အစ္စရေး၏ ဒရုန်းတိုက်ခိုက်မှုအပေါ် ပြန်လည်လက်တုံ့ပြန်သွားဖို့မရှိကြောင်း အီရန်အချက်ပြ
ALynn (NSS) - ဧပြီ ၂ဝ
ဧပြီလ ၁၉ ရက် (သောကြာနေ့)က အီရန်နိုင်ငံတွင် ပေါက်ကွဲမှုများဖြစ်ပေါ်ခဲ့ပြီး ယင်းမှာ အစ္စရေး၏ တိုက်ခိုက်မှုဖြစ်ကြောင်း သတင်းရင်းမြစ်များအရသိရသည်။
သို့သော် အီရန်ဘက်မှ ၎င်းဖြစ်ရပ်နှင့်ပတ်သက်၍ တုံ့ပြန်ရန်အစီအစဉ်မရှိကြောင်း ဖော်ပြခဲ့သည်။ အီရန်နိုင်ငံခြားရေးဝန်ကြီး၏ပြောကြားချက်အရ Isfahan မြို့ကို တိုက်ခိုက်ခဲ့သည့် အစ္စရေး၏ ဒရုန်းများမှာ အသေးစားဖြစ်ပြီး ကြီးကြီးမားမားထိခိုက်မှုမရှိခဲ့ကြောင်းသိရသည်။
အစ္စရေး၏ အကန့်အသတ်ဖြင့်သာတိုက်ခိုက်ခြင်းနှင့် အီရန်ဘက်မှ တုံ့ပြန်မှုမရှိခြင်းတို့က ဒေသတွင်းစစ်နယ်ပယ်ကျယ်ပြန့်လာမည့်အရေးကို ဟန့်တားဖို့ကြိုးပမ်းနေသည့် သံတမန်များအတွက် အောင်မြင်မှုရလဒ်ဖြစ်လာသည်။
အစ္စရေးဘက်ကလည်း ၎င်းဖြစ်ရပ်နှင့်ပတ်သက်၍ ပြောကြားခဲ့ခြင်းမရှိသလို ၎င်း၏မဟာ မိတ် အမေရိကန်ဘက်ကလည်း မှတ်ချက်ပြုခြင်းမရှိခဲ့ပါ။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက အမေရိကန်သည် အစ္စရေး၏လုံခြုံရေးအတွက်သာ ကတိကဝတ်ပြုသွားမည်ဖြစ်ပြီး လက်တုံ့ပြန်ခြင်းလုပ်ရပ်များတွင် ပါဝင်သွားမည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။
ဂါဇာကမ်းမြောင်တွင် စစ်ပွဲစတင်ချိန်မှစ၍ အစ္စရေးနှင့် အီရန်အကြား ကြားခံစစ်ပွဲများဆင်နွှဲခြင်း ဖြင့် ဒေသတွင်း တင်းမာမှုကို မြင့်တက်လာစေသည်။ ယခုအခါ ထိုကြားခံစစ်ပွဲများသည် ထိပ်တိုက် စစ်ပွဲအသွင် ကူးပြောင်းသွားနိုင်သည့် စိုးရိမ်ဖွယ်အခြေအနေများရှိနေသည်။ အမေရိကန်အပါအဝင် မဟာမိတ်များက အစ္စရေးအနေဖြင့် လက်တုံ့ပြန်ခြင်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဆိုပါက တင်းမာမှုများက လျော့ကျသွားမည်မဟုတ်ကြောင်း သတိပေးခဲ့ပြီး အစ္စရေး ကျေနပ်စေရန်လည်း အနောက်နိုင်ငံများက အီရန်အပေါ် တင်းကျပ်သောအရေးယူပိတ်ဆို့မှုများချမှတ်ပေးခဲ့သည်။
ဒရုန်းတိုက်ခိုက်မှုများကြောင့် ပိတ်ဆို့ထားခဲ့ရသော လေဆိပ်များကို အီရန်အစိုးရက ယနေ့နံနက် (ဧပြီလ ၂၀ ရက်) တွင် ပြန်လည်ဖွင့်လှစ်ခဲ့သည်။ သို့သော် ဒေသတွင်း ခရီးသွားလုပ်ငန်းမှာ အဟန့်အတားများရှိနေဆဲဖြစ်ပြီး အချို့သော နိုင်ငံတကာလေကြောင်းလိုင်းများကို ရပ်နားထားရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
လူထောင်ပေါင်းများစွာကို ကယ်ဆယ်ပြီးနောက် အင်ဒိုနီးရှားနိုင်ငံရှိ Ruang မီးတောင် ထပ်မံပေါက်ကွဲမှုဖြစ်ပွား
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ