ့။ သက်ရောက်မှုက ကြီး သွားတာပေါ့။ အခုက ပါးစပ်က ဈေးပဲ ဖြစ်သွားတာ။ ကြိုက်ရောင်း ကြိုက်ဝယ် ဖြစ်သွားတယ်။ ကျွန်တော်တို့ ကုန်ပစ္စည်း ထွက်တယ်ဆိုရင်လည်း ဖြုန်းမယ့်သူ လိုတာလေ။ အခုဒေသက ထွက်တယ်ပဲ ထား ဖြုန်းမယ့်သူ မရှိဘူး။ ဒေသကထွက်တာကို မှီတင်းပြီးတော့ စားနေကြတာပေါ့။ တချို့နေရာတွေမှာက လေယာဉ် တွေ လာတာလည်း ရှိသေးတယ်လေ။ စိုးရိမ်ထိတ် လန့်မှုတစ်ဝက်ရယ် ကုန်ပစ္စည်းစီးဆင်းမှုမရှိတဲ့အတွက် ဝယ်စားလို့မရ တာ အများကြီးရှိတယ်။ ဝယ်မယ် ပိုက်ဆံသုံးမယ်ဆိုရင် အနည်းဆုံးနှစ်ဆပဲ။ အခုလက်ရှိ ရခိုင်ပြည်နယ်မှာ ကုန်ဈေးနှုန်း အခြေ အနေက ကြည့်ရင် ရောင်းတဲ့သူကလည်း ဈေးကို တင်ချင်သလို တင်တယ်။ ဈေးက မှန်းဆလို့ မရဘူး။ ရွာတွေမှာ ဆိုရင် နွားရှိရင်နွားပေါ်စား၊ ကြက်ရှိရင်ကြက်ပေါ်စား၊ ရာသီအလိုက်ပေါ်တဲ့ အသီးအရွက်ကိုစားနေတာကပဲ လည်ပတ်မှု လို့ ပြောရမယ်။ ဒါက အရောင်းအဝယ် မဟုတ်ဘူး။ ကိုယ့်ဒေသမှာ ထွက်တာရယ်၊ မွေးမြူတာရယ်ကို စားတာလေ။ အရောင်း အဝယ်ကတော့ ခန်းသလောက် ဖြစ်နေပြီ။
မေး - ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ AA ရဲ့ အရပ် ဘက် အုပ်ချုပ်ရေး အောင်မြင်တယ်ထင်လား။
ဖြေ - ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ အုပ်ချုပ်မှု အောင်မြင်သလားလို့ မေးရင် ရခိုင်မြောက်ပိုင်းက လူတွေ မင်းဘူးဘက်ကို ရသလောက် ပြေးနေလဲဆိုတာပဲ မေးတော့မယ်။ သူတို့ဘက်က ရန်ကုန်ကို တက်လာဖို့ မလွယ်ဘူး။ မင်းဘူးကနေ အဆင်ပြေ တာကိုသွား။ ‘‘မင်းဘူးမှာ မနေနိုင်ရင် စေတုတ္တရာတို့ ငဖဲတို့ ဆင်ဖြူကျွန်းဘက်ကို ဆင်းပြီးနေမယ်။ ဘာ ကြောင့်လဲဆိုတော့ ရန်ကုန်ရဲ့ စရိတ်ကို ငါတို့မတတ်နိုင်ဘူး အဲဒီလိုတွေ ပြောကြတယ်။ ကားရတဲ့သူက ကားနဲ့တချို့က လည်း တောကိုဖြတ်ပြီးတော့ သွားကြတယ်ပြောတယ်။ အဲဒီလိုသွားတော့ မင်းဘူးကို တည်ပြီးတော့ သွားတယ်တဲ့။ ရောက်ရင် မင်းဘူးမှာ နေလို့ရလား ကြည့်တယ်။ မရရင် မကွေးမှာတော့ ရပ်ကွက်တွေ ရှိတယ်။ အဲဒီလိုဟာမျိုးတွေမှာ နေလို့ မရတော့ဘူးဆိုရင် လိုင်းကားတွေနဲ့ စေတုတ္တရာတို့ ဘက်ထွက်သွားတယ်။ သူတို့အုပ်ချုပ်တာ အောင်မြင်တာ၊ မအောင်မြင်တာကို အဲဒါနဲ့ တွက်လို့ရတယ်။ သူတို့ဆီကနေ တဖွဲဖွဲထွက်နေတာပဲ။ ဒါပေမဲ့ သတင်းသည် သူတို့ ဘက်မှာ လည်း အမှောင်ကျနေတယ်။ လေယာဉ် လက်မှတ်ပဲကြည့်။ စစ်တွေကို လေယာဉ်ကွင်းဆင်းတယ်သာပြောတာ လေယာဉ်လက်မှတ်ကို ဘယ်နှယောက်က (ရခိုင်မှာ) ဆင်းတယ် ကြားသေးလို့လဲ။ ဘယ်နှယောက် ဝယ်စီးတယ် ကြားလို့ လဲ။ အုပ်ချုပ်ရေးစနစ်ကို ကြိုက်တာ၊ မကြိုက်တာ သူတို့ ပြောခွင့်မရှိဘူး။ ဘယ်နေရာ လုံခြုံမလဲဆိုတာ ပြေးနေရတယ်။ အားလုံးက အုပ်ချုပ်တဲ့စနစ်က အသက်ဝင်တယ်လို့ ပြောလို့မရဘူး။ ရမ်းဗြဲ ဆိုရင် ပြိုသွားတာကိုး။ အခုချိန်အထိ ရမ်းဗြဲသတင်း ဘာမှမကြားဘူး။ အဲဒီက လူတွေ တောင် ဖုန်းအဆက်သွယ် မရတာအများကြီးပဲ။ နီးစပ် တဲ့သူတွေကို မေးကြည်လိုက်တော့လည်း မြို့က အဲ့ဒီ အတိုင်းပဲ ပျက်တုန်းပဲ။ သူက ဆရာလား ကိုယ်က ဆရာလား မသိဖြစ်နေတာကို သူတို့ပြောလို့ ကျွန် တော်တို့ ကြားရတယ်လေ။
မေး - သူတို့ အုပ်ချုပ်ရေးမှာ ဘယ်သူ့ ဆရာခေါ်ရမှန်း မသိ ဖြစ်နေတာလား။
ဖြေ - ဆရာများနေတာ။ သူတို့ (AA)အုပ်ချုပ်ရေးမှာ သူတို့ ကိုယ်တိုင်ကိုက သူတို့နဲ့ အဆင်ပြေတဲ့သူကို ရွာမှာ အုပ်ချုပ်ရေးဖွဲ့ပြီး တင်ပေးခဲ့တာ ရှိတယ်။ မြို့မှာ ကျတော့လည်း ခွာသွားကြတယ်ဗျာ။ အဲဒီတော့ ရှိတဲ့သူ ဆွဲထည့်တာ။ ကောင်းတဲ့သူ ပါရင်ကောင်း၊ မကောင်းတဲ့သူ ပါရင်တော့ မကောင်း အများကြီး ဖြစ် နေတာ။ မကောင်းတဲ့သူတွေ ပါတဲ့မြို့ ဆိုရင်လည်း မကောင်းတာ အများကြီးပဲတဲ့။ ခံရတဲ့ ဖြစ်စဉ်တွေပေါ့။ အိမ်ကနေ ဘယ်လောက် ပေးရမယ်ဆိုပြီး လာ ကောက်တာတွေလည်း ရှိတယ်လို့ ပြောတယ်။
မေး - ရခိုင်ပြည်နယ် မြောက်ပိုင်း ပြန်လည် ထူထောင်ရေးက မြန်မြန် အကောင်အထည် ဖော်နိုင်မယ် ထင်လား။
ဖြေ - အစ်ကိုလည်း အများကြီး ဖြတ်သန်းခဲ့တာပဲ။ ကျွန်တော်တို့တွေလည်း ဖြတ်သန်းခဲ့တဲ့ ကာလ တစ် ခု ရှိတာပဲလေ။ ဒီကာလတွေမှာ ရေတိုနဲ့ တည်ထောင်တဲ့ ဥစ္စာအားလုံးက လက်ပူတိုက်လို့ပဲ ရတာလေ။ အစ်ကိုလည်း အများကြီး မြင်ခဲ့ဖူးတာပဲ။ ကျွန်တော်တို့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲဆိုပြီး လုပ်ကြတယ်။ တစ် ဖက်နဲ့ တစ်ဖက် အပစ်ခတ်ရပ်သွားပြီ လုံးဝ မရှိတော့ ဘူး ဆိုရင်လည်း အဲ့ဒီလူတွေ လုံးဝ ငြိမ်းချမ်းသွားတာ ငါးနှစ်လောက်ပဲ မြင်ဖူးတယ်။ ပြီးရင် သူတို့ဘာသာ ပြန်ချကြရင် ပြန်ပြိုတာပဲလေ။ ပြန်ထိကြတာပဲ။ ဒီ နေရာကို တော်ကြာ ပြန်လည် ထူထောင်ရေး လုပ် မယ်ဆိုရင်လည်း အခု ဟာတွေက ရေတိုပဲ မြင်တယ်။ ပြီးတော့ စနစ်အသက်ဝင်ဖို့အတွက် အုပ်ချုပ်ရေး ယန္တရား အသက်ဝင်ဖို့ အတွက်က ပြည်နယ် အနေနဲ့ ဆို အများကြီး လုပ်ရမှာ။ အခု ကျွန်တော်တို့ကြားက တစ်မြို့စီတောင် ရမ်းဗြဲမှာ တစ်နည်းဆို ကျန်တဲ့ မြောက်ဦး၊ သံတွဲ စသည်ဖြင့် မြို့တွေမှာ တစ်နည်း အုပ်ချုပ်ရေးက အဲ့ဒီလို မြို့တွေမှာ နည်းတွေက မတူ ကြဘူး။ အဲဒါက စနစ်ကြီးတစ်ခု အသက်ဝင်တာ မဟုတ်ဘူး။ အုပ်ချုပ်ရေး တစ်ခု အသက်ဝင်တာ မဟုတ်ဘူး။ ဘာပဲ မြင်လဲဆိုရင် မြို့ပြ အုပ်ချုပ်ရေးလို့ မြင်တယ်။ မြို့ပြ အုပ်ချုပ်ရေး စနစ်ပေါ့ ဒီမြို့ကိုသွားရင် ဒီပေါ်လစီ အဲဒီလိုမျိုးတွေပဲ အဖြစ်များတယ်။ တချို့မြို့တွေကျတော့လည်း ငါတို့မြို့က ကောင်းတယ်။ ဆက်ကြေးကောက်တာလည်း မရှိဘူးပြောတယ်။ တချို့မြို့ကျ တော့လည်း ငါတို့ကျ တစ်အိမ်ဘယ်လောက်ပေးနေရတယ်လို့ ပြောတယ်။ သူတို့အချင်းချင်းကြားထဲမှာကို ကွဲနေတာ တွေက အများကြီးဖြစ်နေတာ။ အဲ့ဒီလိုဆိုတော့ အုပ်ချုပ်ရေး စနစ်က တစ်မြို့နဲ့ တစ်မြို့ မတူဘူး။ လက်ပူတိုက်လို့ ကုန် သွယ်ရေး အထိုင်ကျရင်တောင် ဒါတွေကို မပျက်စီးဖို့အတွက် အာမခံပေးချက်ပေးမလဲပေါ့။ ငါတို့ဆီ စီးပွားရေး လာလုပ် ပါ’’ မတိုက်အောင် အာမခံချက် ပေးမယ်ဆိုတာမျိုးကတော့ လိုဦးမယ်။ ကျွန်တော် ကြားသလောက်ကတော့ တစ်ရွာ တစ်ပုဒ်စီ ဖြစ်နေတယ်။
မေး - AA ပြောနေတဲ့ Confederate ဆိုတာ ရခိုင်ပြည်နယ်မှာ အလုပ်ဖြစ်မယ်ထင်လား။
ဖြေ - အခု တိုက်ပွဲဖြစ်တဲ့အထဲမှာ ရခိုင်တစ်ခုတည်း Confederate လို့ ပြောတယ်။ ကျန်တဲ့သူတွေကတော့ ဖက်ဒရယ်လို့ ပြောနေတယ်။ အဓိကတော့ Confederate ဆိုတာ ဝ ကို အားကျတယ်ဆိုတာက လူတစ်ယောက် ဆိုပါတော့။ ကျွန်တော် က အစ်ကို့ကို အားကျတယ်ဆိုရင် အစ်ကိုလုပ်ထားသလောက်ရဲ့ လေးပုံသုံးပုံက ကျွန်တော့်ဆီရှိသလားဆိုတာ တွေး ရမှာ။ အဲဒီမှာ ဝ ရှိတာရဲ့ လေးပုံသုံးပုံရှိသလား မေးရမယ်။ နံပါတ်တစ် လက်နက်၊ နံပါတ်နှစ် တပ်သားအင်အား၊ နံပါတ်သုံး ပြန်လည်ထူထောင်မယ့်ဟာ၊ နံပါတ်သုံးနောက်ကနေ ပံ့ပိုးမယ့်နိုင်ငံ။ ပြီးတော့ လိုအပ်လာတဲ့ ငွေကြေးကို အာမခံချက်ထားလို့ ရမယ့်နေရာ။ နောက်မြို့တော်။ ‘ဝ’ မူကို ယူတာသည် ကျွန်တော်ပြောတာက သူ့ တိုးတက်နေတာက တပိုင်းပေါ့။ ‘ဝ’ မူထဲက မကောင်းတာတွေလည်း ပါတယ်လေ။
လောင်းကစားတွေလည်း အများကြီး။ တခြားဟာတွေလည်း အများကြီးလေ။ ဒီထဲက ငွေဝင်တယ်လေ။ ဒါဆိုရင် ရခိုင်ထဲအပျက်ခံပြီး ဒါမျိုးလုပ်မလားပေါ့။ ငွေရှာတဲ့ တစ်ခုခုကို စိုက်ရတော့ မယ်လေ။ ဒါဆို ဘိန်းစိုက်မလား မေးရတော့ မယ်။ ကျွန်တော်တို့ဆီမှာက ရေထွက်ပစ္စည်းပဲရှိတာ။ စိုက်ပျိုးရေး ဆိုလည်း ဧရာဝတီတို့နဲ့ ယှဉ်ရင်တောင် အထွက်နှုန်းက အဝေးမှာလေ။ ခရီးသွားကျတော့လည်း ငပလီတို့ မြောက်ဦးတို့ စစ်တွေတို့ နေရာတွေကနေ ဝင်ငွေ ရတာပဲ ရှိတာလေ။ ခရီးသွားနဲ့ ရေထွက်ပစ္စည်းက ဝင်ငွေ အဲဒီလောက်ရဖို့ မရှိဘူးလေ။ ကျွန်တော်တို့ ပစ္စည်းကို ဝယ်မယ့်နိုင်ငံက ရှိဦးမှ။ လာမယ့် ဧည့်သည်က ရှိဦးမှလေ။ သူတို့ကတော့ ဝ မူကို သွားမယ်ဆိုရင် ဝင်ငွေရလမ်း ဘယ်ကရမလဲ။ ဝ သည် မျိုးရိုး စဉ်ဆက် တစ်ပါတီ အာဏာရှင်စနစ် သွားတာ။ အဲဒီမူကို လုံးဝယူပြီး သွားမလား။ ရခိုင်ပုံစံသည် အစတည်းက ကျွန်းပိုင်း ရှိတယ်၊ တောင်ပိုင်းရှိတယ်၊ မြောက်ပိုင်းရှိတယ်။ ကွဲနေတာလေ။ အဲဒါအားလုံး ပေါင်းဖို့ ဒီစနစ်က အသုံးဝင်ပါ့မလားပေါ့။ အဖြေရှာ ရမယ်ထင်တယ်။ Confederate အဖြစ် ခွဲထွက်ပြီး ပြည်နယ်ထဲ ဖက်ဒရယ် မူ ပြန်သွားမလားပေါ့။ သံတွဲ၊ တောင်ကုတ်ဘက်မှာ ဘယ်လိုပုံစံ သွားမယ်၊ ကျွန်း ပိုင်းကို ဘယ်လိုသွားမယ်၊ ဗဟိုက ဘယ်လို ပြန်ချုပ် မယ် အဲဒီစနစ်က အဆင်ပြေမလားပေါ့။ ဝ လိုပဲ သွားမယ်ဆို အာဏာရှင်လက်အောက်ပဲလေ။ ဝ ရဲ့ နေရာမှာ အမိန့်ပဲရှိတာလေ။ တချို့ဟာဆို လူတွေ ရှေ့မှာတင် လူလယ်ကောင်မှာ လက်ပြန်တုပ်ပြီး ပစ် သတ်ချင် သတ်မှာလေ။ ဘယ်လို အာမခံချက်နဲ့ သွား မလဲပေါ့။ ဖက်ဒရယ်ကိုပဲ ကျွန်တော်တို့က အားပေးတယ်။ အပြင်နဲ့သွားပြီး အဆက်အစပ် လုပ်လို့ ရ တယ်လေ။
ကျေးဇူးတင်ပါတယ် ခင်ဗျာ။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပဲခူးတိုင်းမှရေဘေးသင့်ပြည်သူများ၏ စိုက်ပျိုးရေး၊ မွေးမြူးရေး ပြန်လည် ထူထောင်နိုင်ရန် တိုင်းအစိုးရက ဆောင်ရွက်နေ
RELATED POSTS
03 Oct 2024 | အင်တာဗျူး,ပြည်တွင်း