ဂါဇာကမ်းမြောင်ဒေသတွင် အပစ်အခတ်ရပ်စဲရေးအတွက် လန်ဒန်မြို့တွင် လူထောင်ပေါင်းများစွာ ချီတက်ဆန္ဒပြ
Pika (NSS) - မတ် ၁ဝ
ဂါဇာကမ်းမြောင်ဒေသတွင် အပစ်အခတ်ရပ်စဲရေးအတွက် မတ်လ(၉)ရက်တွင် ဗြိတိန်နိုင်ငံ လန်ဒန်မြို့လယ်ခေါင်မှာ လူထောင်ပေါင်းများစွာ ချီတက်ဆန္ဒပြခဲ့ကြောင်း သိရသည်။
မတ်လ(၉)ရက်က လုပ်ဆောင်ခဲ့သော Hyde Park Corner နေရာမှ အမေရိကန်သံရုံးအထိ ချီတက်ဆန္ဒပြမှုသည် ယခုနှစ်အတွင်း လန်ဒန်မြို့တွင် လုပ်ဆောင်ခဲ့သော (၅)ကြိမ်မြောက် ချီတက်ဆန္ဒပြမှုတစ်ခုဖြစ်ကြောင်းလည်း သိရသည်။
ဆန္ဒပြပွဲကို စီစဉ်သူ ဘန်ဂျာမယ်က "ဂါဇာကမ်းမြောင်ဒေသမှာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် မရခင် အချိန်အထိ ကျွန်တော်တို့ဆန္ဒပြမှုတွေကို ဆက်လက်လုပ်ဆောင်သွားမှာပါ။ ပြီးတော့ ပါလက်စတိုင်းပြည်သူတွေ ကို အစ္စရေးရဲ့ဆယ်စုနှစ်များစွာကြာ ဖိနှိပ်ချုပ်ချယ်မှုတွေနဲ့အတူ ဗြိတိန်အစိုးရက လိုက်လျောညီထွေလုပ်ဆောင်နေ တာတွေ မရပ်တန့်မချင်း ဆန္ဒပြသွားမှာပါ" ဟု ပြောခဲ့သည်။
ဆန္ဒပြသူများအပေါ် ပြင်းပြင်းထန်ထန်အရေးယူမှုများ လုပ်ဆောင်ရန် ရဲတပ်ဖွဲ့များကို ဗြိတိန်ဝန်ကြီးချုပ်ဆူနက်က ပြီးခဲ့သည့်သီတင်းပတ်တွင် တိုက်တွန်းခဲ့ကြောင်း သိရသည်။ အဆိုပါဆန္ဒပြပွဲများသည် ခြိမ်းခြောက်မှု နှင့် အကြမ်းဖက်မှုများအထိ ဖြစ်လာနိုင်ကြောင်း ဆူနက်က ပြောခဲ့သည်။
ဆူနက်က "ရဲတပ်ဖွဲ့တွေကိုပြောချင်တာကတော့ ဆန္ဒပြပွဲတွေနဲ့ပတ်သက်ပြီး အရေးယူဆောင်ရွက်မှုတွေ လုပ်ဆောင်တဲ့အခါမှာ ကျွန်တော်တို့က နောက်ကနေရှိနေပေးမှာပါ" ဟု ပြောခဲ့သည်။ ပါလက်စတိုင်းလိုလားသည့် ချီတက်ဆန္ဒပြပွဲများသည် လန်ဒန်မြို့အတွင်းတွင် ဂျူးလူမျိုးများအတွက် သွားလာခွင့်မရှိသော ဇုန်များကို ဖန်တီးခဲ့ ပြီး အစ္စရေးကို ဆန့်ကျင်သည့် အမုန်းပွား ချီတက်ဆန္ဒပြပွဲများအဖြစ်သို့ ပြောင်းလဲသွားကြောင်း မတ်လ (၉)ရက် တွင် တန်ပြန်ဆန္ဒပြပွဲကို စီစဉ်သူ Itai Galmudy က ပြောကြားခဲ့သည်။
၎င်းက "တစ်စုံတစ်ယောက်က ဆန္ဒပြလိုတာကြောင့် ဂျူးလူမျိုးတွေက လမ်းမပေါ်ကို ထွက်လို့မရဘူးဆိုတာမျိုးတွေ ကျွန်တော်တို့ လက်မခံပါဘူး။ ဒါက လုံလောက်ပြီလို့ ထင်ပါတယ်။ ကျွန်တော်တို့ အကြောက်တရားနဲ့ မနေချင်ပါဘူး။ အဲဒါကို ကျွန်တော်တို့လက်မခံပါဘူး" ဟု ပြောခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
စစ်ပွဲအဆုံးသတ်နိုင်ဖို့ စေ့စပ်ဆွေးနွေးမှုတွေလုပ်ဖို့ ယူကရိန်းကို ပုပ်ရဟန်းမင်းကြီး တိုက်တွန်းတောင်းဆို
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ