ရုရှားအပေါ် နျူကလီးယားတိုက်ပွဲများဆင်နွှဲနိုင်ရန် နေတိုးတပ်ဖွဲ့များလေ့ကျင့်
ALynn (NSS) - မေ ၂၉
နေတိုးနိုင်ငံများသည် ရုရှားအပေါ် နျူကလီယားတိုက်ခိုက်မှုများ ဆင်နွှဲရန်အတွက် ပြင်ဆင်နေကြသည်ဟု ရုရှားအကြီးတန်းဗိုလ်ချုပ်ကြီးတစ်ဦးက အသိပေးပြောကြားလိုက်သည်။ ရုရှားနိုင်ငံ၏ Federal Security Service (FSB) ၏ ပထမတန်းလက်ထောက်ဒါရိုက်တာနှင့် နယ်ခြားစောင့် ဝန်ဆောင်မှုအကြီးအကဲ Vladimir Kulishov က RIA Novosti နှင့် တွေ့ဆုံမေးမြန်းခန်းတွင် ၎င်း၏ဌာနက ရင်ဆိုင်ရမည့်ခြိမ်းခြောက်မှုများကို ဖော်ပြခဲ့သည်။
“ရုရှားနယ်စပ်နဲ့ နီးစပ်တဲ့ နယ်မြေတွေမှာ နေတိုးရဲ့ထောက်လှမ်းရေးစစ်ဆင်ရေးလှုပ်ရှားမှုတွေ တိုးလာနေပါတယ်။ နေတိုးမဟာမိတ်တပ်ဖွဲ့တွေက ကျွန်ုပ်တို့၏နယ်မြေအတွင်း နျူကလီးယားတိုက်ခိုက်မှုအပါအဝင် ရုရှားကိုဆန့်ကျင်တဲ့ စစ်ရေးလေ့ကျင့်မှုတွေကို အရှိန်မြှင့်လုပ်ဆောင်နေကြပါတယ်”ဟု ၎င်းက အင်္ဂါနေ့ (မေလ ၂၈ ရက်) တွင် သတင်းအေဂျင်စီသို့ ပြောကြားခဲ့သည်။ ဘယ်လ်ဂျီယံ၊ ဂျာမနီ၊ အီတလီ၊ နယ်သာလန်နှင့် တူကီယဲအပါအဝင် နျူကလီးယားလက်နက် မပိုင်ဆိုင်သောနိုင်ငံများတွင် အမေရိကန်လက်နက်အချို့ကို သိမ်းဆည်းသိုလှောင်ထားသည့် နေတိုး၏နျူကလီးယားမျှဝေရေးအစီအစဉ်ကို ရုရှားအရာရှိများက ယခင်ကလည်း ဝေဖန်ခဲ့ဖူးသည်။ ရုရှားသည် လက်နက်တပ်ဆင်နည်း လေ့ကျင့်ရေးတွင် အိမ်ရှင်မဟုတ်သောနိုင်ငံများ ပါ၀င်နေခြင်းကြောင့် အထူးစိုးရိမ်လျက်ရှိသည်။ ယူကရိန်းပဋိပက္ခသည် ပြင်းထန်သော တိုက်ပွဲများအဖြစ်သို့ မရောက်မီ ၂၀၂၂ ခုနှစ် ဇန်နဝါရီလတွင် ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန၏ နျူကလီးယားလက်နက်မပြန့်ပွားရေးဌာနခွဲ အကြီးအကဲ ဗလာဒီမာ အာမာကော့ဗ်က အမေရိကန်ဦးဆောင်သော နေတိုးမဟာမိတ်၏ လှုပ်ရှားမှုများသည် ရုရှားအား တိုက်ရိုက်ပစ်မှတ်ထားနေသည်ဟု အင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့သည်။
ရုရှားသည် နေတိုး၏ဥရောပတွင် တိုးချဲ့လာမှုနှင့်ယူကရိန်းတွင် ခြေကုပ်အဖြစ်တည်ရှိနေခြင်း တို့ကြောင့် ပဋိပက္ခကို ပိုမိုရှုပ်ထွေးလာစေပြီး ယူကရိန်းစစ်ပွဲသည် အမေရိကန်ဦးဆောင်သော ကြားခံစစ်ပွဲတစ်ခုဖြစ်ကြောင်း ယူဆထားသည်။ အမေရိကန်နှင့် ၎င်း၏မဟာမိတ်များက ယူကရိန်းအား ပံ့ပိုးပေးသည့် စစ်ရေးအရအထောက်အပံ့များသည် တဖြည်းဖြည်းတိုးမြင့်လာကာ နျူကလီယားလက်နက်များအထိပါ ပါဝင်လာနိုင်သည့်အတွက် ရုရှားနှင့် တိုက်ရိုက်စစ်ပွဲ ဖြစ်လာနိုင်ကြောင်း ရုရှားတာဝန်ရှိသူများက သတိပေးထားသည်။ ရုရှားသမ္မတဗလာဒီမာပူတင်သည် ဗျူဟာမြောက်မဟုတ်သော နျူကလီးယားလက်နက်များ၏ အသုံးပြုနိုင်စွမ်းကို စမ်းသပ်ရန်အတွက် ယခုလအစောပိုင်းတွင် စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ရန် အမိန့်ပေးခဲ့သည်။ အဆိုပါ လုပ်ရပ်သည် ရုရှားနှင့်ပတ်သက်၍ အနောက်နိုင်ငံများ၏ရန်လိုသော ထုတ်ပြန်ချက်များအား တုံ့ပြန်မှုတစ်ခုအဖြစ် မှတ်ယူနိုင်သည်။ ယူကရိန်းကို တာဝေးပစ်လက်နက် များ လှူဒါန်းသည့်နိုင်ငံများသည် ၎င်းလက်နက်များကို အသုံးပြု၍ ရုရှားပိုင်နက်အတွင်းရှိ ပစ်မှတ်များအား တိုက်ခိုက်ရန် အသုံးပြုခြင်းအပေါ် ကန့်သတ်ထားခြင်းများကို ရုတ်သိမ်းရန် လတ်တလောစဉ်းစားနေကြသည်။ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဒေးဗစ်ကင်မရွန်းက ယူကရိန်းသည် ယူကေမှရရှိသည့် လက်နက်များဖြင့် ထိုကဲ့သို့တိုက်ခိုက်မှုများကို လုပ်ဆောင်ရန် အခွင့်အာဏာရှိသည်ဟု အခိုင်အမာပြောကြားခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပါကစ္စတန်နိုင်ငံမှာ ဘတ်စ်ကားတစ်စီးချောက်ထဲကိုထိုးကျခဲ့ရာ အနည်းဆုံးလူ(၂၀)ဦးသေဆုံး
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ