ဟူသီလက်နက်ကိုင်အဖွဲ့၏ စစ်လက်နက်ပစ္စည်းသိုလှောင်မှုများ လျော့နည်းလာပုံပေါ်ကြောင်း အမေရိကန်စစ်ဘက်ပြော
Pika (NSS) - ဧပြီ ၄
ယီမင်အခြေစိုက် ဟူသီလက်နက်ကိုင်အဖွဲ့၏ ကုန်တင်သင်္ဘောများအပေါ် တိုက်ခိုက်မှုများ အနည်းငယ်လျော့ကျလာသဖြင့် ၎င်းတို့တွင် စစ်လက်နက်ပစ္စည်းသိုလှောင်မှု လျော့နည်းလာပုံပေါ်ကြောင်း အရှေ့အလယ်ပိုင်းဆိုင်ရာ အမေရိကန်လေတပ် ထိပ်တန်းတပ်မှူးက ဧပြီလ(၃)ရက်နေ့တွင် ထုတ်ဖော်ပြောဆိုခဲ့သည်။
ယီမင်အခြေစိုက် ဟူသီလက်နက်ကိုင်အဖွဲ့အပေါ် အမေရိကန်၏ လက်တုံ့ပြန်တိုက်ခိုက်မှုများသည် သိသာသော အကျိုးသက်ရောက်မှုများရှိခဲ့ကြောင်း အမေရိကန်လေတပ်ဗဟိုအဖွဲ့ကိုဦးစီးသည့် ဒုဗိုလ်ချုပ်ကြီး Alexus Grynkewich ကပြောကြားခဲ့သည်။ အစ္စရေး-ဟားမက်စစ်ပွဲစတင်ဖြစ်ပွားပြီးနောက် အီရန်ကျောထောက်နောက်ခံပြု ဟူသီလက်နက်ကိုင်အဖွဲ့သည် ပင်လယ်နီနှင့် အေဒင်ပင်လယ်ကွေ့တို့ရှိ ကုန်တင်သင်္ဘောများနှင့် စစ်သင်္ဘောများကို ဒရုန်းများ၊ ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်မှုအား စတင်လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ ဟူသီလက်နက်ကိုင်အဖွဲ့၏ တိုက်ခိုက်မှုများကြောင့် သင်္ဘောကုမ္ပဏီများသည် ၎င်းတို့၏ သင်္ဘောများကို ရှည်လျားသော ရေကြောင်းလမ်းဖြစ်သည့် အာဖရိက တောင်ပိုင်းတစ်ဝိုက်သို့ လမ်းကြောင်းပြောင်းခိုင်းခဲ့ပြီး ပို့ဆောင်ခမြင့်မားခြင်းနှင့် ပို့ဆောင်မှုနှောင့်နှေးခြင်းတို့ကြောင့် ကမ္ဘာ့ကုန်သွယ်မှုကို အနှောင့်အယှက်ဖြစ်စေခဲ့ကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုများကို လက်တုံ့ပြန်သည့်အနေဖြင့် အမေရိကန်နှင့် ဗြိတိန်တို့သည် ယီမင်အခြေစိုက် ဟူသီလက်နက်ကိုင်အဖွဲ့၏ ပစ်မှတ်များကို လေကြောင်းမှတိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်ခဲ့ကြောင်းသိရသည်။ ထို့ပြင် အမေရိကန်နှင့် ဗြိတိန်တို့၏ တပ်ဖွဲ့များသည် ပင်လယ်နီအတွင်းရှိ ကုန်တင်သင်္ဘောများဆီသို့ ပစ်လွှတ်ရန် ပြင်ဆင်ထားသော ဟူသီလက်နက်ကိုင်အဖွဲ့၏ ဒရုန်းများနှင့် ဒုံးကျည်များကို လေကြောင်းမှတိုက်ခိုက်မှုများလုပ်ဆောင်ကာ ဖျက်ဆီးပစ်ခဲ့ကြောင်းလည်း သိရသည်။ အမေရိကန်၏ လက်တုံ့ပြန်တိုက် ခိုက်မှုများကြောင့် ဟူသီလက်နက်ကိုင်အဖွဲ့၏ စစ်လက်နက်ပစ္စည်းများ မည်မျှပျက်စီးသွားသည်ကို အတိအကျသိရှိရန် ခက်ခဲကြောင်း Alexus Grynkewich ကပြောဆိုခဲ့သည်။ နောက်ထပ်အရေးကြီးသည့် ရှုပ်ထွေးသောအချက်တစ်ခုမှာ အီရန်နိုင်ငံ၏ စစ်လက် နက်ပစ္စည်းများ ပြန်လည်ထောက်ပံ့မှုဖြစ်ကြောင်း ၎င်းကထပ်မံပြောဆိုခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရုံတင်ပြသခွင့်ရရန် စောင့်ဆိုင်းနေသည့် ဇာတ်ကားပေါင်း (၂၅၀)ထက်မနည်းရှိနေသော်လည်း ဝန်ကြီးဌာနက ဝင်ကူရန်ခက်သည်အထိ ရုပ်ရှင်လောက ရုံတင်စနစ် ရှုပ်ထွေးနေ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ