မီးတောင်ပေါက်ကွဲမှုကြောင့် အင်ဒိုနီးရှားမြောက်ပိုင်းတွင် လူပေါင်း ၁၁,၀၀၀ ကျော် ရွှေ့ ပြောင်းခဲ့ရ
ALynn (NSS) - ဧပြီ ၁၈
အင်ဒိုနီးရှားမြောက်ပိုင်းရှိ မီးတောင် အကြိမ်ကြိမ်ပေါက်ကွဲမှုကြောင့် လူပေါင်း ၁၁,၀၀၀ ကျော် ရွှေ့ပြောင်းခဲ့ရပြီး ဒေသတွင်း လေကြောင်းခရီးသွားလာမှုများကိုပါ ထိခိုက်လာစေကြောင်း သိရသည်။
မြောက်ပိုင်းဆူလာဝေစီပြည်နယ်ရှိ Ruang တောင်သည် ပြီးခဲ့သည့် အင်္ဂါနေ့ (ဧပြီလ ၁၆ ရက်)က စတင်ပေါက်ကွဲခဲ့သည်။ ထို့နောက် ဗုဒ္ဓဟူးနေ့တွင် ထပ်မံ၍ ၄ ကြိမ်ပေါက်ကွဲမှုဖြစ်ပြီး နောက် အင်ဒိုနီးရှားမီးတောင်အေဂျင်စီက မီးတောင်ပေါက်ကွဲမှုသတိပေးချက်အဆင့်ကို ၄ အဖြစ် သတ်မှတ်ခဲ့သည်။ အစောပိုင်းတွင် လူ ၈၀၀ ကျော်ခန့် အနီးပတ်ဝန်းကျင်ရှိ Tagulandang ကျွန်းသို့ ပြောင်းရွှေ့မှုများ ပြုလုပ်ခဲ့ရသည်။ သို့သော် ယနေ့နံနက် (ဧပြီလ ၁၈ ရက်) တွင် အာဏာပိုင်များက ပေါက်ကွဲမှုဇုန်သည် ပိုမိုကျယ်ပြန့်လာနိုင်သောကြောင့် လူများထပ်မံပြောင်းရွှေ့ဖို့လိုအပ်မည်ဖြစ်ကြောင်း ပြောခဲ့သည်။ ထို့ပြင် အာဏာပိုင်များက ယခင် ၁၈၇၁ ခုနှစ်က မီးတောင်ပေါက်ကွဲမှုဖြစ်ရပ်ကဲ့သို့ ပင်လယ်ထဲသို့ မီးတောင်ပြိုကျပြီး ဆူနာမီဖြစ်ပေါ်လာနိုင်သည့် အရေးကိုလည်း ပူပန်နေကြသည်။
အင်ဒိုနီးရှား ဘူမိဗေဒအေဂျင်စီဥက္ကဋ္ဌ၏ ဖော်ပြချက်အရ မီးတောင်ပေါက်ကွဲမှု ပထမအဆင့်တွင် အမြင့် ၂ ကီလိုမီတာအထိ ပြာမှုန်များတက်သွားပြီး ဒုတိယအကြိမ်တွင်မူ ၂ ဒသမ ၅ ကီလိုမီတာ အထိပေါက်ကွဲသွားကြောင်း သိရသည်။
လေကြောင်းအာဏာပိုင်များက Sam Ratulangi အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ဧပြီလ ၁၈ ရက်၊ ညနေပိုင်းအထိ ပိတ်ထားရန် ကြေညာခဲ့သည်။ ၎င်းလေဆိပ်သည် တရုတ်၊ စင်ကာပူနှင့် တောင်ကိုရီးယားနိုင်ငံများကို ပြေးဆွဲလျက်ရှိသော လေဆိပ်လည်းဖြစ်သည်။ ထို့ပြင် ၎င်းမီးတောင်ပေါက်ကွဲမှုကြောင့် အိမ်နီးချင်းမလေးရှားနိုင်ငံ၏ Kota Kinabalu အပြည်ပြည်ဆိုင်ရာလေဆိပ်၏ လေကြောင်းပြေးဆွဲမှုများကိုလည်း အနှောင့်အယှက်ဖြစ်စေခဲ့သည်။ ၎င်းလေဆိပ်သည် ဘော်နီယို ကျွန်းပေါ်တွင်ရှိပြီး Ruang မီးတောင်နှင့် ၁,၁၀၀ ကီလိုမီတာအကွာတွင်ရှိသည်။ အင်ဒိုနီးရှားနိုင်ငံတွင် မီးတောင်ရှင်ပေါင်း ၁၂၀ ခန့်ရှိသည်။ ၂၀၁၈ ခုနှစ်ကလည်း Anak Krakatoa မီးတောင်ပေါက်ကွဲမှုကြောင့် ဆူမားတြားနှင့် ဂျာဗားကျွန်းတို့တွင် ဆူနာမီဖြစ်ပေါ်ကာ လူရာနှင့်ချီသေဆုံးခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နေအိမ်၌အိပ်ပျော်နေသည့် မိသားစုဝင်(၃)ဦးကို ဆွေမျိုးတော်စပ်သူတစ်ဦးက ဓားဖြင့်ဝင်ထိုးခဲ့ရာ တစ်ဦးပွဲချင်းပြီးသေဆုံးမှု မကွေးတွင်ဖြစ်ပွား
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ