ဟေတီရှိ အမေရိကန်သံရုံးဝန်ထမ်းများကို လေကြောင်းမှ ကယ်ထုတ်
ALynn (NSS) – မတ် ၁၁
ဟေတီရှိ ဂိုဏ်းအဖွဲ့များက မြို့တော် Port-au-Prince ကို သိမ်းပိုက်ရန် သဲသဲမဲမဲချီတက် တိုက်ခိုက်နေသော ကြောင့် အမေရိကန်သည် ၎င်း၏ သံရုံးဝန်ထမ်းများအား လေကြောင်းမှ ကယ်ထုတ်ခဲ့ကြောင်းသိရသည်။
ထို့အတူ ဂျာမန်နိုင်ငံခြားရေးဝန်ကြီးက ၎င်း၏သံအမတ်ကြီးသည် မတ်လ ၁ဝ ရက်က ဒိုမီနီကန်သမ္မတနိုင်ငံသို့ အခြား အီးယူကိုယ်စားလှယ်များနှင့်အတူ တိမ်းရှောင်ခဲ့ကြောင်း ဖော်ပြထားသည်။ ဟေတီဂိုဏ်းများသည် ဖေဖော်ဝါရီလ ၂၉ ရက်ကတည်းက အစိုးရကို ဖြုတ်ချရန် ရဲစခန်းများ၊ အကျဉ်းထောင်များ၊ ဆေးရုံများ၊ ဆိပ်ကမ်းနှင့် လေဆိပ်ကဲ့သို့ အရေးပါသည့်နေရာများ ကို တိုက်ခိုက်ခဲ့သည်။ ပုန်ကန်မှုစတင်ကတည်းက နိုင်ငံပြင်ပသို့ရောက်ရှိ နေသည့် ဝန်ကြီးချုပ် Ariel Henry သည် ပျူတိုရီကိုနိုင်ငံတွင် သောင်တင်နေပြီး အမေရိကန်အရာရှိတစ်ဦးကမူ ၎င်း၏ အစိုးရသည် အချိန်မရွေးပြုတ်ကျသွားနိုင်ကြောင်း သတိပေးထားသည်။
ဂိုဏ်းသားများသည် ပြည်ထဲရေးဝန်ကြီးဌာနကို မီးရှို့ခဲ့ကြောင်း၊ မြို့တော်၏ နေရာအနှံ့အပြားကို ဖျက်ဆီးခဲ့ ကြောင်း နှင့် သမ္မတနန်းတော်ကိုလည်း ပစ်ခတ်ခဲ့ကြောင်း ဖော်ပြခဲ့ကြသည်။ ဟေတီဂိုဏ်းများသည် မြို့တော်ရှိ ရဲစခန်းများကို ဖယ်ရှားရန် စနစ်တကျစစ်ဆင်ရေးလုပ်ဆောင်နေပြီး ယခုအခါ မြို့တော် Port-au-Prince ကို လုံးဝကျရှုံးသွားပြီဖြစ်ကြောင်း Le Nouvelliste သတင်းစာ က မတ်လ ၉ ရက်တွင် ဖော်ပြခဲ့သည်။
မတ်လ ၁၀ ရက် (တနင်္ဂနွေနေ့)က အမေရိကန်သည် သံရုံးလုံခြုံရေး တိုးမြှင့်ရန်နှင့် မလိုအပ်သည့်ဝန်ထမ်းများကို ရွှေ့ပြောင်းရန် ရေတပ်မှ အားဖြည့်ခြင်းများဆောင်ရွက်ခဲ့သည်။ ထို့နောက် အမေရိကန်နိုင်ငံခြားရေးဌာန၏ တောင်းဆိုချက်အရ ညလယ်ပိုင်းတွင် သံရုံးဝန်ထမ်းများကို ကယ်ထုတ်ခြင်းစစ်ဆင်ရေးကို ရဟတ်ယာဉ်ဖြင့် လုပ်ဆောင်ခဲ့ကြောင်း အမေရိကန်ကာကွယ်ရေးအရာရှိများက ပြောကြားခဲ့သည်။
၂၀၂၁ ခုနှစ်တွင် သမ္မတ Jovenel Moïse လုပ်ကြံခံရပြီးနောက် Henry သည် ယာယီဝန်ကြီးချုပ်နှင့် သမ္မတ ဖြစ်လာပြီး ဟေတီ၏လုံခြုံရေးအခြေအနေသည် တဖြည်းဖြည်းဆိုးရွားလာခဲ့သည်။ ထိုအချိန်မှစ၍ ဂိုဏ်းများသည် ပြန်ပေးဆွဲခြင်း၊ မူးယစ်ဆေးဝါးမှောင်ခိုနှင့် ငွေညှစ်ခြင်းတို့ကို လုပ်ဆောင်ခဲ့ပြီး မကြာသေးမီ ရက်ပိုင်းအတွင်းတွင် Port-au-Prince ၏ ၈၀ ရာခိုင်နှုန်းကျော်ကို သိမ်းပိုက်နိုင်ခဲ့သည်။
ကာရေဘီယံခေါင်းဆောင်များသည် ဟေတီအကျပ်အတည်းကို ဆွေးနွေးရန် ဂျမေကာနိုင်ငံ၊ မြို့တော် Kingston တွင် မတ်လ ၁၁ ရက် (ယနေ့) တွင် တွေ့ဆုံကြမည်ဖြစ်သည်။ ပြီးခဲ့သည့်သီတင်းပတ်က ကာရေဘီယံအသိုက် အဝန်း (Caricom) အဖွဲ့၏ဥက္ကဋ္ဌ၊ Guyana ၏ သမ္မတ Mohamed Irfaan Ali က ကာရေဘီယံခေါင်းဆောင်များ သည် ဟေတီနိုင်ငံအတွက် နိုင်ငံရေးအရအဖြေရှာခြင်းများကို ဝိုင်းဝန်းကြိုးပမ်းပေးသွားမည်ဟု စိတ်ပိုင်းဖြတ်ထား ကြောင်း ပြောကြားခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကမ္ဘာ့အမြန်ဆုံးအရုပ်ကား တီထွင်နိုင်ခဲ့တဲ့ ဂျာမနီနိုင်ငံသား
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ