'နိုင်ငံခြားအေးဂျင့်များ' ဥပဒေကြမ်းနှင့်ပတ်သက်၍ သမ္မတက ဗီတိုအာဏာသုံးခြင်းကို ဂျော်ဂျီယာပါလီမန် ပယ်ချ
ALynn (NSS) - မေ ၂၉
နိုင်ငံရေးတွင် သဘောထားကွဲပြားစေသော 'နိုင်ငံခြားအေးဂျင့်များ'ဥပဒေအား သမ္မတ Salome Zourabichvili က ဗီတိုအာဏာဖြင့်ပယ်ချခြင်းကို ဂျော်ဂျီယာပါလီမန်က ပြန်လည်တွန်းအားပေးခဲ့ကြောင်း ပြည်တွင်းမီဒီယာများက အင်္ဂါနေ့တွင် ဖော်ပြခဲ့သည်။
ပါလီမန်အမတ် စုစုပေါင်း ၁၅၀ အနက် ၈၄ ဦးက သမ္မတ၏ဗီတိုအာဏာကို ရုပ်သိမ်းရန် ဆန္ဒမဲပေးခဲ့ကြပြီး ဥပဒေကြမ်းကို အပြောင်းအလဲမရှိဘဲအတည်ပြုနိုင်ခဲ့ပြီး လေးဦးသာ သမ္မတ၏ ရပ်တည်ချက်ကို ထောက်ခံခဲ့ကြောင်းသိရသည်။ ဂျော်ဂျီယာဥပဒေအရ သမ္မတ၏ ဗီတိုအာ ဏာကို ရိုးရှင်းသောပါလီမန် အများစုမဲဖြင့် လွှမ်းမိုးနိုင်ပြီး ပျှမ်းမျှ ၇၆ မဲလိုအပ်မည်ဖြစ်သည်။
Transparency of Foreign Influence Act ဟု လူသိများသော အဆိုပါဥပဒေကြမ်းအရ ရန်ပုံငွေ၏ ၂၀ ရာခိုင်နှုန်းကျော်ကို ပြည်ပမှရရှိသော NGO များ၊ မီဒီယာအဖွဲ့အစည်းများနှင့် တစ်သီးပုဂ္ဂလများသည် “နိုင်ငံခြားအကျိုးစီးပွားကို မြှင့်တင်ပေးသည့် အဖွဲ့အစည်းများအဖြစ်” မှတ်ပုံတင်ရန်လိုအပ်မည်ဖြစ်သည်။ ယင်းအချက်ကိုလိုက်နာရန် ပျက်ကွက်ပါက ဒဏ်ငွေ ၉,၅၀၀ ဒေါ်လာအထိ ပေးဆောင်ရမည်ဖြစ်သည်။ သမ္မတ Zourabichvili အပါအဝင် အတိုက်အခံပါတီဝင်များနှင့် ဝေဖန်သုံးသပ်သူများက အဆိုပါဥပဒေကြမ်းကို ၂၀၁၂ ခုနှစ်၊ ရုရှားတွင် အတည်ပြုခဲ့သည့် ဥပဒေများနှင့် နှိုင်းယှဉ်ကာ “ရုရှားဥပဒေ” အဖြစ် တံဆိပ်ခတ်နှိပ်သတ်မှတ်ထားကြသည်။
အဆိုပါဥပဒေကို မေလ ၁၄ ရက်တွင် ပါလီမန်က ကနဦးအတည်ပြုခဲ့သော်လည်း လေးရက် အကြာတွင် Zourabichvili က ဗီတိုအာဏာဖြင့်ပယ်ချခဲ့သည်။ ဂျော်ဂျီယာမီဒီယာအချို့၏ ဖော်ပြ ချက်အရ အချို့သော အတိုက်အခံအမတ်များသည် အင်္ဂါနေ့မဲခွဲမှုကို ပါလီမန်အတွင်းမှ ထွက်ခွာ သွားပြီး သပိတ်မှောက်ခဲ့ကြကာ ပါလီမန်အပြင်ဘက်ရှိ ဆန္ဒပြလူထုနှင့် ပူးပေါင်းခဲ့ကြကြောင်း သိရသည်။ မြို့တော် Tbilisi တွင် ရက်သတ္တပတ်များစွာ လမ်းပေါ်ထွက် ဆန္ဒပြမှုများနှင့် ရဲတပ်ဖွဲ့နှင့် ရုန်းရင်းဆန်ခတ်အဓိကရုဏ်းများဖြစ်ပွားခဲ့သည့်အတွက် အဆိုပါဥပဒေနှင့်ပတ်သက်၍ သဘောထား နှစ်ခြမ်းကွဲလွဲနေကြောင်း သိသာနေခဲ့သည်။ အဆိုပါဥပဒေမူကြမ်းကို ၂၀၂၃ ခုနှစ် မတ်လတွင် စတင်ကြေညာခဲ့သော်လည်း ထိုအချိန်က ဖြစ်ပွားခဲ့သည့် ကြီးမားသောဆန္ဒပြမှုများကြောင့် အစိုးရက လက်လျှော့ခဲ့ရသည်။ ထိုကဲ့သို့အတိုက်အခံများ၏ ဖိအားများကြားမှ အစိုးရက ဥပဒေပြု ရေးလုပ်ငန်းစဉ်ကို မူလအတိုင်း ဆက်လက်ဆောင်ရွက်သွားမည်ဟု ကြေညာလိုက်သည့်အခါ ပြီးခဲ့သည့်လမှစ အဓိကရုဏ်းများ ထပ်မံဖြစ်ပွားခဲ့သည်။
အင်္ဂါနေ့တွင် ဗီတိုအာဏာကို ပယ်ဖျက်လိုက်ခြင်းဖြစ်စဉ်သည် အီးယူ၏ ချက်ချင်းတုံ့ပြန်မှုကို ဖြစ်ပေါ်စေပြီး ၎င်းသည် "ဂျော်ဂျီယာနှင့် အီးယူအကြားဆက်ဆံရေးကို ထိခိုက်စေလိမ့်မည်" ဟု သတိပေးခဲ့သည်။ ဂျော်ဂျီယာပါလီမန်က သမ္မတ၏ဗီတိုအာဏာကို ပယ်ဖျက်ရန် ဆုံးဖြတ်ခဲ့သည့် အတွက် လွန်စွာနောင်တရကြောင်းနှင့် ဂျော်ဂျီယာအာဏာပိုင်များအား “ဤအခြေ အနေကို ပြောင်းပြန်လှန်ရန်” အီးယူက တိုက်တွန်းထားသည်။ ပြီးခဲ့သည့် သီတင်းပတ်က အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က “ဂျော်ဂျီယာတွင် ဒီမိုကရေစီကို ပျက်ပြားစေအောင် ဆောင်ရွက်သူများနှင့် ၎င်းတို့၏ မိသားစုဝင်များ” အပေါ် ဗီဇာကန့်သတ်ချက်များ ချမှတ်မည်ဖြစ်ကြောင်း သတိပေးခဲ့သည်။ ၎င်းက အငြင်းပွားဖွယ် ဥပဒေ မူကြမ်းကို ထောက်ခံသည့် နိုင်ငံရေးသမားများကို ရည်ညွှန်းခြင်းဖြစ်သည်။ အဆိုပါသတိပေး ချက်ကို အာဏာရ Georgian Dream ပါတီခေါင်းဆောင်က “ဟာသ”တစ်ခုအဖြစ် လှောင် ပြောင်ခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရုရှားအပေါ် နျူကလီးယားတိုက်ပွဲများဆင်နွှဲနိုင်ရန် နေတိုးတပ်ဖွဲ့များလေ့ကျင့်
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ