ဂါဇာကမ်းမြောင်ဒေသတွင် လေကြောင်းမှချပေးသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီအထုပ်များကြောင့် အနည်းဆုံးလူ(၅)ဦးသေဆုံး
Pika (NSS) - မတ် ၉
ဂါဇာကမ်းမြောင်ဒေသ မြောက်ပိုင်းတွင် လေယာဉ်ပေါ်မှတစ်ဆင့် လေထီးဖြင့်ချပေးသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကြောင့် အနည်းဆုံးလူ(၅)ဦးသေဆုံးခဲ့ပြီး အခြားလူ(၁၀)ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဂါဇာရှိ အကြီးဆုံးဆေးရုံမှ ဆေးရုံမှူးတစ်ဦးက မတ်လ(၈) ရက်တွင် ထုတ်ဖော်ပြောဆိုခဲ့သည်။
အဆိုပါဖြစ်ရပ်အတွင်း သေဆုံးခဲ့သူများကို Al-Shifa ဆေးရုံသို့ပို့ဆောင်ခဲ့ကြောင်း အရေးပေါ်ခန်း၏ သူနာပြုဆရာမ Mohammed al-Sheikh ကပြောကြားခဲ့သည်။ လေထီးဖြင့်ချပေးသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကြောင့် လူသေဆုံးမှုများသည် Al-Shati ဒုက္ခသည်စခန်း မြောက်ဘက်တွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း Mohammed al-Sheikh ကပြောကြားခဲ့သည်။
အဆိုပါဒုက္ခသည်စခန်းမှ မျက်မြင်သက်သေတစ်ဦးဖြစ်သူ Mohammed al-Ghoul က ၎င်းနှင့်၎င်း၏အစ်ကိုဖြစ်သူတို့သည် ဂျုံမှုန့်တစ်အိတ်ရရှိရန်အတွက် လေထီးဖြင့်ချပေးသော အကူအညီအထုပ်နောက်သို့ ပြေးလိုက်ခဲ့ကြောင်း ပြောကြားခဲ့သည်။ Mohammed al-Ghoul က"ဒါပေမဲ့ အဲဒီအကူအညီအထုပ်ရဲ့ လေထီးကမပွင့်ခဲ့ဘဲ အိမ်တွေထဲကတစ်ခုရဲ့ ခေါင်မိုးပေါ်ကို အရှိန်ပြင်းပြင်းနဲ့ကျသွားခဲ့တာပါ။ ဆယ်မိနစ်လောက်ကြာတော့ အကူအညီအထုပ် ပြုတ်ကျခဲ့တဲ့ အိမ်မှာနေတဲ့လူတွေဟာ သေဆုံးနေတဲ့လူ(၃)ဦးနဲ့ အခြားထိခိုက်ဒဏ်ရာရရှိသူတွေကိုအပြင်ကို ထုတ်နေတာကို ကျွန်တော်တွေ့ခဲ့ပါတယ်"ဟု ပြောဆိုခဲ့သည်။
ဂါဇာကမ်းမြောင်ဒေသတွင် စစ်ပွဲများစတင်ဖြစ်ပွားခဲ့ပြီးနောက် လူထောင် ပေါင်းများစွာသည် ဘေးဒုက္ခများနှင့်ရင်ဆိုင်ခဲ့ရသည့်အတွက် အမေရိကန် နှင့် ဂျော်ဒန်အပါအဝင် နိုင်ငံအများအပြားက လေကြောင်းမှအကူအညီများစွာ ချပေးခဲ့ကြောင်းသိရသည်။ မတ်လ(၈)ရက်က ဖြစ်ပွားခဲ့သော လူသေဆုံးမှုများကြောင့် လေကြောင်းမှ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများချပေးခြင်းသည် အကောင်းဆုံးနည်းလမ်းတစ်ခုမဟုတ်ကြောင်း ဂါဇာကမ်းမြောင်ဒေသရှိ အစိုးရမီဒီယာရုံးကပြောကြားခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကချင်ပြည်နယ်တွင် တိုက်ပွဲများ ပြင်းထန်နေမှုနှင့်အတူ မြစ်ကြီးနား၊ ဗန်းမော်လေဆိပ်များကို ရက်အကန့်အသတ်မရှိပိတ်
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ