အစ္စရေးက အီရန်ကို လက်တုံ့ပြန်တိုက်ခိုက်ပြီးနောက် စိတ်အေးအေးထားဖြေရှင်းကြဖို့ ကမ္ဘာ့ခေါင်းဆောင်များ တောင်းဆို
Pika (NSS) - ဧပြီ ၂ဝ
အစ္စရေးက အီရန်ကို လက်တုံ့ပြန်တိုက်ခိုက်မှုတွေ လုပ်ဆောင်ပြီးတဲ့နောက်မှာတော့ စိတ်အေးအေးထားပြီး ဖြေရှင်းကြဖို့ ကမ္ဘာ့ခေါင်းဆောင်တွေက တောင်းဆိုခဲ့ပါတယ်။
အီရန်နိုင်ငံ အလယ်ပိုင်းပြည်နယ်တစ်ခုမှာ ပေါက်ကွဲမှုတွေဖြစ်ပွားခဲ့တယ်လို့ အီရန်မီဒီယာတွေက ဖော်ပြခဲ့ပြီးတဲ့နောက်မှာတော့ အခုလိုမျိုးတောင်းဆိုမှုတွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း အဲဒီတိုက်ခိုက်မှုတွေနဲ့ပတ်သက်ပြီး အစ္စရေးဘက်က လူသိရှင်ကြားမှတ်ချက်ပေးတာမျိုးတော့ မရှိသေးပါဘူး။ လက်တုံ့ပြန်တိုက်ခိုက်မှုအတွင်း အစ္စရေးဘက် အသုံးပြုခဲ့တဲ့ မိုက်ခရိုဒရုန်းတွေကြောင့် လူသေဆုံးတာမျိုး ဒါမှမဟုတ် ထိခိုက်ပျက်စီးတာမျိုးမရှိခဲ့ဘူးလို့ အီရန်နိုင်ငံခြားရေးဝန်ကြီး Hossein Amir-Abdollahian ကပြောကြားခဲ့ပါတယ်။
ဒါပေမယ့်လည်း အရှေ့အလယ်ပိုင်းဒေသမှာ ရန်လိုမှုတွေ ပိုမိုများပြားလာတာကြောင့် ရေနံ၊ရွှေနဲ့ရှယ်ယာ ဈေးနှုန်းတွေ ထိုးတက်ခဲ့ပြီး ကမ္ဘာ့ဈေးကွက်ကို မတည်မငြိမ်ဖြစ်စေခဲ့တယ်လို့လည်း သိရပါတယ်။ လွန်ခဲ့တဲ့ သီတင်းပတ်တစ်ပတ်ခန့်က အီရန်က အစ္စရေးကို ရာနဲ့ချီတဲ့ ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ပစ်ခတ်တိုက်ခိုက်ပြီးတဲ့နောက်မှာတော့ လက်တုံ့ပြန်တိုက်ခိုက်မှုတွေ လုပ်ဆောင်သွားမယ်လို့ အစ္စရေးဘက်က သတိပေးပြောဆိုခဲ့တယ်လို့လည်း သိရပါတယ်။ အစ္စရေးက အီရန်ကို လက်တုံ့ပြန်တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ အမေရိကန်လွှတ်တော် အကြီးတန်းသတင်းရင်းမြစ်တစ်ခုက အေဖက်ပီသတင်းဌာနကိုပြောဆိုခဲ့ပါတယ်။ဒါပေမယ့်လည်း အစ္စရေးရဲ့တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး နောက်ထပ်အသေးစိတ်အချက် အလက်တွေကို ထုတ်ဖော်ပြောဆိုဖို့ အဲဒီသတင်းရင်းမြစ်က ငြင်းဆိုခဲ့တယ်လို့လည်းသိရပါတယ်။
အစ္စရေးဟာ အီရန်အပေါ် လက်တုံ့ပြန်တိုက်ခိုက်မှုတွေကို ဧပြီလ(၁၉)ရက်နေ့က လုပ်ဆောင်ခဲ့တာဖြစ်ပြီး အီရန်နိုင်ငံတစ်ဝှမ်းမှာ လေကြောင်းရန်ကာကွယ်ရေးစနစ်တွေကို အသင့်အနေ အထားနဲ့ ပြင်ဆင်ထားခဲ့ရတယ်လို့လည်း အီရန်မီဒီယာတွေရဲ့ဖော်ပြချက်အရ သိရပါတယ်။အဲဒီလက်တုံ့ပြန်တိုက်ခိုက်မှုက အစ္စရေးဟာ အီရန်နိုင်ငံတွင်းအထိကို ပစ်ခတ်တိုက်ခိုက်နိုင်စွမ်းရှိတယ်ဆိုတဲ့အချက်ကို ပြသဖို့ရည်ရွယ်ထားတယ်လို့လည်း အမည်မသိအစ္စရေးအရာရှိတစ်ဦးက ပြောဆိုခဲ့ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဘင်္ဂလားဒေရှ့်နိုင်ငံဘက်ခြမ်းကိုရောက်ရှိနေသော မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင် ၂၈၅ ဦးကို ဧပြီ ၂၂ ရက်နေ့တွင် ပြန်လည်ခေါ်ယူမည်
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ