ကချင်ပြည်နယ်တွင် တိုက်ပွဲများ ပြင်းထန်နေမှုနှင့်အတူ မြစ်ကြီးနား၊ ဗန်းမော်လေဆိပ်များကို ရက်အကန့်အသတ်မရှိပိတ်
မြူနစ် (NSS) - မတ် ၉
ကချင်ပြည်နယ်အတွင်း၌ တိုက်ပွဲများ ပြင်းထန်နေမှုနှင့်အတူ မြစ်ကြီးနား၊ ဗန်းမော်လေဆိပ်များကို ရက်အကန့်အသတ်မရှိ ပိတ်လိုက်ရကြောင်း သတင်းရရှိသည်။
KIA၊ AA၊ PDF ပူးပေါင်းအဖွဲ့သည် မတ် ၇ ရက် နံနက်ပိုင်းမှစတင်ကာ ဗန်းမော်-မြစ်ကြီးနားကားလမ်းတစ်လျှောက်ရှိ တပ်မတော်၏ လုံခြုံရေးစခန်းများကို စတင်တိုက်ခိုက်ကာ တိုက်ပွဲဖော်ဆောင်ခဲ့သည်။
ယနေ့(မတ် ၉ ရက်) နံနက်ပိုင်းတွင်လည်း မြစ်ကြီးနားမြို့ရှိ စစ်ဌာနချုပ်ဘက်သို့ KIA ပူးပေါင်းအဖွဲ့သည် လိုင်ဇာမြို့မှတစ်ဆင့် ပစ်ခတ်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
“မြစ်ကြီးနားလေဆိပ် ပိတ်လိုက်တာ ဟုတ်တယ်။ ဒီနေ့ မနက်မှ စပိတ်လိုက်တာ။ အသိတစ်ယောက်တောင်မှ သူ့ရဲ့ခရီးစဉ်ကို ဖျက်သိမ်းလိုက်ရတယ်။ ဒီနေ့ မနက်မှာတော့ လိုင်ဇာဘက်ကနေ မြစ်ကြီးနားမြို့ဘက်ကို စတင်ပစ် ခတ်တာရှိတယ်။ ဒီဘက်ကလည်း ပြန်လည်ပစ်ခတ်တာရှိတယ်။ အဲဒီလို ပစ်ခတ်တာတွေကြောင့် လေဆိပ်ကို ပိတ်လိုက်တာထင်တယ်။ လုံခြုံရေးအရ ပိတ်လိုက်တာလို့ထင်တယ်”ဟု မြစ်ကြီးနားမြို့ခံတစ်ဦးက NSS ကို ပြောသည်။
အလားတူ ဗန်းမော်မြို့လေဆိပ်သည် ပြီးခဲ့သော ရက်ပိုင်းအတွင်းမှစ၍ ရက်အကန့်အသတ်မရှိ ပိတ်သိမ်းလိုက်ရကြောင်း သိရသည်။
ပြီးခဲ့သော ရက်ပိုင်းအတွင်း၌ ဗန်းမော်မြို့လေဆိပ်တွင် လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲမှုကြောင့် လေယာဉ်ပြေးလမ်းထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
“ဗန်းမော်မြို့ပေါ်ကနေတော့ ပစ်သံ၊ ခတ်ခံ၊ လက်နက်ကြီးသံတွေ ကြားနေရတယ်။ ဖြစ်နေတဲ့နေရာက ခန့်မှန်း မိုင် (၃၀)ကျော်လောက်ကိုဝေးတယ်။ မနေ့ကတော့ မြို့ထဲနဲ့ (၂)မိုင်လောက်ဝေးတဲ့ ဗန်းမော် လေဆိပ်ထဲ လက် နက်ကြီး ကျတယ်ကြားတယ်။ လေယာဉ်တွေလည်းမလာဘူး။ လက်မှတ်ဝယ်ထားတဲ့လူတွေလည်း မစီးရဘူး” ဟု ဗန်းမော်မြို့ခံတစ်ဦးက NSS ကို ပြောသည်။
ကချင်ပြည်နယ်တွင် တိုက်ပွဲများ ပြင်းထန်နေမှုနှင့်အတူ ဗန်းမော်မြို့လေဆိပ်နှင့် မြစ်ကြီးနားမြို့လေဆိပ်များကို ရက်အကန့်အသတ်မရှိ ပိတ်ထားပြီး ခရီးစဉ်များကိုလည်း ဖျက်သိမ်းထားကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
"The Little Mermaid" star ဟေလီဘေလီ လျှို့ဝှက်ကိုယ်ဝန်ဆောင်ဖြစ်ခဲ့တဲ့အကြောင်း ပြောကြားလာ
RELATED POSTS
20 Nov 2024 | ခရီးသွား,နိုင်ငံတကာ
14 Nov 2024 | ခရီးသွား,ပြည်တွင်း
12 Nov 2024 | ခရီးသွား,ပြည်တွင်း