မလေးရှားအစိုးရက နိုင်ငံခြားအလုပ်သမားခေါ်ယူမှုခွင့်ပြုချက်ဆိုင်းငံ့ထားသဖြင့် မြန်မာလုပ်သားများ တရားမဝင်သွားရောက်မှုတိုးပွားလာခြင်းနှင့်အတူ အလိမ်ခံရမှုလည်း မြင့်တတ်လာနိုင်
Pearl (NSS) - မတ် ၂၇
မလေးရှားအစိုးရက နိုင်ငံခြားအလုပ်သမား ခေါ် ယူမှုခွင့်ပြုချက်ဆိုင်းငံ့ထားသဖြင့် မြန်မာလုပ်သားများ တရားမဝင်သွားရောက်မှုတိုးပွားလာခြင်းနှင့်အတူ အလိမ်ခံရမှုလည်း မြင့်တတ်လာနိုင်ကြောင်း မြန်မာ ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ်မှ ဒုတိယဥက္ကဋ္ဌ(၂) ဦးကျော်ထင်ကျော်က NSS ကို သုံးသပ်ပြောကြားသည်။
မလေးရှားနိုင်ငံက နိုင်ငံခြားသား အလုပ်သမား ခေါ်ယူခွင့် ခွင့်ပြုချက် KSM Approval ချထားပေးမှုများကို ၂၀၂၃ ခုနှစ်၊ မတ်လမှစတင်ရပ်ဆိုင်းထားပြီး ခွင့်ပြုထားပြီးဖြစ်သည့် KSM Approval များ၏ သက်တမ်းကာလ(၁၈)လအတွင်း အလုပ်သမားများအား ခေါ်ယူလျက်ရှိကြောင်းလည်း သိရသည်။ ထိုသို့ ဆိုင်ငံ့မှုကြောင့် မြန်မာနိုင်ငံမှ လုပ်သားများအနေဖြင့် မတ်လ (၃၀)ရက်အထိ Calling Visa မရရှိလျှင် မလေးရှားသို့ တရားဝင် သွားရောက်အလုပ် လုပ်ကိုင်ရန် သေချာမည်မဟုတ်ကြောင်းသိရသည်။
ထို့ကြောင့်မလေးရှားနိုင်ငံသို့ တရားမဝင်သွား ရောက်မည့် မြန်မာလုပ်သားများ ပိုမိုများပြားလာနိုင်ပြီး အလိမ်ခံရနိုင်မှုလည်း ပိုမိုမြင့်တတ်လာနိုင်ကြောင်းလည်း သိရသည်။ 'တရားဝင်စေလွှတ်ခွင့်ရချိန်မှာ တောင် တခါတလေကျရင် ဟိုဘက်မှာ တရားဝင် Demand နည်းနည်းရှားနေတဲ့အချိန်မှာတောင် ခိုးပြီးသွားနေကြတာလေ။ အခု ဟိုဘက်က ပိတ်လိုက်ပြီဆို တော့ တရားမဝင် ပိုများသွားနိုင်တာပေါ့။ အလိမ်ခံရမှု တွေလည်း ပိုများနိုင်တယ်။ အခုတောင်မှပဲ လိမ်နေတယ်။ တရားဝင်စေလွှတ်ခွင့်ရတဲ့အချိန်မှာတောင် လိမ်နေတယ်။ မတရားလိမ်နေတာကို။ အလုပ်သမားဝန်ကြီးဌာနမှာဆိုရင် အမှုတွေက အများကြီးပဲ။ မလေးရှားနဲ့ပတ်သက်ပြီး လိမ်တဲ့အမှုတွေ အများကြီး တွေ့နေရတယ်။ နယ်တွေမှာလည်း နယ်တွေ အလျောက်။ ပွဲစားတွေက များတာကိုး။ အခုအချိန် ပိုပြီးတော့ ပိုဆိုးဝါးနိုင်တာပေါ့နော်' ဟု ဦးကျော်ထင်ကျော်ကပြောသည်။
မလေးရှားနိုင်ငံသို့ တရားဝင်သွားရောက်အလုပ်လုပ်ကိုင်သည့် မြန်မာလုပ်သားအရေအတွက် ပမာဏဦးရေမှာ တစ်လလျှင် ၆၀ဝ မှ ၈၀ဝကြား ရှိ သော်လည်း တရားမဝင် လမ်းကြောင်းများမှတဆင့် သွားရောက်လုပ်ကိုင်မှုများက ပိုမိုများပြားနေပြီး လက်ရှိတွင် မလေးရှားနိုင်ငံ၌ အလုပ်အကိုင်အခွင့် လမ်းများလည်း ရှားပါးနေကြောင်း သိရသည်။
'အခု လက်ရှိ မလေးရှားမှာ အလုပ်နည်းနည်းပါးတယ်။ တချို့စက်ရုံတွေဆိုရင် Over Time တောင် မပေးနိုင်တော့ဘူး။ Basic Salary နဲ့ပဲ။ တချို့လည်း နည်းနည်းပါးပါး Over Time (အချိန်ပို) ရှိတာပေါ့။ အများစုကတော့ အလုပ်တွေ နည်းနည်းပါးတဲ့အတွက် Over Time ဆို အစက (၄)နာရီဆို အခု(၂)နာရီ။ တချို့ဆို လုံးဝမပေးနိုင်တာတောင်ရှိတယ်။ တချို့စက်ရုံတွေ ဆိုရင် အလုပ်တောင်မမှန်လို့ လစာတွေ မပေးချင်တဲ့ စက်ရုံတွေတောင် ရှင်းနေရတဲ့ အလုပ်သမားတွေ ရှိတယ်' ဟု ၄င်းက ဆက်လက်ပြောသည်။
ထိုသို့ အလုပ်အကိုင်ရှားပါးနေသော်လည်း အလုပ်အကိုင်ရရှိမည်ဟုဆိုကာ Online မှတဆင့် လိမ်လည်မှုများလည်းရှိကြောင်း သိရသည်။ ထို့ပြင် အလုပ်အကိုင်အခွင့်အလမ်းအ တွက် အလိမ်ခံရမှုများ နှင့်ပတ်သက်၍ သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် ပြည်သူများကို အသိပညာပေးပြောကြားသော် လည်း လက်ရှိအချိန်ထိ အလိမ်ခံရမှု ဖြစ်စဉ်များဖြစ်ပွားနေဆဲဖြစ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရန်ကုန်မြို့လယ်၌ ပေါက်ကွဲမှုဖြစ်ပွား၍ (၄)ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကနဦးသိရ
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ