အမေရိကန်တွင် အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ပွားလာနိုင်ခြေနှင့်ပတ်သက်ပြီး ကမ္ဘာကျော်ဘီလျံနာ အီလွန်မတ် သတိပေး
Pika (NSS) - ဧပြီ ၁ဝ
အမေရိကန်အစိုးရအနေဖြင့် တောင်ပိုင်းနယ်စပ်ရှိ အကျပ်အတည်းနှင့် ရွှေ့ပြောင်းနေထိုင်သူများ အများအပြား ဝင်ရောက်လာမှုကို မဖြေရှင်းမချင်း ၂ဝဝ၁ ခုနှစ်က ဖြစ်ပွားခဲ့သည့် 9/11 အကြမ်းဖက်တိုက်ခိုက်မှုကဲ့သို့သော ဖြစ်ရပ်ဖြစ်ပွားလာနိုင်ကြောင်း ကမ္ဘာကျော်ဘီလျံနာသူဋ္ဌေးကြီးအီလွန်မတ်က သတိပေးပြောခဲ့သည်။
ရွှေ့ပြောင်းနေထိုင်သူများကို အစုလိုက်အပြုံလိုက် ပြည်နှင်ဒဏ်ပေးရေး နှင့် အမေရိကန်-မက္ကဆီကိုနယ်စပ်ကို ပိတ်ပစ်ရန် တောင်းဆိုခဲ့သည့် ရီပတ်ဘလီကန်သမ္မတလောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ဖူးသူ စီးပွားရေး လုပ်ငန်းရှင် Vivek Ramaswamy ၏ ပြောဆိုမှုများကို အီလွန်မတ်က ယခုကဲ့သို့မှတ်ချက်ပြုပြောဆိုခဲ့ခြင်းဖြစ်သည်။
Vivek Ramaswamy က “ကျွန်တော်တို့ရဲ့နယ်စပ်ကို ဖြတ်ကျော်ဝင်ရောက်လာတဲ့ တရားမဝင်ရွှေ့ပြောင်း နေထိုင် သူတွေရဲ့ (ဝ ဒသမ ၁) ရာခိုင်နှုန်းမှာသာ ရန်လိုတဲ့ရည်ရွယ်ချက်တွေ ရှိနေခဲ့မယ်ဆိုရင် သောင်းနဲ့ချီတဲ့ ရွှေ့ပြောင်း နေထိုင်သူတွေဟာ အကြမ်းဖက်တိုက်ခိုက်သူတွေ ဖြစ်လာပါလိမ့်မယ်။ ဒီပြဿနာကို အဓိကထား အာရုံမစိုက်ဘူး ဆိုရင် နောက်ထပ် 9/11 အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ရပ်ကို ကျွန်တော်တို့ တွေ့မြင်ရပါလိမ့်မယ်” ဟု ပြောခဲ့သည်။
အမေရိကန်-မက္ကဆီကိုနယ်စပ်ကို ရွှေ့ပြောင်းနေထိုင်သူများ တရားမဝင် ဖြတ်ကျော်ဝင်ရောက်ခြင်း နှင့် မည်သည့် အထောက်အထားမှ ပြသခြင်းမျိုးမရှိဘဲ ခိုလှုံခွင့်တောင်းခံခြင်းသည် အမေရိကန်ကို ကမ္ဘာပေါ်တွင် အဆိုးရွားဆုံး ရာဇဝတ်ကောင်များ၏ ခိုလှုံရာနေရာတစ်ခုအဖြစ် ပြောင်းလဲသွားစေခဲ့ကြောင်း အီလွန်မတ်က ယခင်က ပြောခဲ့ဖူး သည်။
ဗင်နီဇွဲလားနိုင်ငံတွင် လူသတ်မှုနှုန်းသည် (၂၂)နှစ်အတွင်း အနိမ့်ဆုံးသို့ ကျဆင်းသွားကြောင်း သတင်းများ ထွက်ပေါ်လာခဲ့ပြီးနောက် ဗင်နီဇွဲလားရာဇဝတ်ဂိုဏ်းများသည် အမေရိကန်သို့ပြောင်းရွှေ့လာခြင်းကြောင့် ယခုကဲ့သို့ လူသတ်မှုနှုန်းကျဆင်းသွားခြင်း ဖြစ်နိုင်ဖွယ်ရှိကြောင်း လူအချို့က အကြံပြုပြောခဲ့သည်။
၂ဝ၂၁ ခုနှစ်တွင် Pew Research စင်တာက စုဆောင်းထားသော အချက်အလက်များအရ လက်ရှိအချိန်တွင် အမေရိကန်မှာ တရားမဝင်နေထိုင်သူ(၁ဝ ဒသမ ၅) သန်းခန့် ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အီရန်နျူကလီးယားနေရာတွေကို အစ္စရေးနိုင်ငံတိုက်ခိုက်ဖို့ အဆင်သင့်ဖြစ်နေဟုဆို
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ