မော်စကိုက အစ္စရေးသည် နိုင်ငံတကာဥပဒေကို ပြင်းပြင်းထန်ထန်ချိုးဖောက်နေသည်ဟု စွပ်စွဲထား
ALynn (NSS) - ဩဂုတ် ၁
ဘေရွတ်မြို့ကို အစ္စရေးက ယခုသီတင်းပတ်အတွင်း ဗုံးကြဲတိုက်ခိုက်ခြင်းသည် နိုင်ငံတကာဥပဒေ၏ အခြေခံစည်းမျဉ်းများကို ချိုးဖောက်ပြီး အရှေ့အလယ်ပိုင်းတွင် ပဋိပက္ခများ ဖြစ်ပွားစေမည့် အန္တရာယ်များရှိကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ဗုဒ္ဓဟူးနေ့ (ဇူလိုင်လ ၃၁ ရက်) တွင် ပြောကြားခဲ့သည်။
အစောပိုင်းတွင် အစ္စရေးသည် လက်ဘနွန်မြို့တော်ရှိ ဟစ်ဇ်ဘိုလာ တပ်မှူးတစ်ဦးကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း အတည်ပြုခဲ့သည်။ တိုက်ခိုက်မှုသည် ဘေရွတ်မြို့၏ အကြီးဆုံးဆေးရုံများအနီးရှိ လူနေရပ်ကွက်တစ်ခုကို ထိမှန်ခဲ့ကြောင်း ဝန်ကြီးဌာန၏ လက်ထောက်ပြောရေးဆိုခွင့်ရှိသူ Andrey Nastasyin က မော်စကိုတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲအတွင်း သတင်းထောက်များအား ပြောကြားခဲ့သည်။ တိုက်ပွဲတွင် အမျိုးသမီးတစ်ဦးနှင့် ကလေးနှစ်ဦးအပါအဝင် လူအများအပြား သေဆုံးခဲ့ပြီး ဆေးရုံသည် ဆိုးရွားစွာ ပျက်စီးခဲ့ပြီး လူ (၈၀)ကျော် ဒဏ်ရာရခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။
အစ္စရေး၏ လုပ်ရပ်များသည် လက်ဘနွန်၏ အချုပ်အခြာအာဏာနှင့် နိုင်ငံတကာဥပဒေ၏ အခြေခံ စံနှုန်းများကို ပြင်းပြင်းထန်ထန် ချိုးဖောက်ခြင်းမှလွဲ၍ ဘာမှမဟုတ်ကြောင်း လက်ထောက်ပြောရေး ဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။ ယင်းဖြစ်ရပ်သည် ဒေသတွင်း တင်းမာမှုများ ပိုမိုဖြစ်ပွားလာ နိုင်ကြောင်း ၎င်းက သတိပေးခဲ့ပြီး တိုက်ခိုက်မှုအပြီးတွင် ထိန်းထိန်းသိမ်းသိမ်းပြုကြရန် နှစ်ဖက် စလုံးအား တိုက်တွန်းခဲ့သည်။ အဆိုပါ တိုက်ခိုက်မှုအတွင်း ရုရှားနိုင်ငံသားများ ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း သံတမန်၏ ပြောကြားချက်အရ သိရသည်။ လက်ဘနွန်သို့ ခရီးသွားခြင်းကို ရှောင်ရှားကြရန် ရုရှားနိုင်ငံသားများအား နှိုးဆော်ထားသည်။
ဟစ်ဇ်ဘိုလာအဖွဲ့က ဘောလုံးကွင်းကို ဒုံးကျည်ဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ရပ်တွင် လူ (၁၂)ဦး သေဆုံးခဲ့သည်။ အစ္စရေးတွင် ဟစ်ဇ်ဘိုလာအဖွဲ့၏ ယင်း တိုက်ခိုက်မှုသည် “မျဉ်းနီကို ကျော်ဖြတ်ခဲ့ခြင်းဖြစ်သည်”ဟုလည်း ၎င်းက ပြောကြားခဲ့သည်။ လက်ဘနွန်အခြေစိုက် ဟစ်ဇ်ဘိုလာအုပ်စုက တာဝန်မရှိကြောင်း ငြင်းဆိုသော်လည်း အစ္စရေး၏ တိုက်ခိုက်မှုကို တုံ့ပြန်သွားမည်ဟု သတိပေးခဲ့သည်။
အစ္စရေးနှင့် ဟစ်ဇ်ဘိုလာတို့သည် ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေး၏ စစ်ရေးလှုပ်ရှားမှုများကြားတွင် လအတော်ကြာ ဒုံးကျည်နှင့် ဒရုန်းများ အပြန်အလှန် ပစ်ခတ်မှုများ ပြုလုပ်ခဲ့ခြင်းကြောင့် အစ္စရေးနှင့် လက်ဘနွန်အခြေစိုက်အဖွဲ့တို့ကြား တင်းမာမှုများ မြင့်တက်စေခဲ့သည်။ နယ်စပ် ဖြတ်ကျော်တိုက်ခိုက်မှုများကြောင့် နယ်စပ်နှစ်ဘက်ရှိ လူ ၂၀၀,၀၀၀ နီးပါးကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အစ္စရေးနိုင်ငံကို တိုက်ရိုက်တိုက်ခိုက်ဖို့ အီရန်နိုင်ငံရဲ့အမြင့်ဆုံးဘာသာရေးခေါင်းဆောင် အမိန့်ပေး
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ