ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရေကြီးမှုတွေကြောင့် လူ(၃)သိန်းနီးပါး အရေးပေါ်ကယ်ဆယ်ရေးစခန်းတွေမှာ ပြောင်းရွှေ့နေထိုင်နေရ
Pika (NSS) - ဩဂုတ် ၂၅
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရေကြီးမှုတွေကြောင့် ဩဂုတ်လ(၂၄)ရက်နေ့မှာ နိုင်ငံသား(၃)သိန်းနီးပါးဟာ အရေးပေါ်ကယ်ဆယ်ရေးစခန်းတွေမှာ ပြောင်းရွှေ့နေထိုင်နေကြရတယ်လို့ သဘာဝဘေးအန္တရာယ်အရာရှိတွေကပြောကြားခဲ့ပါတယ်။
အိန္ဒိယနိုင်ငံနယ်စပ်အနီး Feni ခရိုင်မှာနေထိုင်တဲ့ အသက်(၆၀)နှစ်အရွယ် Lufton Nahar က"ကျွန်တော့်ရဲ့နေအိမ်က လုံးဝကို ရေနစ်မြုပ်သွားပါပြီ။ ရေတွေက ကျွန်တော်တို့ရဲ့ခေါင်မိုးအပေါ်မှာစီးနေပါပြီ။ ဒီကယ်ဆယ်ရေးစခန်းကို ကျွန်တော့်ရဲ့အစ်ကိုက လှေနဲ့ခေါ်ဆောင်လာခဲ့တာပါ။ သူသာလာမခေါ်ခဲ့ဖူးဆိုရင် ကျွန်တော်တို့ သေနေလောက်ပါပြီ”လို့ ပြောဆိုခဲ့ပါတယ်။လူဦးရေသန်း(၁၇၀)ရှိတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ ပြီးခဲ့တဲ့ဆယ်စုနှစ်တွေအတွင်း ရေကြီးမှုတွေကို မကြာခဏကြုံတွေ့ခဲ့ရတယ်လို့လည်း သိရပါတယ်။ကမ္ဘာကြီးပူနွေးလာမှုနှင့်အတူ ရာသီဥတုဖောက်ပြန်တာတွေကြောင့် ကမ္ဘာတစ်ဝှမ်းမှာ သဘာဝဘေးအန္တရာယ်တွေ မကြာခဏကြုံတွေ့နေရတာလည်းဖြစ်ပါတယ်။
မိုးသည်းထန်စွာရွာသွန်းမှုနဲ့အတူ ရေကြီးမှုတွေကြောင့် ဒါကာမြို့နဲ့ Chittagong မြို့ကြားက အဝေးပြေးလမ်းမကြီးတွေနဲ့ ရထားလမ်းတွေ ထိခိုက်ပျက်စီးခဲ့ပြီး စီးပွားရေးလုပ်ငန်းတွေလည်း အနှောင့်အယှက်ဖြစ်ခဲ့ရတယ်လို့ တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အလုပ်ခန့်အပ်ရေးနဲ့ပတ်သက်ပြီး ကျောင်းသားတွေဦးဆောင်တဲ့ဆန္ဒပြပွဲတွေဖြစ်ပွားပြီးတဲ့နောက် သီတင်းပတ်အနည်းငယ်အကြာမှာ ရေကြီးမှုတွေဖြစ်ပွားခဲ့တာလည်း ဖြစ်ပါတယ်။ ရေကြီးမှုတွေကြောင့် အဆိုးရွားဆုံးထိခိုက်ခဲ့တဲ့နေရာတွေထဲမှာ ဘင်္ဂါလီတွေနေထိုင်တဲ့ ကော့ဘဇားခရိုင်လည်း ပါဝင်တယ်လို့ အာဏာပိုင်တွေကပြောကြားခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာရေကြီးမှုတွေကြောင့် အနည်းဆုံးလူ(၁၈)ဦးသေဆုံးခဲ့တယ်လို့ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးဝန်ကြီးဌာန အတွင်းရေးမှူး Md Kamrul Hasanကပြောကြားခဲ့ပါတယ်။ ၎င်းက 'လူပေါင်း(၂၈၅၀၀၀)ဦးဟာ အရေးပေါ်ကယ်ဆယ်ရေးစခန်းတွေမှာ နေထိုင်နေရပါတယ်။ မိုးသည်းထန်စွာရွာသွန်းမှုနဲ့အတူ ရေကြီးမှုတွေကြောင့် စုစုပေါင်းလူ(၄ ဒသမ ၅)သန်းလောက် ရေဘေးသင့်ခဲ့ပါတယ်'လို့ ပြောဆိုခဲ့ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရုရှား နဲ့ ယူကရိန်းကြား အကျဉ်းသားဦးရေ(၁၀၀)ကျော်စီ လဲလှယ်မှု ပြုလုပ်
RELATED POSTS
24 Oct 2024 | လူမှုရေး,နိုင်ငံတကာ
23 Oct 2024 | လူမှုရေး,ပြည်တွင်း
03 Oct 2024 | လူမှုရေး,ပြည်တွင်း