နိုင်ငံသားများကို အွန်လိုင်းမှတဆင့် စုဆောင်းကာ ရုရှားစစ်တပ်အတွက် စေလွှတ်နေသည့် အဖွဲ့များကို အိန္ဒိယအာဏာပိုင်များက ဝင်ရောက်စီးနင်းမှုများပြုလုပ်
Pika (NSS) - မတ် ၉
ယူကရိန်းနှင့်ဖြစ်ပွားနေသည့် စစ်ပွဲအတွင်း ရုရှားစစ်တပ်အတွက် တိုက်ခိုက်ပေးရန် အိန္ဒိယနိုင်ငံသားများကို အွန်လိုင်းမှတဆင့် စုဆောင်းပြီးစေလွှတ်ပေးနေသည့် လူကုန်ကူးမှုကွန်ရက်အဖွဲ့အစည်းများကို ဖမ်းဆီးနိုင်ခဲ့ကြောင်း အိန္ဒိယအာဏာပိုင်များကပြောကြားခဲ့သည်။
အိန္ဒိယအာဏာပိုင်များသည် ခရီးသွားအေးဂျင့်အများအပြားကို ဝင်ရောက်စီးနင်းမှုများ လုပ်ဆောင်ခဲ့ပြီးနောက် ယခုကဲ့သို့ထုတ်ပြန်ပြောဆိုခဲ့ခြင်းဖြစ်သည်။ ယူကရိန်းကို ကျူးကျော်တိုက်ခိုက်မှုများစတင်လုပ်ဆောင်ပြီးနောက်ပိုင်းကတည်းက ရုရှားသည်တပ်ဖွဲ့ဝင် ထောင်ပေါင်းများစွာကို ဆုံးရှုံးခဲ့ရပြီး ကမ္ဘာတစ်ဝန်းတွင် နောက်ထပ်တပ်ဖွဲ့ဝင်များ ရရှိရန် ကြိုးပမ်းလျက်ရှိကြောင်းသိရသည်။ ရုရှား-ယူကရိန်း ပဋိပက္ခအတွင်း အိန္ဒိယစစ်သားအနည်းဆုံး(၂)ဦးသေဆုံးခဲ့ပြီး နောက်ထပ်တပ်သားသစ်အများအပြားက ၎င်းတို့သည် ရှေ့တန်းစစ်မြေမျက်နှာပြင်သို့ ပို့ဆောင်ခံခဲ့ရကြောင်း အေအက်ဖ်ပီသတင်းဌာနသို့ပြောကြားခဲ့သည်။
အိန္ဒိယ၏ ဗဟိုစုံစမ်းစစ်ဆေးရေးဗျူရို (CBI) မှ စုံစမ်းစစ်ဆေးသူများသည် မတ်လ(၇)ရက်တွင် နေရာပေါင်း(၁၃)ခုကို ဝင်ရောက်စီးနင်းမှုများလုပ် ဆောင်ခဲ့ပြီး သံသယရှိသူအချို့ကို စစ်ဆေးမေးမြန်းမှုများ လုပ်ဆောင်ရန်အတွက် ဖမ်းဆီးထိန်းသိမ်းထားကြောင်း ထုတ်ပြန်ချက်တစ်ခုအရသိရသည်။ အဆိုပါထုတ်ပြန်ချက်တွင်"ဒီလူကုန်ကူးသူတွေဟာ ဖွဲ့စည်းထားတဲ့ ကွန်ရက်တစ်ခုအနေနဲ့ လည်ပတ်နေတာဖြစ်ပြီး Youtube လိုမျိုး ဆိုရှယ်မီဒီယာ ချန်နယ်တွေကနေ အိန္ဒိယနိုင်ငံသားတွေကို ရုရှားနိုင်ငံမှာ ဝင်ငွေများတဲ့ အလုပ်အကိုင်တွေရမယ်ဆိုပြီး ဒေသတွင်းအဆက်အသွယ်တွေ၊ အေးဂျင့်တွေကနေတစ်ဆင့် သွေးဆောင်ဖြားယောင်းမှုတွေ လုပ်ဆောင်နေတာပါ။ လူကုန်ကူးခံရတဲ့ အိန္ဒိယနိုင်ငံသားတွေဟာ တိုက်ခိုက်ရေးအခန်းကဏ္ဍတွေကို လေ့ကျင်သင်ကြားခဲ့ရပြီး ရုရှား-ယူကရိန်း ရှေ့တန်းစစ်မြေမျက်နှာပြင်ကို အပို့ခံခဲ့ရတာပါ"ဟု ရေးသားထားသည်။
ရုရှားနိုင်ငံသို့ အိန္ဒိယလူမျိုးများ စေလွှတ်ခံခဲ့ရသည့် ဖြစ်ရပ်(၃၅)ခုဝန်းကျင်ကို သိရှိထားပြီး နောက်ထပ်ဖြစ်နိုင်ခြေရှိသော သားကောင်းများကို ဖော် ထုတ်နိုင်ရန် ကြိုးပမ်းနေကြောင်း CBI ကပြောကြားခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဂါဇာကမ်းမြောင်ဒေသတွင် လေကြောင်းမှချပေးသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီအထုပ်များကြောင့် အနည်းဆုံးလူ(၅)ဦးသေဆုံး
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ