ရှမ်းမြောက်၊ ကချင် နှင့် ရခိုင်ဒေသများတွင် တည်ငြိမ်အေးချမ်းမှုပြန်လည်ရရှိရန် တပ်မတော်၊ ရဲတပ်ဖွဲ့ နှင့် ပြည်သူ့စစ်အဖွဲ့များက လက်တွဲဆောင်ရွက်ရမည်ဟု တပ်ချုပ်ပြော
မြူနစ် (NSS) - မတ် ၂၈
ရှမ်းမြောက်၊ ကချင် နှင့် ရခိုင်ဒေသများတွင် တည်ငြိမ်အေးချမ်းမှုပြန်လည်ရရှိရန် တပ်မ တော်၊ ရဲတပ်ဖွဲ့နှင့် ပြည်သူ့စစ်အဖွဲ့များက လက်တွဲဆောင်ရွက်သွားရမည်ဟု တပ်ချုပ်က ပြောသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မတ် ၂၇ ရက်တွင် နေပြည်တော်၌ ကျင်းပသည့် (၇၉)နှစ်မြောက် တပ်မတော်နေ့အခမ်းအနားတွင် အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့ နှင့် ပြည်ပလက်ဝေခံအဖွဲ့အစည်းတချို့၏ လုပ်ရပ်များသည် မြန်မာနိုင်ငံနှင့် မြန်မာနိုင်ငံသားများ၏ အကျိုးစီးပွားအတွက် မဟုတ်ဘဲ ၎င်းတို့အကျိုးအတွက်သာ ရှေးရှုလုပ်ဆောင်နေခြင်းဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီးက ဝေဖန်ထား သည်။
၎င်းတို့၏ လုပ်ရပ်များသည် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတစ်ရပ်ဖော်ဆောင်ရေးကို ပျက်စီးစေရန် လုပ်ဆောင်နေခြင်းဖြစ်ပြီး ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် နေရာဒေသအချို့တွင် ဖြစ်ပွားနေသည့် ဖြစ်စဉ်များက သက်သေခံနေလျက်ရှိကြောင်း ၎င်းက ဆက်လက်ပြောသည်။
“ဒီမိုကရေစီနဲ့အညီ ဆောင်ရွက်နိုင်တာကို အဓမ္မနည်းနဲ့ပြုလုပ်တာကြောင့် ဒေသခံများရဲ့ အကျိုးစီးပွားပျက်စီးတာ၊ ကျောင်းနေအရွယ်ကလေးများ ပညာသင်ကြားခွင့်ဆုံးရှုံးတာပဲ ခံစားရတဲ့အတွက် အင်မတန်မိုက်မဲတဲ့ လုပ်ရပ်လို့ ပြောလို့တယ်။ ဒါကြောင့် တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နဲ့ ပြည်သူ့စစ်အဖွဲ့တွေအပါအဝင် လုံခြုံရေးတပ်ဖွဲ့တွေအနေဖြင့် ပြည်သူ လူထုနဲ့ အတူလက်တွဲပြီး တည်ငြိမ်အေးချမ်းမှု ပျက်ပြားခဲ့ရတဲ့ ဒေသများကိုလည်း တည်ငြိမ်အေးချမ်းမှုပြန်လည်ရရှိအောင် တရားဥပဒေနဲ့အညီ ထိထိရောက်ရောက်ဆောင်ရွက်သွားရမယ်”ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
ထို့ပြင် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးအတွက် စွန့်လွှတ်စွန့်စားသူများကိုလည်း ထိုက်တန်စွာ ချီးမြှင့်ဂုဏ်ပြုသွားမည်ဖြစ်ကြောင်း ၎င်းက ထပ်မံအသိပေးထားသည်။ လက်ရှိတွင် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် အရန်တပ်ဖွဲ့ဥပဒေ နှစ်ရပ်ကို အကောင်အထည်ဖော်ဆောင်ရွက်လိုက်သည့်အတွက် ကာကွယ်ရေးအင်အားကို အထိုက်အလျောက် မြင့်တက်လာစေမည်ဖြစ်ပြီး ယင်းကဲ့သို့ အခြေအနေမှတစ်ဆင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဆက်လက်ဆောင်ရွက်သွားမည်ဟုလည်း တပ်ချုပ်က ဖွင့်ဟပြောကြားထားသည်။
မြောက်ပိုင်းလက်နက်ကိုင်မဟာမိတ် (၃)ဖွဲ့ဖြစ်သော MNDAA၊ TNLA၊ AA တို့သည် ရှမ်းမြောက်ဒေသ၌ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၇ ရက်မှစတင်ကာ တိုက်ပွဲများ ဖော်ဆောင်ခဲ့ပြီးနောက် မြို့များကို ထိန်းချုပ်နိုင်ခဲ့ကာ အုပ်ချုပ်ရေးလုပ်ငန်းများကို စတင်နေလျက်ရှိသည်။
ကချင်ပြည်နယ်တွင်လည်း တပ်မတော် နှင့် ကချင်လက်နက်ကိုင်အဖွဲ့ KIA၊ PDF ပူးပေါင်းအဖွဲ့များကြားတွင် တိုက်ပွဲများဖြစ်ပွားနေသကဲ့သို့ ရခိုင်ပြည်နယ်တွင်လည်း တပ်မတော်နှင့် ရခိုင်လက်နက်ကိုင် AA တို့အကြား တိုက်ပွဲများ ပြင်းထန်နေလျက်ရှိသည်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနေဖြင့် မြို့ရွာနယ်မြေများကို လက်နက်ကိုင် တိုက်ယူခဲ့ခြင်းသည် တည်မြဲမှုမရှိနိုင်ကြောင်းနှင့် တပ်မတော်ဘက်ကလည်း ပြန်လည်တိုက်ခိုက်ရယူနိုင်ဖွယ်ရှိကြောင်း နိုင်ငံရေးပါတီအချို့က သုံးသပ်ထားကြသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အမေရိကန်နိုင်ငံတွင် ဓါးထိုးမှုဖြစ်ပွားခဲ့ပြီး အနည်းဆုံးလူ(၄)ဦးသေဆုံးကာ အခြားလူ(၇)ဦးထိခိုက်ဒဏ်ရာရရှိ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ