ယခုနှစ် သင်္ကြန်ကာလ၌ ပြည်ပခရီးသွားလာရောက်မှု နည်းပါးနိုင်သော်လည်း ပြည်တွင်းခရီးသွားလည်ပတ်မှု အမြင့်ဆုံးအခြေအနေသို့ ရောက်ရှိနိုင်ဟုဆို
ယွန်း (NSS) - ဧပြီ ၅
ယခုနှစ် သင်္ကြန်ကာလ၌ ပြည်ပခရီးသွားလာရောက်မှု နည်းပါးနိုင်သော်လည်း ပြည်တွင်းခရီးသွား လည်ပတ်မှု အမြင့်ဆုံးအခြေအနေသို့ ရောက်ရှိနိုင်ကြောင်း မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များ အသင်းထံမှ သိရသည်။
ကိုဗစ် (၁၉)ရောဂါဖြစ်ပွားခဲ့ပြီးသည့် နောက်ပိုင်းမှစ၍ သင်္ကြန်ကာလ၌ ပြည်ပခရီးသွားလာရောက်မှု နည်းပါးခဲ့ပြီး ပြည်တွင်းခရီးသွားလည်ပတ်မှုလည်း လျော့နည်းခဲ့ကြောင်း သိရသည်။
“ကိုဗစ်မတိုင်ခင်ကသာ သင်္ကြန်ကာလဆို ပုံမှန်ဝင်ရောက်ပေမယ့် အခုလိုအချိန်မှာဆိုရင်တော့ နည်းပါတယ်။ အရင်ကဆိုရင်တော့ ထိုင်းနိုင်ငံလိုဟာမျိုးကနေပြီးတော့ သင်္ကြန်ကာလကလည်း မြန်မာနဲ့လည်းတူတော့ ထိုင်းနိုင်ငံမှာ သင်္ကြန်မကျဘဲနဲ့ ထိုင်းခရီးသည်တချို့က မြန်မာနိုင်ငံမှာလာပြီး သင်္ကြန်ကျတာရှိတဲ့အတွက် ခရီးစဉ်တချို့ရောင်းရလေ့ရှိပါတယ်။ အခုဒီနှစ်တွေမှာတော့ အဲဒီလိုမျိုးတွေလာတာ နည်းသွားပါတယ်။ တခြားပေါ့ ထိုင်းနိုင်ငံ လိုဟာမျိုးက အခုချိန်မှာသူတို့နိုင်ငံကိုလာဖို့အရမ်း ဖိတ်ခေါ်တာတွေရှိနေတော့ ကျွန်တော်တို့နိုင်ငံ အနေနဲ့ သင်္ကြန်ပွဲတော်ကို ဆွဲဆောင်နိုင်ခြင်းမရှိသေးပါဘူး” ဟု မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က NP News ကို ပြောသည်။
သို့သော် ပြည်တွင်းရှိ တည်ငြိမ်မှုရှိသည့် ဒေသများသို့ ခရီးသွားလည်ပတ်မှုများရှိနေပြီး ယခုနှစ် (၂ဝ၂၄ ခုနှစ်) ၌ ပြည်တွင်းခရီးသွားလည်ပတ်မှုအပြင် ပြည်တွင်းမှပြည်ပသို့ခရီးသွားလည်ပတ်မှုများလည်း အမြင့်ဆုံးအခြေအနေသို့ ရောက်ရှိနိုင်ကြောင်း သိရသည်။
“ခရီးသွားကုမ္ပဏီတွေအားလုံးကလည်း ဒီအချိန်မှာ အားသွန်ခွန်စိုက်နဲ့ အလုပ်လုပ်ပြီးတော့ ခရီးစဉ်တွေရောင်းကြ တယ်။ သင်္ကြန်ကာလပြီးသွားရင် ခရီးသွားရာသီပိတ်တဲ့အချိန်လည်းဖြစ်သွားတယ်။ ရာသီပိတ်သိမ်းတဲ့အချိန်ဖြစ်တဲ့ အတွက် ရာသီမပိတ်သိမ်းခင်မှာ အမြင့်ဆုံးအချိန်ကိုရောက်တော့မှာ ဖြစ်ပါတယ်။ အမြင့်ဆုံးအချိန်ဆိုတာ ပြည် တွင်းမှာဆိုရင်လည်း ခရီးသွားလာမှုအများဆုံး ပြည်ပထွက်တဲ့ခရီးစဉ်တွေလည်း ရက်တိုတွေရော၊ ရက်ရှည်တွေ ရော အများဆုံးရောင်းရတယ်။ ဗုဒ္ဓဂယာလို ဘုရားဖူးခရီးစဉ်တွေ ဆိုရင်လည်း ဒီအချိန်မှာ အများဆုံးရောင်းရတဲ့ အချိန်ဖြစ်ပါတယ်” ဟု ဦးနောင်းနောင်းဟန်က ဆက်လက်ပြောသည်။
မြန်မာနိုင်ငံအနေဖြင့် ကိုဗစ်မတိုင်မီ ကာလများ၌ ပြည်ပခရီးသွားဝင်ရောက်မှုများပြားခဲ့သော်လည်း လက်ရှိတွင် ပြည်ပခရီးသွားဝင်ရောက်မှုသည် ယခင်နှစ်များထက် သိသာစွာကျဆင်းလျက်ရှိပြီး ဒေသတွင်း လုံခြုံရေးနှင့် တည်ငြိမ်ရေးတို့အပေါ်တွင် မူတည်နေကြောင်း သိရသည်။ ကမ္ဘာလှည့်ခရီးသွားများသည် ပွင့်လင်းရာသီဖြစ်သော ၂၀၂၃ ခုနှစ် အောက်တိုဘာလမှစ၍ ပြန်လည်ဝင်ရောက်မှုများရှိခဲ့သော်လည်း ကိုဗစ်မတိုင်ခင်ကာလနှင့် နှိုင်းယှဉ်ပါက ခရီးသွားဝင်ရောက်မှုများစွာ လျော့နည်းနေကြောင်း သိရသည်။ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်တွင် ပြည်ပခရီးသွားများအနေဖြင့် နယ်စပ်ဒေသမှ (၈)သိန်း ခန့်ဝင်ရောက်ခဲ့ပြီး လေကြောင်းခရီးစဉ်မှ (၃)သိန်းကျော်သာ ဝင်ရောက်ခဲ့ခြင်းကြောင့် ခရီးသွားဝင်ရောက်မှု (၁)သန်းကျော်ခန့်သာရှိခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
International School တက်ရောက်သည့် ကလေးငယ်အချို့ မြန်မာဘာသာရပ် အားနည်းနေသည့်အပြင် အင်္ဂလိပ်စာဘာသာရပ်၌လည်း အခြေခံမခိုင်သည့်အခြေအနေမျိုးကြုံတွေ့နေရဟုဆို
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ