ထိုင်ဝမ်တွင် နောက်ဆက်တွဲငလျင်များစွာလှုပ်ခတ်ခဲ့သော်လည်း ထိခိုက်မှုကြီးကြီးမားမားမရှိခဲ့
ALynn (NSS) - ဧပြီ ၂၃
ထိုင်ဝမ်၏ ငလျင်ဒဏ်သင့် အရှေ့ပိုင်းခရိုင် Hualien သည် တနင်္လာနေ့ (ဧပြီ ၂၂ ရက်) နှောင်းပိုင်းနှင့် အင်္ဂါနေ့အစောပိုင်းတွင် ဒါဇင်နှင့်ချီသော နောက် ဆက်တွဲငလျင်များ လှုပ်ခတ်သွားသော်လည်း အသေးစားပျက်စီးမှုသာရှိပြီး အသေအပျောက်မရှိကြောင်း အဓိက Chip ထုတ်လုပ်သူ TSMC က ပြောကြားခဲ့သည်။
ဧပြီလ ၃ ရက်က လူဦးရေကျဲပါးသော Hualien တွင် ရစ်ခ်ျတာစကေး ၇ ဒသမ ၂ ရှိသော ငလျင်လှုပ်ခတ်ခဲ့ရာ အနည်းဆုံး လူ ၁၇ ဦး သေဆုံးခဲ့ပြီး နောက်ဆက်တွဲငလျင်လှုပ်ခတ်မှု ၁,၀၀၀ ကျော် ရှိခဲ့သည်။ မြို့တော်တိုင်ပေ အပါအဝင် ထိုင်ဝမ်မြောက်ပိုင်း၊ အရှေ့ပိုင်းနှင့် အနောက်ဘက် နေရာအများအပြားတွင် ပြင်းအား ၆ ဒသမ ၃ အဆင့်ရှိ ငလျင်ကြီးတစ်ခု ညလုံးပေါက်လှုပ်သွားခဲ့သည်။
တနင်္လာနေ့မွန်းလွဲပိုင်းမှစတင်သော ငလျင်လှုပ်ခတ်မှု ၂၀၀ ကျော်သည် ဧပြီလ ၃ ရက်က လှုပ်ခတ်ခဲ့သည့် ငလျင်၏ နောက်ဆက်တွဲငလျင်များဖြစ်ကြောင်း ထိုင်ဝမ်ဗဟိုမိုးလေဝသဌာနက ပြောကြားခဲ့သည်။ ငလျင် ဗဟိုချက် ဒါရိုက်တာ Wu Chien-fu က နောက်ဆက်တွဲငလျင်များသည် မပြင်းထန်သော်လည်း ယခုထက်ပို၍ များလာနိုင်သည်ကို မျှော်လင့်ထားကြောင်း သတင်းထောက်များအား ပြောကြားခဲ့သည်။ ယခုသီတင်းပတ်တွင် ထိုင်ဝမ်၌ မိုးသည်းထန်စွာရွာသွန်းမည်ဟု ခန့်မှန်းထားသောကြောင့် Hualien တွင် နောက်ထပ်ဘေးအန္တရာယ်များအတွက် ကြိုတင်ပြင်ဆင် ထားရန် လိုအပ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။
ထိုင်ဝမ်သမ္မတ Tsai Ing-wen ကလည်း ၎င်း၏ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ပြည်သူများအား တောင်များနှင့် ဝေးဝေးနေရန်နှင့် သတိရှိကြရန် တိုက်တွန်းထားသည်။ ကျွန်း၏အနောက်ဘက်ကမ်းရိုးတန်းရှိ ထိုင်ဝမ်တစ်ပိုင်းလျှပ်ကူး ထုတ်လုပ်ရေးကုမ္ပဏီ (TSMC) က ဝန်ထမ်းများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရသော်လည်း စက်ရုံနှင့် ဘေးကင်းရေးစနစ်များမှာ ပုံမှန်အတိုင်း လုပ်ဆောင်နေပြီး ဝန်ထမ်းများအားလုံး ဘေးကင်းကြောင်း ပြောကြားခဲ့သည်။ ထိုင်ဝမ်သည် ငလျင်လှုပ်ခတ်နိုင်ခြေများသော ကျွန်းစုနှစ်ခု၏ အဆုံတွင် တည်ရှိသည်။ ၂၀၁၆ ခုနှစ်တွင် ထိုင်ဝမ်တောင်ပိုင်း၌ လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် လူပေါင်း ၁၀၀ ကျော် သေဆုံးခဲ့ပြီး ၁၉၉၉ ခုနှစ်တွင် ပြင်းအား ၇ ဒသမ ၃ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ရာ လူပေါင်း ၂,၀၀၀ ကျော် သေဆုံးခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ညောင်ရွှေမြို့နယ်တွင် ရင်ချင်းဆက်ကလေးငယ်(၂)ဦးမွေးဖွားခဲ့သော်လည်း တစ်ရက်ကျော်သာ အသက်ရှင်ခဲ့
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ