ဝန်ကြီးချုပ်နေတန်ရာဟုက အစ္စရေးကို ကူညီနေခြင်းထက် ပိုမိုထိခိုက်အောင်လုပ်ဆောင်နေကြောင်း အမေရိကန်သမ္မတပြော
Pika (NSS) - မတ် ၁၁
အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုသည် လက်ရှိဖြစ်ပွားနေသော စစ်ပွဲအတွင်း ဂါဇာကမ်းမြောင်ဒေသတွင် အရပ်သားပြည်သူများ သေဆုံးနေမှုကို လျစ်လျူရှုခြင်းဖြင့် အစ္စရေးနိုင်ငံကို ကူညီနေခြင်းထက် ပိုမိုထိခိုက်အောင် လုပ်ဆောင်နေကြောင်း အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က ထုတ်ဖော်ပြောဆိုခဲ့သည်။
သို့သော်လည်း ယခုကဲ့သို့ပြောဆိုချက်များက အမေရိကန်က အစ္စရေးကို ကျောထောက်နောက်ခံပြုနေမှုများအား ရပ်တန့်သွားမည်ဟု မဆိုလိုကြောင်း ဂျိုးဘိုင်ဒန်က ထပ်မံပြောခဲ့သည်။
အစ္စရေး-ဟားမက်စစ်ပွဲ စတင်ဖြစ်ပွားခဲ့သည့် ပြီးခဲ့သည့်နှစ် အောက်တိုဘာလ(၇)ရက် နောက်ပိုင်းတည်းက လက်ရှိ အချိန်အထိ ပါလက်စတိုင်းလူမျိုး(၃၀၉၆၀)ဦး သေဆုံးခဲ့ပြီး အခြားလူ(၇၂၅၂၄)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဂါဇာ ကမ်းမြောင်ဒေသ ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေး တပ်ဖွဲ့များ၏ လုပ်ဆောင်ပုံများနှင့်ပတ်သက်ပြီး အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုကို ဂျိုးဘိုင်ဒန်က ထပ်မံ ဝေဖန်ခဲ့ ကြောင်းလည်း သိရသည်။
ဂျိုးဘိုင်ဒန်က "နေတန်ရာဟုဟာ အစ္စရေးကို ခုခံကာကွယ်ခွင့်၊ ဟားမက်လက်နက်ကိုင်အဖွဲ့ကို ဆက်လက် တိုက်ခိုက်ခွင့်ရှိပေမယ့်လည်း ဒီလုပ်ရပ်တွေကြောင့် အပြစ်မဲ့ပြည်သူတွေရဲ့အသက်တွေဆုံးရှုံးနေတာကို ထည့်သွင်း စဉ်းစားရပါမယ်။ ဒီလိုလုပ်ဆောင်နေတာဟာ အစ္စရေးကို ကူညီနေတာထက် ပိုမိုထိခိုက်အောင် လုပ်ဆောင်နေတာ ပါ။ ဒါဟာ အစ္စရေးနိုင်ငံရဲ့ရပ်တည်ချက်နဲ့ ဆန့်ကျင်ဖက်ပဲဖြစ်ပါတယ်။ ဒါက အမှားတစ်ခုလို့ပဲ ကျွန်တော် ထင်ပါတယ်။ အဲဒါကြောင့် အပစ်အခတ်ရပ်စဲရေးကို ကျွန်တော်မြင်ချင်ပါတယ်" ဟု ပြောခဲ့သည်။
ထို့အပြင် အစ္စရေးနှင့် ဟားမက်လက်နက်ကိုင်အဖွဲ့တို့ကြား အပစ်အခတ်ရပ်စဲရေးသည် သီတင်းပတ်(၆)ပတ်ခန့် ကြာမြင့်သင့်ကြောင်းနှင့် အပြန်အလှန်အကျဉ်းသားလဲလှယ်မှုကြီးကို မြင်တွေ့ရနိုင်ကြောင်း ဂျိုးဘိုင်ဒန်က ထပ်မံ ပြောခဲ့သည်။ ဂါဇာကမ်းမြောင်ဒေသတွင် အပစ်အခတ်ရပ်စဲရေးအတွက် နိုင်ငံတကာမှဖိအားများ တိုးမြင့်လာခြင်း သည် နိုင်ပွဲမရရှိမချင်း ဟားမက်လက်နက်ကိုင်အဖွဲ့ကို တိုက်ခိုက်သွားမည်ဆိုသည့် အစ္စရေး၏ ရည်မှန်းချက်များကို လက်လျှော့သွားစေမည်မဟုတ်ကြောင်း နေတန်ရာဟုက ယခုသီတင်းပတ်အစောပိုင်းတွင် ထုတ်ဖော်ပြောခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရန်ကုန် - မန္တလေးရထားလမ်းပိုင်းကို အကြမ်းဖက်သမားများက ထပ်မံမိုင်းခွဲဖျက်ဆီး
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ