ဟိုပန်မြို့ပေါ်ရှိ နိုင်ငံတော်ပိုင်အဆောက်အအုံများကို အရပ်သားများထံ ငှားရမ်းမည်ဟု 'ဝ’ တပ်ဖွဲ့က ဆိုင်းဘုတ်ထောင် ကြေညာ
Iris (NSS) - ဧပြီ ၅
ရှမ်းပြည်နယ် အရှေ့မြောက်ဒေသရှိ ဟိုပန်မြို့ပေါ်မှ နိုင်ငံတော်ပိုင်အဆောက်အအုံများကို နိုင်ငံတော်၏ခွင့်ပြုချက် ရထားခြင်းရှိ/မရှိ မသိရဘဲ 'ဝ' တပ်ဖွဲ့က ၄င်းတို့၏သဘောဆန္ဒအတိုင်း အခကြေးငွေယူ၍ ငှားရမ်းခြင်းများကို စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း နယ်မြေခံသတင်းရင်းမြစ်အချို့ထံမှ သိရသည်။
နိုင်ငံတော်ပိုင်အဆောက်အအုံများကို နိုင်ငံတော်၏ ခွင့်ပြုချက်ရှိမှသာလျှင် ငှားရမ်းခွင့်ရှိထားသကဲ့သို့ ငှားရမ်းမည့် သူကလည်း နိုင်ငံတော်ခွင့်ပြုချက်မပါဝင်ဘဲ ငှားရမ်းသုံးစွဲခွင့်မရှိကြောင်း ဥပဒေကြောင်းအရ နားလည်ထားပြီးသား ဖြစ်သည်။ သို့သော်လည်း 'ဝ' အထူးတပ်ဖွဲ့က ဟိုပန်မြို့အတွင်းရှိ နိုင်ငံတော်ပိုင်အဆောက်အအုံများကို အများပြည် သူထံငှားရမ်းမည်ဟု ၂၀၂၄ ခုနှစ် မတ်လ(၁၅)ရက်တွင် မြို့လယ်နေရာများ၌ဆိုင်းဘုတ်များထောင်၍ စတင် ကြေညာခဲ့ခြင်းမျိုးဖြစ်ကြောင်းသိရသည်။
'ဝန်ထမ်း အိမ်ရာပါ အပါဆိုရင် အလုံးရေ(၃၀)ထက်မနည်းတော့ ရှိလိမ့်မယ်။ အားလုံးသိမ်းပြီးသွားလို့ ပြန်ငှားစားဖို့ ကြေညာတဲ့သဘောပဲ။ နိုင်ငံတော်ဝန်ထမ်းတွေက အဲဒီမှာမရှိကြတော့ဘူး။ အရင်က ဒါမျိုးကြေညာတာ မတွေ့ဖူးသေးဘူး။ ဒါကခွင့်ပြုလို့ရလားဆိုတာ နိုင်ငံတော်အစိုးရကိုပဲ ပြန်မေးချင်တယ်' ဟု လားရှိုးတွင် ယာယီပြောင်းရွှေ့နေထိုင်ရသော ပြည်နယ်အဆင့်အရာရှိတစ်ဦးက NP News ကို ပြောသည်။
ဟိုပန်မြို့လယ်တွင် ထောင်ထားသော ဆိုင်းဘုတ်ပါစာများအရ အိမ်ရာငှားရမ်းခြင်းဆိုင်ရာကိစ္စရပ်များ ထိရောက် ချောမွေ့စေရန်အလို့ငှာ လက်ရှိအခြေအနေများနှင့် လိုက်လျောညီထွေရှိစေရန် ဟိုပန်ဒေသအတွင်း နေထိုင်သူများ နှင့် အနယ်နယ်အရပ်ရပ်မှ ရင်းနှီးမြှုပ်နှံသူလုပ်ငန်းရှင်များအနေဖြင့် လစ်လပ်နေသော အစိုးရပိုင် အဆောက်အအုံ များကို ငှားရမ်းနိုင်ပြီဖြစ်သည်ဟု ဖော်ပြထားသည်။ စိတ်ပါဝင်စားသဖြင့် ငှားရမ်းလိုသူများအနေဖြင့် ဟိုပန်ဒေသ ဘဏ္ဍာရေးအလုပ်အဖွဲ့ရုံးသို့ တရားဝင် စာရွက်စာတမ်းများနှင့်တကွ စာချုပ်ချုပ်ဆို ငှားရမ်းနိုင်ကြောင်းလည်း ရေးသားထားသည်။ ဆိုင်းဘုတ် အကြီးကြီးတင်ပြီး တော့ အစိုးရကို ပမာမခန့် လုပ်သလို ဖြစ်နေတယ်။ ကျွန်တော်တို့ အစိုးရရုံး တွေကို အဲဒီလိုလုပ်တာတော့ မခံနိုင်ဘူးဗျ' ဟု ပြည်နယ်အရာရှိက ပြောသည်။
အထူးသဖြင့် ‘ဝ’ အဖွဲ့ဘက်က ယခုကဲ့သို့ နိုင်ငံတော်ပိုင် အဆောက်အအုံများကို ဆိုင်းဘုတ်ထောင်၍ ငှားရမ်းနေခြင်းများမှာ ပြည်နယ်အစိုးရကဖြစ်စေ၊ ပြည်ထောင်စုအစိုးရကဖြစ်စေ ခွင့်ပြုချက်ပေးထားခြင်းရှိမရှိကို သိရှိရန် လိုအပ်ကြောင်းလည်းဆိုသည်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်သည်မှာမှန်သော်လည်း နိုင်ငံတော်ပိုင် အဆောက်အအုံများကို ဒေသ အုပ်ချုပ်ရေး စီမံခန့်ခွဲမှုယန္တရားများအတွက် အသုံးပြုခြင်းမျိုး မဟုတ်ဘဲ အရပ်သားပြည်သူများကို ငှားရမ်းခြင်းများသည် ဥပဒေနှင့် ညီ/မညီကို သိရှိရန် လိုအပ်ခြင်းလည်းဖြစ်သည်။ အဆောက်အအုံငှားရမ်းသည့် ဈေးနှုန်းများအဖြစ်လည်း သာမန်ဆိုင်ခန်းများအတွက်
တစ်လလျှင် ယွမ် ၅၀ဝ မှ ၁၀ဝ၀ ၊ ဗီလာအမျိုးအစား ခြံဝန်းကျယ်ကဲ့သို့သောနေရာများအတွက် တစ်လ လျှင် ယွမ် ၂၀ဝ၀ မှ ၆၀ဝ၀ ၊ တိုက်ခန်းများအတွက် တစ်လလျှင် ယွမ် ၈၀ဝ မှ ၁၂၀ဝ အထိ သတ်မှတ်ထား ကြောင်း လည်းသိရသည်။ ငှားရမ်းခွင့်ပြုသည့် ကာလမှာလည်း (၆)လသာဖြစ်ပြီး ငှားရမ်းခ ဈေးနှုန်း များတွင် ရေနှင့် မီတာခ များ ပါဝင်မည်မဟုတ်ဘဲ ငှားရမ်းသူက သီးခြားထပ်မံ ကျခံရမည်ဖြစ်ကြောင်း ကြေညာချက်အရ သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယခုနှစ် သင်္ကြန်ကာလ၌ ပြည်ပခရီးသွားလာရောက်မှု နည်းပါးနိုင်သော်လည်း ပြည်တွင်းခရီးသွားလည်ပတ်မှု အမြင့်ဆုံးအခြေအနေသို့ ရောက်ရှိနိုင်ဟုဆို
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ