ရုံတင်ပြသခွင့်ရရန် စောင့်ဆိုင်းနေသည့် ဇာတ်ကားပေါင်း (၂၅၀)ထက်မနည်းရှိနေသော်လည်း ဝန်ကြီးဌာနက ဝင်ကူရန်ခက်သည်အထိ ရုပ်ရှင်လောက ရုံတင်စနစ် ရှုပ်ထွေးနေ
အေဝိုင်အီး (NSS) - ဧပြီ ၅
ရုပ်ရှင်ရုံများတွင် ရုံတင်ပြသခွင့်ရရှိရန် ဆယ်စုနှစ်နီးပါးအထိစောင့်ဆိုင်းနေသော ဇာတ်ကားပေါင်း (၂၅၀)ထက် မနည်းရှိနေပြီး ရုံတင်ပြသခွင့်ကို လူတစ်စုက လိုသလိုခြယ်လှယ်နေသည့်ဖြစ်ရပ်များအပေါ် မျှမျှတတဖြစ်စေရန် စီစဉ်ပေးနိုင်မည့်သူ မပေါ်ပေါက်ဘဲဖြစ်နေကြောင်း ရုပ်ရှင်လောကမှ သတင်းရရှိသည်။
မြန်မာနိုင်ငံ၏ ရုပ်ရှင်ဇာတ်ကားများ ရုံတင်စနစ်မှာ ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့ရုပ်ရှင်လုပ်ငန်း၏ စီမံခန့်ခွဲမှု အောက်တွင်ရှိမနေဘဲ လူတစ်စု၏ လိုသလို စီမံခန့်ခွဲနိုင်သော စနစ်အောက်တွင်သာရှိနေပြီး ပင်စည်ထက် ကိုင်းဖျား ကိုင်းနားက ပိုကြီးနေသော သဘောမျိုးဖြစ်ကြောင်း ရုပ်ရှင်လောကသားအချို့က ဝေဖန်ထောက်ပြလာသည်။
“ရုံတင်စနစ်ကို လူတစ်စုကပဲ လိုသလို စီမံခန့်ခွဲနေတာ။ ပြသခွင့်ရဖို့စောင့်ဆိုင်းနေရတဲ့ ဇာတ်ကားပေါင်း (၂၅၀) ထက်မနည်းရှိတယ်။ အဲဒီအထဲက အဆင့်မမီလို့ ဖယ်မယ်ဆိုရင် တောင်ရာဂဏန်းလောက် ကျန်ဦးမယ်။ အဲဒီအထဲ က တချို့ဇာတ်ကားတွေက ရိုက်ထားတာ (၁၀)နှစ်လောက်ရှိတယ်။ အဲဒီလိုဇာတ်ကားတွေကိုကျော်ပြီး မနေ့ တစ်နေ့ကမှ ရိုက်တဲ့ဇာတ်ကားတွေက ရုံတင်ခွင့်ရရုံတင်မဟုတ်ဘူး အဆိုတော်နေဝင်းဆိုရင် အကယ်ဒမီတောင် ရသွားသေးတယ်’’ ဟု ရုပ်ရှင်လောကသားတစ်ဦးက NP News ကို ပြောသည်။
ပြည်ပသို့ ထွက်ပြေးတိမ်းရှောင်သွားခဲ့သော ဒါရိုက်တာ ပြည်ဟိန်းသီဟကလည်း အလားတူဖြစ်စဉ်များကို ယူကျု့မှ တစ်ဆင့် ထုတ်ဖော်ပြောကြားခဲ့ပြီး ယင်းရုပ်သံထဲ၌ ဘိုဆန်းနှင့် ဦးဇော်မင်းဟူသော နာမည်များကို ထည့်သွင်း ပြောကြားထားသည်။ သို့သော်လည်း အဆိုပါရုပ်သံကို နှစ်ရက်ခန့်အကြာတွင် ယူကျုပေါ်မှ ပြန်လည်ဖြုတ်ချခဲ့ပြီး အခြားသောအစားထိုး ရုပ်သံတစ်ခုဖြင့် ပြန်လည်ပြောကြားထားသည်ကို အံ့အားသင့်ဖွယ်တွေ့ရပြန်သည်။ ပြည်ဟိန်းသီဟက မြန်မာနိုင်ငံမှ ထွက်မပြေးမီကာလ၌ ရိုက်ကူးပေးခဲ့သော ဇာတ်ကားပေါင်း(၁၀)ကား ထက်မနည်းရှိနေပြီး အဆိုပါဇာတ်ကားများအတွက် ထုတ်လုပ်သူများက ခေါင်းကိုက်နေကြကြောင်းလည်း ပြန်လည်ကြားသိရသည်။
အထူးသဖြင့် ပြည်ဟိန်းသီဟကို နစက အစိုးရက ၅၀၅ ထုတ်မည်ဟု သတင်းများ ထွက်ပေါ်ထားသည့်အတွက် ၄င်းရိုက်ကူးခဲ့သောဇာတ်ကားများကို ရုံတင်ပြသရန်မှာ အခက်အခဲရှိနေသည့် သဘောမျိုးလည်းဖြစ်သည်။ ‘‘ထုတ်လုပ်သူတွေ ခေါင်းခဲနေတာပေါ့။ သူရိုက်သွားတာက သိန်းပေါင်း သုံးလေးသောင်းဖိုးမကဘူးလေ။ ပြခွင့်ပေးရ မလား၊ မပေးရဘူးလားဆိုတာ သက်ဆိုင်သူတွေ စဉ်းစားရကျပ်ကုန်ပြီ” ဟု ရုပ်ရှင်လောကသားတစ်ဦးက ပြော သည်။
ရုပ်ရှင်ရုံတင်ခွင့်ဇာတ်ကားများကိစ္စနှင့်ပတ်သက်၍ ပြန်ကြားရေးဝန်ကြီးဌာနဘက်မှ တာဝန်ရှိသူတစ်ဦးထံ ဆက်သွယ်မေးမြန်းမှုတွင် ဝန်ကြီးဌာနကိုပါ ရုံပိုင်ရှင်များက ပြန်ချည်သည့်သဘောမျိုး တင်ပြချက်များရှိသည်ဟု ဆိုသည်။ အထူးသဖြင့် ရုပ်ရှင်ကားတစ်ကားကို ရုံတင်ပြသမည်ဆိုပါက လျှပ်စစ်မီး မမှန်ခြင်းကြောင့် မီးစက်မဖြစ်မနေမောင်းရမည်ဖြစ်ကြောင်း၊ မီးစက်မောင်း၍ ပြသသောဇာတ်ကားကို ကြည့်ရှုသူမရှိပါက ရုံပိုင်ရှင် အရှုံးဖြင့်ရင်ဆိုင်ရမည်ဖြစ်ပြီး ယင်းကဲ့သို့ရှုံးပါက ပြန်ကြားရေးဝန်ကြီးဌာန အနေဖြင့် မည်ကဲ့သို့တာဝန်ယူပေးနိုင် မည်နည်းဆိုသော သဘောမျိုးအထိ ပြန်ချည်ခဲ့ခြင်းမျိုးဟု ကြားသိရသည်။
‘‘မီးစက်မောင်းလို့ ကုန်ကျတဲ့ စာရွက်ကြီး ယူလာပြတယ်ဗျာ။ ဒီတော့ဝန်ကြီးဌာနကလည်း လျှပ်စစ်မီးကိစ္စနဲ့ ပြန်အချည်ခံရသလို ဖြစ်နေပြန်ရော’’ ဟု ဝန်ကြီးဌာနတာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။ ရုံတင်ပြသခွင့်ရရှိရန် စောင့်ဆိုင်းနေရသော ဇာတ်ကားပေါင်း(၂၅၀)ထက် မနည်းတွင်လည်း အချို့သော ဇာတ်ကားများမှာ ဗီဒီယိုဇာတ်ကား ဆန်ဆန် ရိုက်ကူးထားသည့်အပြင် ရုံတင်ပြသရန် အသံဖြစ်စေ၊ ရုပ်ပိုင်းဖြစ်စေ အရည်အသွေးမမီသည့် ဇာတ်ကားများ ပါဝင်နေကြောင်းလည်း ကြားသိရသည်။ သို့သော်လည်း ဝန်ကြီးဌာန အနေဖြင့် တတ်နိုင်သည့်ဘက်မှနေ၍ ရုံပိုင်ရှင်နှင့် ဇာတ်ကားပိုင်ရှင် ထုတ်လုပ်သူများအကြား စေ့စပ်ညှိနှိုင်းပေးရန် ပြင်ဆင်ထားကြောင်းဆိုသည်။ “မှားနေတာက ရုံတင်စနစ်ပဲ။ ကျွန်တော်တို့ အဘိုးတွေခေတ်က တစ်နှစ်ကို ကားတစ်ကား ရုံတင်ခွင့်ချပေးတယ်။ ဖလင်တွေ ထုတ်ပေးတယ်။ ရုပ်ရှင်ကားတစ်ကားမှာ မင်းသား အားနည်း တယ်၊ မင်းသမီး အားနည်း တယ်ဆိုတာတွေက ရုံရှင်က ဆုံးဖြတ်ပေးရတာ မဟုတ်ဘူး။ ပရိသတ်က ဆုံးဖြတ်ပေး ရတာ။ ပရိသတ်က မကြိုက်လို့ မကြည့်ဘူးဆိုရင် ထုတ်လုပ်ရေးက နားလည်ပေးတယ်။ အဓိကက ရုံတင်ခွင့်အထိကို မရခဲ့တာ။ လူစွဲတွေ ပုဂ္ဂိုလ်စွဲတွေနဲ့ ဝေစားမျှစားနဲ့ ခွဲစားခဲ့ကြလို့ ဒီလိုတွေဖြစ်ကုန်တာ” ဟု ဒါရိုက်တာ ပြည်ဟိန်းသီဟက ပြောသည်။
ရုံတင်ရက်များနှင့်ပတ်သက်၍ တစ်နှစ်လျှင် (၅၂)ပတ်သာရှိသည့်အတွက် အမှန်တကယ် ရိုက်ကူးသင့်သော ဇာတ်ကားအရေအတွက်မှာလည်း ဇာတ်ကားပေါင်း(၅၀)ထက် ပိုမများသင့်ကြောင်း၊ အချို့သောထုတ်လုပ်ရေးများ မှာ မည်သည့်နေရာမှ ရရှိ ထားသည် မဖော်ပြနိုင်သော ငွေကြေးများဖြင့် ရုပ်ရှင်လောကထဲ၌ ဇာတ်ကားများစွာကို ရိုက်ကူး၍ ရုံတင်ခွင့်၊ အကယ်ဒမီ တန်းဝင်ခွင့်၊ အကယ်ဒမီဆုတစ်ခုခု ရရှိခွင့်အတွက် မျှော်လင့်နေကြကြောင်းလည်း ကြားသိရသည်။ သို့သော် လွန်ခဲ့သော(၁၀)နှစ်ခန့်က တည်းက ရိုက်ကူးထားသည့် ဇာတ်ကားများ၏အလှည့် ရောက်၊ မရောက်မသေချာသော်လည်း လူပုဂ္ဂိုလ်အချို့၏ ဇာတ်ကားများမှာ လပိုင်း အတွင်း ရိုက်ပြီးနောက် လပိုင်းအတွင်းမှာပင် ရုံတင်ခွင့်ရရှိနေသည်ကို သိသိသာသာ မြင်တွေ့နေရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဟိုပန်မြို့ပေါ်ရှိ နိုင်ငံတော်ပိုင်အဆောက်အအုံများကို အရပ်သားများထံ ငှားရမ်းမည်ဟု 'ဝ’ တပ်ဖွဲ့က ဆိုင်းဘုတ်ထောင် ကြေညာ
RELATED POSTS
21 Nov 2024 | အနုပညာ,နိုင်ငံတကာ
14 Nov 2024 | အနုပညာ,နိုင်ငံတကာ
13 Nov 2024 | အနုပညာ,နိုင်ငံတကာ
13 Nov 2024 | အနုပညာ,နိုင်ငံတကာ