ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၁)ကို တိုင်းစစ်ဌာနချုပ်အသီးသီး၌ စတင်ဖွင့်လှစ်
မြူနစ် (NSS) - ဧပြီ ၉
ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၁)ဖွင့်ပွဲများကို တိုင်းစစ်ဌာနချုပ်အသီးသီး၌ ယမန်နေ့(ဧပြီ ၈ ရက်)တွင် စတင်ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း နစကမှ သတင်းထုတ်ပြန်ထားသည်။
ယခုကဲ့သို့ စတင်ဖွင့်လှစ်လိုက်သည့် ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၁)ကို တိုင်းနှင့် ပြည်နယ်အသီးသီးရှိ လူငယ်များက ၎င်းတို့၏သဘောဆန္ဒအရ စာရင်းပေးသွင်းကာ တက်ရောက်လာခြင်းဖြစ်ကြောင်း သိရသည်။
စစ်မှုထမ်းရန် မိမိတို့၏ သဘောဆန္ဒအလျောက် စာရင်းပေးသွင်းလာသူများအနက် သင်တန်းတက်ရောက်ရန်အရည်အချင်းပြည့်မီသူများကို စုဖွဲ့ကာ ယမန်နေ့ နံနက်ပိုင်းတွင် သက်ဆိုင် ရာတိုင်းစစ်ဌာနချုပ်များအလိုက် နယ်မြေခံသင်တန်းကျောင်းအသီးသီးတွင် သင်တန်းဖွင့်ပွဲ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“အရင်ကတော့ သင်္ကြန်ကျော်မှ ဖွင့်ဖို့လုပ်ထားတာပေါ့။ အခုဟာက နည်းနည်းစောသွားတယ်။ တစ်ချို့ကလည်း Active ဖြစ်တယ်။ volunteer တွေလည်းများတဲ့အခါကြတော့ အချိန်မဆိုင်းတော့ဘဲနဲ့ စောဖွင့်လိုက်တာပေါ့”ဟု ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးဗဟိုအဖွဲ့မှ အရာရှိတစ်ဦးက NP News ကို ပြောသည်။
အဆိုပါ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၁)ဖွင့်ပွဲအခမ်းအနားများသို့ တိုင်းနှင့် ပြည်နယ်များရှိ ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများက တက်ရောက်ခဲ့ကြောင်းလည်း သိရသည်။ ၎င်းအမှတ်စဉ်(၁)သင်တန်းတွင် သင်တန်းသားဦးရေ (၅၀၀၀)ဝန်းကျင် တက်ရောက်ကာ စစ်ပညာသင်ယူနေလျက်ရှိကြောင်း သိရသည်။
“ကျွန်တော်ကတော့ ငယ်ငယ်ကတည်းက ဒီစစ်သားလုပ်ရတာကို စိတ်ဝင်စားပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် ကျွန်တော်ကျောင်းပြီးတဲ့အချိန်မှာ အဖေ၊ အမေက သဘောမတူလို့ ကျွန်တော်လျှောက်ခွင့်တောင်မရခဲ့ပါဘူး။ ခုတော့ဘွဲ့ရပြီးတော့ ကျောင်းပြီးတဲ့အချိန်မှာ ဒီစစ်မှုထမ်းဥပဒေလည်း ထွက်တဲ့အချိန်မှာ ကျွန်တော်အလွန်ဝမ်းသာစွာနဲ့ ကိုယ့်ဆန္ဒနဲ့ကျွန်တော် မြို့နယ်မှာစာရင်းသွင်းပြီးတော့ ဝင်ခဲ့တာဖြစ်ပါတယ်။ ကျွန်တော့်ပညာအရည် အချင်းကတော့ (Bachelor)ဘွဲ့ကို အမေရိက ကနေကျောင်းပြီးပါတယ်။ မဟာဘွဲ့ကိုတော့ ဥရောပမှာရှိတဲ့ ဘယ်လ်ဂျီယံနိုင်ငံကနေပြီးတော့ ကျောင်းပြီးထားပါတယ်။ ကျွန်တော် ဒါပြီးရင် အခွင့်အရေးပေးရင်တော့ ဗိုလ်လောင်းသင်တန်းတက်ဖို့ အစီအစဉ်ရှိပါတယ်”ဟု ပြည်သူ့စစ်မှုထမ်းသင်တန်း တက်ရောက်နေသူတစ်ဦး၏ ပြောဆိုမှုကို နစကဘက်က အသိပေးထုတ်ပြန်ထားသည်။
ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလတွင် ပြဋ္ဌာန်းခဲ့ခြင်းဖြစ်ပြီး ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၀ ရက်တွင် နစကအစိုးရမှ ၎င်းဥပဒေအား အာဏာသက်ဝင်သည့်အမိန့် ထုတ်ပြန်ခဲ့သည်။ ပြည်သူ့စစ်မှုထမ်းအမှတ်စဉ်(၁)သင်တန်းများကို တက်ရောက်ရန် ဆင့်ခေါ်ရေးလုပ်ငန်းစဉ်များကို မတ် ၉ ရက်နေ့တွင် စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အင်းစိန်မြို့နယ်တွင် ကွန်တိန်နာကားမှ ဝက်တင်ကားကိုဝင်တိုက်ခဲ့ရာ အမျိုးသား(၃)ဦးထိခိုက်ဒဏ်ရာရ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ