ယူကရိန်းသမ္မတဇီလန်စကီးက နိုင်ငံခြားရေးဝန်ကြီးကို ရာထူးမှ ထုတ်ပယ်သွားနိုင်ဖွယ်ရှိနေကြောင်း မီဒီယာတစ်ခုဖော်ပြ
Pika (NSS) - မတ် ၉
ယူကရိန်းသမ္မတဇီလန်စကီးသည် နိုင်ငံခြားရေးဝန်ကြီး ဒီမစ်ထရီကူလီဘာကို ရာထူးမှထုတ်ပယ်ရန် စဉ်းစားနေကြောင်း သမ္မတရုံး၏ သတင်းရင်းမြစ်တစ်ခုကို ကိုးကားပြီး Strana မီဒီယာက မတ်လ(၈)ရက်တွင် ဖော်ပြခဲ့သည်။
အသက်(၄၂)နှစ်အရွယ် ဒီမစ်ထရီကူလီဘာသည် ၂၀၂၀ ခုနှစ် မတ်လတွင် နိုင်ငံခြားရေးဝန်ကြီးအဖြစ် စတင်တာဝန်ထမ်းဆောင်ခဲ့ခြင်းဖြစ်သည်။ ၎င်းသည် နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်မထမ်းဆောင်ခင် ယူရို-အတ္တလန်တိတ် ပေါင်းစည်းမှုဆိုင်ရာ ဒု၀န်ကြီးချုပ် နှင့် ဥရောပကောင်စီ၏ ယူကရိန်းသံတမန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ကြောင်းသိရသည်။
သတင်းရင်းမြစ်က "ဒီမစ်ထရီကူလီဘာအတွက် မေးခွန်းတွေ အများကြီးရှိပါတယ်။ အထူးသဖြင့် နိုင်ငံခြားရေးဝန်ကြီးဌာနက ခန့်အပ်တဲ့ သံတမန်တွေ ရွေးကောက်တင်မြှောက်ခြင်းနဲ့ပတ်သက်ပြီး တိုင်ကြားစာတွေ အများကြီးရှိပါတယ်။ သမ္မတဇီလန်စကီးရဲ့ ရုံးဟာ သံတမန်ဝန်ဆောင်မှုနဲ့ပတ်သက်ပြီး စိတ်ပျက်မှုတွေရှိနေတာပါ"ဟု ပြောဆိုခဲ့သည်။
Strana မီဒီယာ၏ အစီရင်ခံစာသည် နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေး ဆိုခွင့်ရှိသူ အကြီးအကဲ OIeg Nikolenko ရာထူးမှနှုတ်ထွက်ချိန်နှင့် တိုက်ဆိုင်နေကြောင်းလည်း သိရသည်။ ဒီမစ်ထရီကူလီဘာသည် ၎င်း၏ဓါတ်ပုံကို ဖေ့စ်ဘုတ်တွင် တင်ခဲ့ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနတွင် ၎င်း၏တာဝန်ထမ်းဆောင်မှုမှာ အဆုံးသတ်တော့မည်ဖြစ်ကြောင်း မတ်လ(၈)ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။ သို့သော်လည်း ဒီမစ်ထရီကူလီဘာသည် အဆိုပါကိစ္စနှင့်ပတ်သက်ပြီး နောက်ထပ်အသေးစိတ်အချက်အလက်များကို ထုတ်ဖော်ပြောဆိုခဲ့ခြင်းမျိုးမရှိခဲ့ကြောင်းလည်း သိရသည်။
မတ်လ(၇)ရက်တွင် ဇီလန်စကီးသည် ရာထူးမှထုတ်ပယ်ခံလိုက်ရသော ကာကွယ်ရေးဦးစီးချုပ် Valery Zaluzhny ကို ဗြိတိန်နိုင်ငံဆိုင်ရာ ယူကရိန်းသံအမတ်ကြီး အသစ်အဖြစ် ခန့်အပ်ခဲ့ကြောင်းသိရသည်။ ဇီလန်စကီးသည် နေတိုးထိပ်သီးအစည်းအဝေးတွင် ၎င်း၏အပြုအမူများကို ဝေဖန်ပြောဆိုခဲ့သည့် သံအမတ်ကြီး Vadim Pristayko ကို ရာထူးမှထုတ်ပယ်ခဲ့သည့် ၂၀၂၃ ခုနှစ် ဇူလိုင်လမှစတင်ပြီး ဗြိတိန်နိုင်ငံဆိုင်ရာ ယူကရိန်းသံအမတ်ကြီးရာထူးမှာ လစ်ဟာနေခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ နိုင်ငံခြားရေးဝန်ကြီးရာထူးအတွက် ဖြစ်နိုင်ခြေအရှိဆုံးသူမှာ သမ္မတရုံးတွင် နိုင်ငံခြားရေးမူဝါဒကို ကြီးကြပ်သော ဇီလန်စကီး၏ လက်ထောက်အကြီးအကဲ Igor Zhovkva ဖြစ်ကြောင်း Strana မီဒီယာ၏ဖော်ပြချက်အရသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
MAI လေကြောင်းလိုင်းသို့ ယခုလအတွင်း ATR တစ်စင်းထပ်မံရောက်ရှိမည်ဖြစ်ပြီး ခရီးစဉ်သစ် (၄)ခုကိုပါ တိုးချဲ့ပြေးဆွဲသွားမည်
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ