အစ္စရေးက အီရန်ကို လေကြောင်းမှပစ်ခတ်တိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်ခဲ့ဟုဆို
Pika (NSS) - ဧပြီ ၁၉
ဧပြီလ(၁၉)ရက် အစောပိုင်းမှာ အစ္စရေးက အီရန်နိုင်ငံကို လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်မှုတွေ ဆက်တိုက် လုပ်ဆောင်ခဲ့တယ်လို့ အမေရိကန်အကြီးတန်းအရာရှိတွေရဲ့ပြောကြားချက်ကို ကိုးကားပြီး သတင်းမီဒီယာအများအပြားက ရေးသားဖော်ပြခဲ့ပါတယ်။
အီရန်နိုင်ငံဟာ အစ္စရေးနိုင်ငံကို ဒရုန်းတွေ၊ဒုံးကျည်တွေနဲ့ပစ်ခတ်တိုက်ခိုက်ပြီးတဲ့နောက် သီတင်းပတ် တစ်ပတ် အကြာမှာ ဒီလိုသတင်းတွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။ ဧပြီလ(၁၉)ရက် နံနက်(၄)နာရီအချိန်မှာ Isfahan မြို့ရဲ့ ကောင်းကင်မှာ ပေါက်ကွဲသံတွေကို ကြားခဲ့ရတယ်လို့ အီရန်သီတင်းအေဂျင်စီ Mehr က ရေးသားဖော်ပြထားပါ တယ်။
အီရန်နိုင်ငံရဲ့နေရာအများအပြားမှာ လေကြောင်းရန်ကာကွယ်ရေးစနစ်တွေကို အသင့်အနေအထားနဲ့ ပြင်ဆင်ထား ခဲ့ရတယ်လို့ IRNA သတင်းဌာနက ဖော်ပြထားပါတယ်။ ပြီးတော့ အစ္စရေးဟာ ဆီးရီးယားနဲ့ အီရတ်တို့ကိုလည်း ဒုံးကျည်တွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်ဘက်ဆိုင်ရာလေယာဉ်ကွင်းတွေနဲ့ ရေဒါစခန်းတွေကို ထိမှန်ခဲ့တယ်လို့ လည်း သိရပါတယ်။
ဒရုန်းအများအပြားကို ပစ်ချနိုင်ခဲ့တယ်လို့ အီရန်ရဲ့အရပ်ဘက်အာကာသအစီအစဉ်ရဲ့ပြောရေးဆိုခွင့်ရှိသူ Hossein Dalirian က ပြောကြားထားပေမယ့်လည်း Isfahan မြို့ကို ဒုံးကျည်တွေနဲ့ပစ်ခတ်တိုက်ခိုက်ခံရတာကို အတည်ပြု တာမျိုးတော့ မရှိသေးပါဘူး။ တိုက်ခိုက်မှုတွေဖြစ်ပွားပြီးတဲ့နောက်မှာတော့ အီရန်အစိုးရဟာ တီဟီရန်မြို့နဲ့ Isfahan မြို့တို့ အပါအဝင် အခြားလေဆိပ်အများအပြားမှာ လေကြောင်းပျံသန်းမှုတွေကို ဆိုင်းငံ့ထားခဲ့တယ်လို့ Al Jazeera သတင်းဌာနက ဖော်ပြထားပါတယ်။
အစ္စရေးရဲ့လေကြောင်းကတိုက်ခိုက်မှုတွေဟာ နျူကလီးယားနေရာတွေကို ပစ်မှတ်ထားတာမျိုး မရှိခဲ့ဘူးလို့ အမည် မဖော်လိုတဲ့အမေရိကန်အရာရှိတစ်ဦးက ပြောကြားထားပါတယ်။ အီရန်နဲ့ ဆီးရီးယားကို လေကြောင်းမှ တိုက်ခိုက် မှုတွေ လုပ်ဆောင်ခဲ့တယ်ဆိုတဲ့အစီရင်ခံစာတွေနဲ့ပတ်သက်ပြီး မေးမြန်းမှုတွေကို အစ္စရေးစစ်တပ်က ပြန်လည် တုံ့ပြန်ဖြေကြားခဲ့တယ်လို့လည်း သိရပါတယ်။ အစ္စရေးစစ်တပ်က “ဒီအချိန်မှာ ကျွန်တော်တို့ မှတ်ချက်တွေ ပေးမှာ မဟုတ်သေးပါဘူး” ဟု ပြောခဲ့ပါတယ်။
အီရန်နိုင်ငံ Isfahan မြို့မှာ ကြားခဲ့ရတဲ့ပေါက်ကွဲမှုတွေအတွက် အစ္စရေးမှာ တာဝန်ရှိတယ်ဆိုတဲ့အချက်ကို အတည်ပြုပေးဖို့ အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုက ငြင်းဆိုခဲ့တယ်လို့လည်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဘူးသီးတောင်မြို့တွင် လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲခဲ့ရာ (၄)ဦး သေဆုံးခဲ့ပြီး (၉)ဦးထိခိုက်ဒဏ်ရာရ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ