အမေရိကန်နဲ့တောင်ကိုရီးယားတို့က ထောက်လှမ်းရေးလုပ်ငန်းတွေကို အရှိန်မြှင့်လုပ်ဆောင်နေကြောင်း မြောက်ကိုရီးယားအစိုးရစွပ်စွဲပြောဆို
Pika (NSS) - မေ ၂၇
အမေရိကန်နဲ့တောင်ကိုရီးယားတို့ဟာ ကိုရီးယားနှစ်နိုင်ငံနယ်စပ်တစ်ဝိုက်မှာ ထောက်လှမ်း ရေးလုပ်ငန်းတွေကို အရှိန်မြှင့်လုပ်ဆောင်နေတယ်လို့ မြောက်ကိုရီးယားကာကွယ်ရေးဝန်ကြီး ဌာနက စွပ်စွဲပြောဆိုခဲ့တယ်လို့ KCNA သတင်းဌာနက မေလ(၂၆)ရက်နေ့မှာ ရေးသားဖော်ပြခဲ့ပါတယ်။
အဆိုပါ လုပ်ရပ်တွေဟာ မြောက်ကိုရီးယားရဲ့အချုပ်အခြာအာဏာနဲ့ လုံခြုံရေးကို ချိုးဖောက်ခဲ့တယ်ဆိုရင် အရေးယူမှုတွေ လုပ်ဆောင်သွားမှာဖြစ်တယ်လို့ မြောက်ကိုရီးယားကာကွယ် ရေးဝန်ကြီးဌာနက သတိပေးခဲ့တယ်လို့လည်း သိရပါတယ်။ မေလ(၁၃)ရက်ကနေ (၂၄)ရက်အတွင်း အမေရိကန်ရဲ့ RC-135 ထောက်လှမ်းရေးလေယာဉ်၊ U-2S မဟာဗျူဟာမြောက် ထောက်လှမ်းရေးလေယာဉ်တွေနဲ့ RQ-4B ဒရုန်းတွေ အနည်းဆုံး(၁၆)စင်းဟာ ကိုရီးယားကျွန်းဆွယ်မှာ ပျံသန်းမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ မြောက်ကိုရီးယားကာကွယ်ရေးဒုဝန်ကြီး Kim Gang Il ကပြောကြားခဲ့ပါတယ်။ ဒါ့ပြင် တောင်ကိုရီးယားရေတပ်နဲ့ ကမ်းခြေစောင်တပ် ဖွဲ့တွေဟာ ကင်းလှည့်မှုတွေကို ပိုမိုအရှိန်မြှင့်လုပ်ဆောင်ပြီး နှစ်နိုင်ငံရေကြောင်းနယ်စပ် ချိုးဖောက်မှုတွေ တိုးမြှင့်လာတာနဲ့အတူ စစ်ရေးတင်းမာမှုတွေကို ပိုမိုတိုးမြင့်လာအောင် လုပ်ဆောင်နေတယ်လို့ Kim Gang Il က စွပ်စွဲပြောဆိုခဲ့ပါတယ်။ တောင်ကိုရီးယားနိုင်ငံက မီးပုံးပျံတွေနဲ့အတူပေးပို့တဲ့ ဝါဒဖြန့်ချီရေး လက်ကမ်းစာစောင်တွေကို Kim Gang Il က ပြစ်တင်ဝေဖန်ခဲ့ပြီး အဲဒီလုပ်ရပ်တွေဟာ အန္တရာယ်ရှိတဲ့ရန်စမှုတွေဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။ တောင်ကိုရီးယားနိုင်ငံမှာရှိတဲ့ မြောက်ကိုရီးယားပြည်ပြေးတွေနဲ့ တက်ကြွလှုပ်ရှားသူတွေဟာ အစားအသောက်၊ ဆေးဝါး၊ ငွေ၊ ရေဒီယိုအသေးစားတွေ၊ တောင်ကိုရီးယားသတင်းတွေနဲ့ဒရမ်မာတွေထည့်ထားတဲ့ USB sticks တွေနဲ့အတူ မြောက်ကိုရီးယားဆန့်ကျင်ရေးလက်ကမ်းစာစောင်တွေပါဝင်တဲ့ မိုးပျံပူဖောင်းတွေကို ပုံမှန်ပေးပို့လျက်ရှိတယ်လို့လည်းသိရပါတယ်။
Kim Gang Il က 'အမေရိကန်နဲ့တောင်ကိုရီးယားတို့ဟာ စစ်ပွဲဖြစ်ပွားနေတဲ့ အခြေအနေတွေနဲ့ နှိုင်းယှဉ်လို့ရတဲ့ အဆင့်အနေနဲ့ ထောက်လှမ်းရေးလုပ်ငန်းတွေကို ပိုမိုအရှိန်မြှင့်လုပ်ဆောင်နေပါတယ်။ ၎င်းတို့ရဲ့လုပ်ရပ်တွေဟာ မြောက်ကိုရီးယားရဲ့ အချုပ်အခြာအာဏာနဲ့လုံခြုံရေးအကျိုးစီးပွားတွေကို ချိုးဖောက်ခဲ့မယ်ဆိုရင် အရေးယူဆောင်ရွက်မှုတွေကို ချက်ချင်းလုပ် ဆောင်သွားမှာပါ'လို့ ပြောဆိုခဲ့ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဗြိတိန်ဝန်ကြီးချုပ်က စစ်မှုမထမ်းမနေရစနစ်ကို ပြန်လည်ကျင့်သုံးသွားမည်ဖြစ်ကြောင်း ကတိပြု
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ