နေအိမ်၌အိပ်ပျော်နေသည့် မိသားစုဝင်(၃)ဦးကို ဆွေမျိုးတော်စပ်သူတစ်ဦးက ဓားဖြင့်ဝင်ထိုးခဲ့ရာ တစ်ဦးပွဲချင်းပြီးသေဆုံးမှု မကွေးတွင်ဖြစ်ပွား
သန့်ဇင် (NSS) - ဧပြီ ၁၈
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်တွင် နေအိမ်၌အိပ်ပျော်နေသည့် မိသားစုဝင်(၃)ဦးကို ဆွေမျိုးတော်စပ်သူတစ်ဦးက ဓားဖြင့်ဝင်ထိုးခဲ့ရာ တစ်ဦးပွဲချင်းပြီးသေဆုံးသွားခဲ့ကြောင်း ပရဟိတမင်းခေါင်ရှာဖွေကယ်ဆယ်ရေးအဖွဲ့ထံမှ သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့(ဧပြီလ ၁၇ ရက်)၊ ည ၉နာရီအချိန်တွင် မကွေးတိုင်း၊ မကွေးမြို့နယ်၊ ကျွဲခြံကျေးရွာ၌ အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ဘယ်လိုဖြစ်တာလဲဆိုတော့ အိပ်နေတဲ့အချိန်မှာဝင်ထိုးတာ။ မိသားစု(၃)ယောက်အိပ်နေတာပေါ့။ ဓားနဲ့ထိုးတဲ့လူရဲ့ ဦးလေးလင်မယားနဲ့ သူတို့ချွေးမအိပ်နေတာကို ဓားနဲ့ဝင်ထိုးတာပါ။ ထိုးတဲ့လူကလည်း အရက်သောက်ထားတယ်”ဟု ပရဟိတမင်းခေါင်ရှာဖွေ ကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
အဆိုပါဖြစ်စဉ်တွင် ဓားဖြင့်ထိုးသတ်ခံရသည့်အမျိုးသားမှာ ကျွဲခြံကျေးရွာတွင်နေထိုင်သည့် အသက်(၆၆)နှစ်အရွယ် ဦးသန်းဌေးဖြစ်ပြီး ရင်ညွန့်တွင် ထိုးသွင်းဒဏ်ရာ(၂)ချက်ဖြင့် အခင်း ဖြစ်နေရာ၌ ပွဲချင်းပြီးသေဆုံးသွားခဲ့ကြောင်း သိရသည်။ ထို့ပြင် ၎င်း၏ဇနီးဖြစ်သူ အသက်(၆၆)နှစ်အရွယ် ဒေါ်ပြုံးချိုတွင် ပြတ်ရှဒဏ်ရာတစ်ချက်နှင့် ချွေးမဖြစ်သူ အသက်(၂၉)နှစ်အရွယ် မဝေဝေဦးတွင်လည်း ရင်ဘက်ထိုးသွင်းဒဏ်ရာတစ်ချက်တို့ရရှိခဲ့ကြောင်း သိရသည်။
“ထိုးတဲ့သူက အသက်(၅၄)နှစ်ရှိတဲ့ ကိုတင်မောင်ဆွေလို့သိရတယ်။ တစ်ရွာတည်းသားတွေ သေဆုံးသူနဲ့ဆိုတူတော်စပ်သူပေါ့။ အခုသတ်တဲ့လူကလည်း အရင်က သူ့မိန်းမနဲ့သားကိုသတ်ပြီး ထောင်ကျဖူးတယ်လို့သိရတယ်။ အခုမှထောင်ကထွက်လာတာ မကြာသေးဘူး။ ဘယ်လိုရန်ငြိုးတွေ ရှိလည်းမသိပေမယ့် အရက်သောက်ထားတော့ အရက်ရဲ့ဆိုးကျိုးတွေလည်းပါတာပေါ့” ဟု ၎င်းကဆက်လက်ပြောသည်။
သေဆုံးသူအမျိုးသား၏ရုပ်အလောင်းကို ပရဟိတမင်းခေါင်ရှာဖွေကယ်ဆယ်ရေးအဖွဲ့က မကွေးတိုင်းပြည်သူ့ဆေးရုံကြီးသို့ ကူညီပို့ဆောင်ပေးခဲ့ပြီး လက်ရှိတွင် ပြစ်မှုကျူးလွန်သူအမျိုးသားကို သက်ဆိုင်ရာက စုံစမ်းရှာဖွေလျက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရန်ကုန်အပါအဝင် တိုင်းနှင့်ပြည်နယ်အချို့တွင် ယခုရက်ပိုင်းအတွင်း အချိန်အခါမဟုတ် မိုးရွာသွန်းနိုင်ဟု မိုးဇလခန့်မှန်း
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း