အမေရိကန် နှင့် ဗြိတိန်တို့က တရုတ်အခြေစိုက်ဟက်ကာအဖွဲ့များကို ဒဏ်ခတ်ပိတ်ဆို့
ALynn (NSS) - မတ် ၂၆
အမေရိကန် နှင့် ဗြိတိန်တို့က ဥပဒေပြုအမတ်များ၊ မဲဆန္ဒရှင်များ နှင့် ထင်ရှားသော တရုတ်ဝေဖန်ရေးသမားများ အပါအဝင် လူသန်းပေါင်းများစွာကို ဆိုက်ဘာသူလျှိုစစ်ဆင်ရေးက ပစ်မှတ်ထားနေကြောင်း စွပ်စွဲပြီးနောက် တရုတ် ကုမ္ပဏီတစ်ခု နှင့် လူနှစ်ဦးအား ပိတ်ဆို့အရေးယူမှုများ ပြုလုပ် သွားမည်ဖြစ်ကြောင်း မတ်လ ၂၅ ရက် (တနင်္လာနေ့) တွင် ကြေညာခဲ့သည်။
အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက အရေးယူပိတ်ဆို့မည့်အဖွဲ့အစည်းမှာ Wuhan Xiaoruizhi Science and Technology ကုမ္ပဏီဖြစ်ပြီး ၎င်းကုမ္ပဏီသည် တရုတ်၏ ဆိုက်ဘာတိုက်ခိုက်မှုများတွင် ပါဝင်လျက်ရှိကြောင်း ဖော်ပြခဲ့သည်။
အမေရိကန်ဘဏ္ဍာရေးဌာနသည် ၎င်း၏ ပိတ်ဆို့အရေးယူမှုတွင် တရုတ်နိုင်ငံသားနှစ်ဦးဖြစ်သည့် Zhao Guangzong နှင့် Ni Gaobin တို့ ပါဝင်နေပြီး ၎င်းတို့နှစ်ဦးသည် Wuhan ကုမ္ပဏီနှင့် ဆက်စပ်နေကာ ကာကွယ်ရေး၊ လေကြောင်းနှင့် စွမ်းအင်ကဏ္ဍများ အပါအဝင် အရေးကြီးသောအခြေခံအဆောက်အဦများကို ဖျက်ဆီးရန် ဆိုက်ဘာတိုက်ခိုက်မှုများကို အသုံးပြုခဲ့သည်ဟု စွပ်စွဲခဲ့သည်။
တနင်္လာနေ့တွင်လည်း အမေရိကန်တရားရေးဌာနက Zhao၊ Ni နှင့် အခြားဟက်ကာ ငါးဦးအား ကွန်ပျူတာကျူးကျော်မှုနှင့် ကြေးနန်းလိမ်လည်မှုတို့၌ ပူးပေါင်းကြံစည်မှုဖြင့် တရားစွဲဆိုခဲ့သည်။ ၎င်းတို့သည် အမေရိကန်နှင့် ပြည်ပဝေဖန်သူများ၊ စီးပွားရေးလုပ်ငန်းများနှင့် နိုင်ငံရေးအရာရှိ များကို ပစ်မှတ်ထား၍ ၁၄ နှစ်ကြာ ဆိုက်ဘာစစ်ဆင်ရေးများ ဆောင်ရွက်လျက်ရှိကြောင်း အေဂျင်စီက ပြောကြားခဲ့သည်။
ကမ္ဘာလုံးဆိုင်ရာ ဟက်ကာစစ်ဆင်ရေး၏ ရည်ရွယ်ချက်မှာ “တရုတ်အစိုးရအား ဝေဖန်သူများကို ဖိနှိပ်ရန်၊ အစိုးရ အဖွဲ့အစည်းများကို အပေးအယူလုပ်ရန်နှင့် ကုန်သွယ်မှုလျှို့ဝှက်ချက်များကို ခိုးယူရန်ဖြစ်သည်” ဟု အမေရိကန် ဒုတိယရှေ့နေချုပ် Lisa Monaco က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ယူကေအာဏာပိုင်များသည် ဒဏ်ခတ်ပိတ်ဆို့ ခံထားရသည့် ကုမ္ပဏီနှင့် ပုဂ္ဂိုလ်နှစ်ဦးကို အမည်မဖော်ပြထားပေ။ သို့သော် ဒဏ်ခတ်ပိတ်ဆို့ခံ ထားရသူနှစ်ဦးသည် တရုတ်ဆိုက်ဘာအဖွဲ့ APT31 ၏ စစ်ဆင်ရေးများတွင် ပါဝင်ပတ်သက်နေကြောင်း ၎င်းတို့က ပြောကြားခဲ့သည်။
အဆိုပါအဖွဲ့ကို Zirconium (သို့မဟုတ်) Hurricane Panda ဟုလည်း လူသိများသည်။ ယူကေရွေးကောက်ပွဲ ကော်မရှင်၏ ဖော်ပြချက်အရ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလတွင် ၎င်းတို့၏ စနစ်ကိုချိုးဖောက်ဝင်ရောက်ခံခဲ့ရ ကြောင်း သိရသည်။ မှတ်ပုံတင်ထားသည့် မဲဆန္ဒရှင်များ၏ အမည်နှင့် လိပ်စာများကို ဝင်ရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အခြားနိုင်ငံများသို့ တိုက်ဂျက်လေယာဉ်များရောင်းချရန် ဂျပန်အစိုးရအဖွဲ့ အတည်ပြု
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ