ရန်ကုန်မြို့အပြင် အခြားမြို့နယ်များတွင် လေပြင်းတိုက်ခတ်မှုနှင့်အတူ အချိန်အခါမဟုတ် မိုးရွာသွန်းခြင်းကြောင့် ထိခိုက်ပျက်စီးမှုများရှိခဲ့
သန့်ဇင်(NSS) - ဧပြီ ၁၁
ရန်ကုန်မြို့အပြင် အခြားမြို့နယ်များတွင် လေပြင်းတိုက်ခတ်မှုနှင့်အတူ အချိန်အခါမဟုတ်မိုးရွာသွန်းခြင်းကြောင့် ထိခိုက်ပျက်စီးမှု များရှိခဲ့ကြောင်း ဒေသခံလူမှုကူညီရေးအသင်းများထံမှ သိရသည်။
လေပြင်းတိုက်ခတ်ခြင်းနှင့် မိုးရွာသွန်းခြင်းကြောင့် ယမန်နေ့ (ဧပြီလ ၁၀ရက်)၊ ည ၉နာရီ ၅မိနစ်အချိန်တွင် ဒဂုံမြိုသစ်(တောင်ပိုင်း)မြိုနယ်၊ (၁၈)ရပ်ကွက်၊ ကမ္ဘောဇ(၂)လမ်းတွင် သစ်ပင်လဲပြီး ကားပေါ်ပိမှုဖြစ်ပွားခဲ့ကြောင်း H Rescue အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ထံမှ သိရသည်။
“မနေ့ကလေကတော့တော်တော်ပြင်းတယ်။ သစ်ပင်လဲပြီး ကားပိတယ်လို့ကြားမိပါတယ်။ အခြားထိခိုက်ပျက်စီးတာတော့မရှိပါဘူး” ဟု H Rescue အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
ထို့ပြင် မင်္ဂလာဒုံမြို့နယ်၊ ဝါယာလက်၊ ပေါက်ကုန်းရပ်ကွက်၊ အပိုင်(၁၀)၊ မဥ္ဇူသကလမ်းတွင်လည်း သစ်ကိုင်းကျိုးကျခဲ့သဖြင့် ဆိုင်ကယ်စီးလာသည့် လူ(၂)ဦးထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
အလားတူ အဆိုပါနေ့ညပိုင်းအချိန်တွင် ပဲခူးတိုင်း၊ ပဲခူးမြို့နယ်နှင့် သနပ်ပင်မြို့နယ်များတွင်လည်း အချိန်အခါမဟုတ်မိုးရွာသွန်းခြင်း ၊လေပြင်းတိုက်ခတ်ခြင်းနှင့် မိုးကြိုးပစ်ခြင်းများရှိခဲ့ကြောင်း သိရသည်။“ပဲခူးဘက်မှာတော့ မိုးရွာတယ်။ လေပြင်းတွေတိုက်တယ်။ သစ်ကိုင်းကျိုးတာတို့ သစ်ပင်လဲတာတို့တော့မရှိဘူး။ လေပြင်းတွေတိုက်ပြီး မိုးကြိုးပစ်တာတွေတော့ရှိတယ်”ဟု ပဲခူးခရိုင်မီးသတ်စခန်းမှတာဝန်ရှိသူတစ်ဦးက ဆက်လက်ပြောသည်။
မိုးသည်းထန်ကာ လေပြင်းတိုက်ခတ်မှုများကြောင့် ရှမ်းပြည်နယ်၊ မိုင်းတုံမြို့ရှိ ဝမ်မိုင်စေတီတွင်လည်း ထီးတော်မြေခခဲ့ပြီး ပိဋကတ် ကျောင်းဆောင် တစ်ခုပြိုကျပျက်စီးခဲ့ကာ သစ်ပင်များလဲ၍ လျှပ်စစ်မီးပြတ်တောက်မှုများဖြစ်ပွားခဲ့ သိရသည်။
ပြီးခဲ့သည့် ဧပြီလ ၇ရက်၊ ညပိုင်းကလည်း မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ မင်းကန်ကျေးရွာ၌ လေပြင်းတိုက်ခတ်မှုကြောင့် လက်ပံပင်လဲကျခဲ့ရာ အသက်(၆၅)နှစ်အရွယ် အဖွားတစ်ဦး သေဆုံးခဲ့ဖူးသည်။
ထို့ကြောင့် ပြည်သူများအနေဖြင့် ယခုကဲ့သို့အချိန်အခါမဟုတ်မိုးရွာခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုး ပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းများကို သတိပြု ၍နေထိုင်ရန် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တပ်မတော်၏ ခလရ - ၂၇၅ တပ်ရင်းကို KNLA ပူးပေါင်းအဖွဲ့က ယနေ့ နံနက်အစောပိုင်းတွင် သိမ်းပိုက်ဟုဆို
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ