မြန်မာ့နိုင်ငံရေးအခက်၌ ထိုင်း၏အိမ်ခြံမြေကဏ္ဍ စီးပွားတက်ခဲ့ပြီး သုံးနှစ်အတွင်း ဘတ်(၁၀)ဘီလျံထက်မနည်း ရရှိသွား
အေဝိုင်အီး (NSS) - ဇူလိုင် ၁၉
နိုင်ငံရေးပြဿနာများဖြစ်ပေါ်လာပြီးနောက်ပိုင်း သုံးနှစ်ကျော်အတွင်း ထိုင်းနိုင်ငံအတွင်း၌ မြန်မာတို့၏ပိုင်ဆိုင်မှုသည် အိမ်ခြံမြေတစ်ခုတည်း၌ပင် ဘတ် (၁၀)ဘီလျံထက်မနည်းရှိလာနေကြောင်း ထိုင်း အိမ်ခြံမြေဈေးကွက်ဆိုင်ရာဌာန (REIC) ၏ ဖော်ပြချက်အရ ကောက်ချက်ချနိုင်သည်။
ထိုင်းသတင်းဌာန Khaosod English ၏ ဇူလိုင်လ(၆)ရက်ကဖော်ပြချက်အရ ၂၀၂၁ ခုနှစ် နောက်ပိုင်းတွင် မြန်မာတို့၏ အိမ်ခြံမြေဝယ်ယူပိုင်ဆိုင်မှုက အဆပေါင်းများစွာ ခုန်တက်လာခဲ့ကြောင်း သိရပြီး ဝယ်ယူမှုအားလုံး ၏ရည်မှန်းချက်မှာ နိုင်ငံရေးမတည်ငြိမ်မှုမှ စတင်မြစ်ဖျားခံလာခြင်းဟု ဆို သည်။ တစ်နည်းအားဖြင့် မြန်မာနိုင်ငံတွင် စစ်တပ်ကအာဏာ ရယူလိုက်မှုဖြစ်စဉ်နောက်ပိုင်း ထိုင်းနိုင်ငံ ၏အိမ်ခြံမြေ ဈေးကွက်ကို အကျိုးဖြစ်ထွန်းမှုများစွာဖြစ်ပေါ်စေခဲ့ပြီး ထိုင်းဆောက်လုပ်ရေး လုပ်ငန်း ရှင်များအတွက်လည်း ဝင်ငွေနှင့်အလုပ်အကိုင်အခွင့်အလမ်းကောင်းများ ပိုမိုဖြစ်ထွန်းခဲ့သည်ဟု သုံးသပ်ထားသည်။
“ ကျွန်တော်သိတဲ့ သူဌေးတစ်ယောက်ဆိုရင် ဘတ်(၂၆)သန်းတန်တဲ့အိမ်တောင် ထိုင်းမှာ ဝယ်ထားတယ်။ ကွန်ဒိုအခန်းပဲ။ သေးသေးလေးမဟုတ်ဘူး။ တကယ့်ကို အကောင်းစားကွန်ဒိုပဲ။ ဒါပေမဲ့ အများစုကတော့ စတုရန်းပေ(၁၀ဝဝ)အောက်ပဲရှိတဲ့ ကွန်ဒိုတွေကိုဝယ်ကြတယ်။ ဘတ်ငါးသန်း၊ ခြောက်သန်း တန်တွေလောက်ပေါ့ “ ဟု မြန်မာလုပ်ငန်းရှင်တစ်ဦးက NP News ကိုပြောသည်။ ထိုင်း ဘက်ခြမ်းမှ ဝန်ဆောင်မှုပေးသူ ထိုင်း အနေကြာ မြန်မာပွဲစားများလည်း မြန်မာဝယ်လက်များကြောင့် စီးပွားရေး အဆင်ပြေသွားကြကြောင်း ကိုယ်တိုင်ကြုံခဲ့သူ သရုပ်ဆောင်တစ်ဦးက အတည်ပြုသည်။ ယခုနှစ်အစောပိုင်းကာလများအတွင်းက ထိုင်းနိုင်ငံသို့လာရောက်၍ ကွန်ဒို အခန်းများဝယ်ယူမှု မြင့်တက်ခဲ့ပြီး နာမည်ကျော် လုပ်ငန်းရှင်များပင်ပါဝင်ခဲ့ကြောင်း၊ အချို့သောဝယ်လက်များမှာ အသိုင်း အဝိုင်းအကြီးထဲမှပင်ပါဝင်ခဲ့ကြောင်း ဆိုသည်။ ထိုင်းသတင်းဌာနနှင့် REIC တို့၏ ဖော်ပြချက်များအရ ၂၀၂၁ ခုနှစ်အတွင်း အိမ်ခန်းပေါင်း(၃၀)သာ ဝယ်ယူမှုရှိခဲ့ပြီး အဆင့်(၂၅)တွင်သာ မြန်မာတို့က ရပ်တည် နိုင်ခဲ့ကြောင်း တွေ့ရသည်။ သို့သော်လည်း ၂၀၂၂ ခုနှစ်၌ အခန်းပေါင်း(၃၄၉)ခန်းအထိ ဝယ်ယူခဲ့ကြကာ အဆင့်(၆) နေရာသို့လည်းကောင်း၊ ၂၀၂၃ ခုနှစ်တွင် အခန်းပေါင်း (၅၆၄)ခန်းဖြင့် အဆင့်(၄)နေရာသို့ လည်းကောင်း၊ ၂၀၂၄ ခုနှစ်၏ ပထမ လေးလအတွင်း၌ အခန်းပေါင်း (၃၉၂)ခန်းဖြင့် အဆင့်(၂)နေရာသို့ လည်းကောင်း ဝယ်လိုအားများရှိနေခဲ့သည်ဟု သိရသည်။ အဆိုပါစာရင်းအရ သုံးနှစ်ကျော်အတွင်း အခန်းပေါင်း (၁၃၃၅)ခန်းအထိ ဝယ်ယူထားပြီး နေပြီဟုဆိုနိုင်သည်။ အကြမ်းဖျင်း တွက်ချက်ကြည့် မည်ဆိုပါက ၂၀၂၄ ခုနှစ် ပထမလေးလအတွင်း၌ အခန်းပေါင်း(၃၉၂)ခန်းအတွက် ဘတ်(၂ ဒသမ ၂) ဘီလျံကျော် ဝယ်ယူမှုရှိခြင်းကြောင့် အခန်းတစ်ခန်းလျှင် ပျမ်းမျှ ဘတ်ငါးသန်းခွဲကျော်ရှိနေပြီး အခန်း ပေါင်း(၁၃၃၅) ခန်းအတွက် ဘတ်(၇)ဘီလျံခွဲထက် မနည်းရှိနေမည်ဖြစ်သည်။ သို့သော်လည်း တစ်ဦးတည်းက ဘတ် (၂၆)သန်းတန်ကဲ့သို့သော အခန်းမျိုးအပြင် ဘတ်(၁၀)သန်းထက်မနည်း တန်ကြေးရှိ သော အိမ်များကို ဝယ်ယူထားမှုများကြောင့် ထိုင်းနိုင်ငံတွင်း ၌ မြန်မာတို့၏အိမ်ခြံမြေပိုင်ဆိုင်မှု တစ်ခု တည်းပင်လျှင် သုံးနှစ်အတွင်း ဘတ်(၁၀)ဘီလျံထက်မနည်း ရှိနေမည်ဟု ခန့်မှန်းနိုင်ခြင်းလည်း ဖြစ် သည်။ သို့သော်လည်း ထိုင်းအစိုးရနှင့် အိမ်ခြံမြေအသင်းများဘက်က အသေးစိတ်စာရင်းများကို တိတိပပ ထုတ်ပြန်တော့မည်မဟုတ်ဘဲ သိုသိပ်သောနည်းလမ်းဖြင့်သာ မြန်မာတို့ထံမှပိုင်ဆိုင်မှုများကို ရယူသွားနိုင်ခြေ ရှိနေသည်။
“ ထိုင်းက Retired ဗီဇာလိုမျိုးလည်း ဆွဲဆောင်ခေါ်ယူနေတယ်။ အသက် ကြီးလာလို့ အေးအေးဆေးဆေး အနားယူချင်ရင် လာရောက်အနားယူ နေထိုင်နိုင်ဖို့အတွက် ဗီဇာထုတ်ပေးတယ်။ ဒါပေမဲ့ အဲဒီဗီဇာနဲ့အလုပ်လုပ်လို့တော့မရဘူး” ဟု ထိုင်းဘက်ခြမ်းက ငွေရှာကြမ်းသောအစီအစဉ်တစ်ခုအကြောင်းကို ထိုင်းသို့ လုပ်ငန်းကိစ္စ မကြာခဏသွားလာနေသူ သတင်း ရင်းမြစ်တစ်ဦးကလည်း ပြောသည်။ ယခုနှစ်ဇွန်လအတွင်း၌ နစကအစိုးရဘက်က တရားဝင် ထုတ်ပြန် အသိပေးမှုတစ်ခုရှိခဲ့ပြီး အဆိုပါထုတ်ပြန် ကြေညာချက်အရ ထိုင်းနိုင်ငံအတွင်း၌ မြန်မာများ အိမ်ခြံမြေ ဝယ်ယူစေရန် ပွဲစားလုပ်နေကြသူ လုပ်ငန်းရှင်အချို့ကို အရေးယူထားပြီဖြစ်ကြောင်း ဖော်ပြထားသည်။ သို့သော်လည်း အရေးယူခံရသည်ဆိုသော ပုဂ္ဂိုလ်များထက်ပို၍ အရေးယူသင့်သောပုဂ္ဂိုလ်များက လွတ်မြောက်နေဆဲဖြစ်သည်ဟု လေ့လာစောင့်ကြည့်နေသည့် အသိုင်းအဝိုင်းက နားလည်ထားကြသည်။
ထိုင်းနိုင်ငံတွင်း၌ မြန်မာတို့၏ ပိုင်ဆိုင်မှုများ မြင့်တက်နေခြင်းသည် မြန်မာနိုင်ငံဘက်၌ ပိုင်ဆိုင်မှုများ ဆုံးရှုံးခြင်းတစ်မျိုးဖြစ်နေပြီး နိုင်ငံမတည်ငြိမ်မှု၏ နောက်ဆက်တွဲဂယက်ဆိုးကျိုးလည်း ဖြစ်နေသည်။ နိုင်ငံရေး မတည်ငြိမ်မှု၏နောက်ဆက်တွဲအဖြစ် နိုင်ငံသားများက အိမ်နီးချင်းနိုင်ငံ၌ အခန်း များ ဝယ်ယူ၍ ရှောင်တိမ်းနေထိုင်ရန်ကြိုးပမ်းလာကြခြင်းအပြင် နိုင်ငံရေးအရ နစကကို ထိုးနှက် တိုက်ခိုက်နေသော ပြည်ပြေးများကလည်း အမည်ခံများဖြင့် အိမ်ခြံမြေဝယ်ယူမှုများ လုပ်ဆောင် နေကြခြင်းဖြစ်ကြောင်း ကြားသိရသည်။ ထိုင်း နိုင်ငံတွင် မြန်မာတို့၏ အိမ်ခြံမြေဝယ်ယူမှုတွင် ကျန်း မာရေးခေါင်းစဉ်၊ ပညာရေးခေါင်းစဉ်၊ နိုင်ငံရေးခေါင်း စဉ်နှင့် ထိုင်းနိုင်ငံတွင်သာ အခြေတကျနေထိုင် သွားရန်ဆုံးဖြတ်ခဲ့သောခေါင်းစဉ် အစရှိသည့်ခေါင်းစဉ်အမျိုးမျိုးဖြင့်ဖြစ်ကြောင်းသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အိုမင်းခြင်းဆေးပညာ(Geriatrics Medicine) (ကျန်းမာရေးဆောင်းပါး)
RELATED POSTS
24 Oct 2024 | ကျန်းမာရေး,ပြည်တွင်း
18 Oct 2024 | ကျန်းမာရေး,နိုင်ငံတကာ
18 Oct 2024 | ကျန်းမာရေး,ပြည်တွင်း
03 Oct 2024 | ကျန်းမာရေး,နိုင်ငံတကာ