ဂါဇာကမ်းမြောင်ဒေသအတွင်းသို့အကူအညီများ ယာယီပေးပို့ ခွင့်ပြုရန် အစ္စရေးအစိုးရသဘောတူ
Pika (NSS) - ဧပြီ ၈
ပြီးခဲ့သည့် ၂ဝ၂၃ ခုနှစ် အောက်တိုဘာလ (၇) ရက်တွင်ဖြစ်ပွားခဲ့သော ဟားမတ်စ်လက်နက်ကိုင်အဖွဲ့၏ တိုက်ခိုက်မှု အပြီး ပိတ်ထားခဲ့သော Erez နယ်စပ်စစ်ဆေးရေးဂိတ်ကိုဖြတ်ကာ ဂါဇာကမ်းမြောင်ဒေသမြောက်ပိုင်းသို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများ ပေးပို့ခွင့်ပြုရန် အစ္စရေးနိုင်ငံက သဘောတူညီခဲ့ကြောင်း သိရသည်။
အစ္စရေးတပ်ဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် နိုင်ငံခြားအကူအညီပေးရေး လုပ်သား (၇)ဦး သေဆုံးခဲ့ခြင်းနှင့်ပတ်သက် ပြီး နိုင်ငံတကာက စိတ်ဆိုးဒေါသဖြစ်မှုများရှိခဲ့ပြီးနောက် အဆိုပါဆုံးဖြတ်ချက်ထွက်ပေါ်လာခြင်းဖြစ်သည်။
အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုက “အစ္စရေးက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေကို Ashdod ဆိပ်ကမ်းနဲ့ Erez နယ်စပ် စစ်ဆေးရေးဂိတ်တွေကနေတစ်ဆင့် ဂါဇာကမ်းမြောင်ဒေသကို ယာယီ ပို့ဆောင် ခွင့်ပြုမှာပါ။ ဒီယာယီပို့ဆောင်မှုဟာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကျပ်အတည်းကို တားဆီးပေးနိုင်ပါ လိမ့်မယ်။ပြီးတော့ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားဖို့နဲ့ ရည်မှန်းချက်ပန်းတိုင်ကို ရရှိဖို့အတွက် ဒီယာယီ ပို့ဆောင် ခွင့်တွေကို လုပ်ပေးဖို့လိုအပ်ပါတယ်” ဟု ပြောခဲ့သည်။
အစ္စရေး-ဟားမတ်စ် စစ်ပွဲစတင်ဖြစ်ပွားပြီး နောက်ပိုင်းတည်းက Erez နယ်စပ်စစ်ဆေးရေးဂိတ်ကို ပိတ်ထားခဲ့ခြင်းဖြစ်ပြီး အချိန် (၆)လနီးပါးကြာ ပိတ်ထားခဲ့ပြီးနောက် ယခုကဲ့သို့ အကူအညီများ ဖြတ်သန်းခွင့်ပြုရန် သဘောတူညီခဲ့ခြင်းဖြစ်သည်။
ထို့အပြင် အစ္စရေးအနေဖြင့် ဂါဇာကမ်းမြောင်ဒေသသို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများကို နှောင့်နှေးမှုမရှိဘဲ ချက်ချင်းဝင်ရောက်ခွင့်ပြုရန် နိုင်ငံတကာရာဇဝတ်တရားရုံးက ပြီးခဲ့သည့်ရက်ပိုင်းတွင် အမိန့် ချမှတ်ခဲ့ဖူးကြောင်းလည်း သိရသည်။
ပြီးခဲ့သည့်နှစ် အောက်တိုဘာလ (၇)ရက်တွင် အစ္စရေး-ဟားမတ်စ်စစ်ပွဲ စတင်ဖြစ်ပွားခဲ့ပြီး လက်ရှိအချိန်အထိ အစ္စရေးနိုင်ငံသား (၁၂၀ဝ)ကျော်သေဆုံးခဲ့ကာ ပါလက်စတိုင်း လူမျိုး(၃)သောင်းကျော် သေဆုံးထားကြောင်း အချက်အလက်များအရ သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယူကရိန်းက နေတိုးစစ်ရေးမဟာမိတ်အုပ်စုဝင်နိုင်ငံဖြစ်လာဖွယ်ရှိနေဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ပြောပြန်
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ