အပူချိန်မြင့်တက်လာသည့်အတွက် အပူရှပ်၍ သတိလစ်သူများ အပါအဝင် အကူအညီလိုအပ်သူများလည်းရှိလာ
NSS - ဧပြီ ၅
ရန်ကုန်တိုင်းဒေသကြီးတွင် အပူချိန်မြင့်တက်လာသည့်အတွက် အပူရှပ်၍ သတိလစ်သူများ အပါအဝင် အကူအညီလိုအပ်သူများလည်းရှိလာခဲ့ကြောင်း မြေပြင်တွင်လူမှုကူညီရေးလုပ်ငန်းများ လုပ်ဆောင်နေသည့် ပရဟိတအသင်းများထံ ဆက်သွယ်မေးမြန်းထားချက်များအရ သိရသည်။
ရန်ကုန်မြို့တွင် ဧပြီလ၊ လဆန်းပိုင်းမှစတင်ကာ အပူချိန်အလွန်အမင်းမြင့်တက်လာသောကြောင့် အပူရှပ်သည့်လက္ခဏာများကို ခံစားရသူများပြားလာခြင်း ဖြစ်ကြောင်း သိရသည်။
“ကျွန်မတို့ ကူညီတာတင်ပဲ ဒီလ ဧပြီလဆန်းပိုင်းကနေ အပူရှပ်လို့ ဖြစ်တဲ့လူနာက ရုတ်တရက်မဟုတ်ပေမဲ့ ဆေးရုံပို့ပြီး ပြန်ရောက်မှ ဆုံးတာနဲ့၊ ဖျားတာနာတွေပို့ရတာ(၁၀)ဦးလောက်ထိ ရှိတယ်။ နောက်ပြီး အပူရှပ်လို့ဖြစ်တဲ့နောက်တွဲတွေ အများကြီးဖြစ်လာနိုင်တယ်။ ဆရာဝန်တွေကတော့ ပိုသိတာပေါ့နော်။ ကျွန်မတို့တွေ့တဲ့လူတွေဆို အဖျားကြီးတယ်။ လည်ချောင်းနာတယ်။ ဝမ်းလျောတာတွေရှိမယ်။ နောက်ဆုံး ဦးနှောက်သွေးကြောပြတ်တဲ့အထိပါဖြစ်လာနိုင်တယ်” ဟု မြေပြင်တွင် လူမှုကူညီရေးလုပ်ငန်းများ လုပ်ကိုင်နေသူတစ်ဦးက NP News သို့ ပြောသည်။
ယခုနှစ် ဧပြီလမှ စတင်ကာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် နေ့အပူချိန်များ မြှင့်တက်လာနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ အသိပေးပြောကြားထားသည်။
“အခု ဧပြီလက တော်တော်ပူတယ်။ ဧပြီပြီးသွားရင်တော့ သင်္ကြန်မိုးလေးတော့ ကျွန်မတို့ မျှော်ရမှာပေါ့နော်။ မေလ ကလည်း ပူဦးမှာဆိုတော့လေ။ ခရီးသွားနေတဲ့လူတွေ၊ ဈေးရောင်းနေတဲ့လူတွေ၊ အနှေးယာဉ်သမားတွေနဲ့ ကယ်ရီသမားတွေကိုတော့ နေအရမ်းပူတဲ့အချိန်ဆို နားနေစေချင်တယ်။ ရာသီဥတုနဲ့လိုက်ဖက်တဲ့အဝတ်အစားတွေ ဝတ်စေချင်တယ်။ အဓိကကတော့ ရေခဲရေ မသောက်ဖို့ ပြောချင်တယ်။ အဲဒါက သွေးခဲသွားနိုင်တယ်။ နောက်ဆုံး လေဖြတ်တာတွေအထိပါ ဖြစ်သွားနိုင်တယ်။ အဲဒါကြောင့် မနက်ပိုင်းစောစောလေးအလုပ်လုပ်ကြဖို့နဲ့ ၁၁ နာရီကနေ ၂ နာရီအတွင်းကို နေရိပ်ထဲမှာပဲ နေစေချင်တယ်” ဟု ၎င်းက အကြံပြုပြောကြားသည်။
မြန်မာနိုင်ငံတွင် အယ်လ်နီညိုဖြစ်စဥ်ကြောင့် အပူချိန်မြင့်တက်နိုင်ပြီး အပူပျံတက်တိမ်များဖြစ်ထွန်း၍ မွန်းလွဲပိုင်း နှင့် ညနေပိုင်းတို့တွင် မိုးတိမ်တောင်များ ဖြစ်ပေါ်နိုင်ကာ အဆိုပါမိုးတိမ်တောင်များ ရွေ့လျားရာ နေရာတစ်လျှောက်တွင် လေပြင်းတိုက်ခြင်း၊ လေပြင်းနှင့်အတူ မိုးထစ်ချုန်းရွာခြင်း၊ မိုးကြိုးပစ်ခြင်း၊ မိုးသီးကြွေခြင်းများလည်း ဖြစ်ပေါ်နိုင်ကြောင်း မိုးဇလက ထုတ်ပြန်ချက်များအရ သိရသည်။
“ကျွန်တော်တို့ ကူညီခဲ့တာဆိုရင် အပူရှပ်လို့ဖြစ်တဲ့လူနာ (၇)ဦးလောက်ရှိပြီ။ ရန်ကုန်တစ်မြို့လုံးအနေနဲ့ဆိုရင် တစ်ရက်ကို အပူကြောင့်ဖြစ်တဲ့ လူနာက (၂၀)နဲ့အထက်မှာ ရှိမယ်။ အရင်နှစ်ကထက် ပိုပူလာတော့ စားဝတ်နေရေးအတွက် အပြင်ထထွက်ကြတဲ့အခါ အကာအကွယ်လေးနဲ့ထွက်စေချင်တယ်။ အဓိကကတော့ ရေဓာတ်မခမ်းခြောက်ဖို့ ဓာတ်ဆားရေ သောက်စေချင်တယ်” ဟု တွဲလက်လူမှုကူညီရေးအသင်းက တာဝန်ရှိသူတစ်ဦးက ထပ်မံအကြံပြုထားသည်။
မြန်မာနိုင်ငံတွင် ရာသီဥတုအလွန်အမင်းပူပြင်းလာမှုကြောင့် အပူကြောင့်ဖြစ်သည့်နောက်ဆက်တွဲဆိုးကျိုးများကို ပြည်သူ့များအနေဖြင့် ခံစားရနိုင်ပြီး ကြိုတင်ကာကွယ်မှုများ လုပ်ဆောင်ကြပါရန် အထက်ပါလူမှုကူညီရေးအသင်းများက တိုက်တွန်းနှိုးဆော်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တောင်ကိုရီးယားနိုင်ငံက ဒုတိယမြောက်စစ်ဘက်သုံးစပိုင်ဂြိုလ်တုကို လွှတ်တင်ရန်စီစဉ်နေ
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ