နယ်စပ်ဒေသတွင် အိန္ဒိယတပ်ဖွဲ့ဝင်များ ထပ်မံဖြန့်ကြက်ချထားခြင်းက တင်းမာမှုများကို လျော့ကျစေမည်မဟုတ်ကြောင်း တရုတ်အစိုးရဝေဖန်
Pika (NSS) - မတ် ၉
တရုတ်-အိန္ဒိယ အငြင်းပွားနယ်စပ်တွင် တပ်ဖွဲ့ဝင်များထပ်မံထည့်သွင်းရန် လုပ်ဆောင်နေသော အိန္ဒိယ၏လှုပ်ရှားမှုများသည် တင်းမာမှုများကို ဖြေလျော့ရာတွင် အထောက်အကူမဖြစ်စေကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူတစ်ဦးက မတ်လ(၈)ရက်တွင် ထုတ်ဖော်ပြောဆိုခဲ့သည်။
အိန္ဒိယအစိုးရသည် တရုတ်နိုင်ငံ နှင့် အငြင်းပွားမှုများဖြစ်ပွားနေသော နယ် စပ်တွင် ၎င်းတို့၏တည်ရှိမှုကို ပိုမိုအားကောင်းလာစေရန်အတွက် နိုင်ငံအနောက်ဖက်နယ်စပ်သို့ စစ်သား(၁)သောင်းခန့် စေလွှတ်ခဲ့ကြောင်းသိရသည်။ နှစ်နိုင်ငံလုံးသည် စစ်ရေးနှင့် သံတမန်လမ်းကြောင်းများမှတစ်ဆင့် တွေ့ဆုံဆွေးနွေးပွဲများကို ဆက်လက်ထိန်းသိမ်းထားရန် ယခင်ကသဘော တူညီခဲ့ကြောင်းလည်း သိရသည်။ ထို့ပြင် နှစ်နိုင်ငံလုံးသည် တရုတ်-အိန္ဒိယနယ်စပ် အနောက်ဖက်ခြမ်းရှိ နယ်စပ်ပြဿနာများကို ဖြေရှင်းရန်အတွက် အပြုသဘောဆောင်သော ဆွေးနွေးပွဲတစ်ခုကို မကြာသေးမီက ကျင်းပခဲ့ကြောင်းလည်း သိရသည်။
အိန္ဒိယအစိုးရသည် Uttarakhand ပြည်နယ်၊ Himachal Pradesh ပြည်နယ်၊ တရုတ်နိုင်ငံနှင့်ထိစပ်နေသော နယ်စပ်တစ်လျှောက် (၅၃၂)ကီလိုမီတာကို စောင့်ကြပ်ရန်အတွက် စစ်သား(၁)သောင်းခန့်ကို နိုင်ငံအနောက်ဖက်နယ်စပ်တွင် ဖြန့်ကျက်ချထားခဲ့ကြောင်း အိန္ဒိယမီဒီယာများ၏ဖော်ပြချက်အရ သိရသည်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေး ဆိုခွင့်ရှိသူ မာအိုနင်က "နယ်စပ်ဒေသငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ကာကွယ်ဖို့အတွက် အိန္ဒိယနိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေလုပ်ဆောင်ဖို့ တရုတ်အစိုးရက ကတိပြုထားပါတယ်။ အိန္ဒိယအစိုးရရဲ့ လုပ်ရပ်ဟာ ငြိမ်းချမ်းရေးကို ကာကွယ်ဖို့အတွက် အထောက်အကူမဖြစ်သလို တင်းမာမှုတွေကို ဖြေလျော့ရာမှာလည်း အထောက်အကူမဖြစ်စေဘူးလို့ ကျွန်မတို့ယုံကြည်ပါတယ်။ နယ်စပ်ဒေသတွေမှာ အိန္ဒိယရဲ့ စစ်အင်အားတိုးမြှင့်လာမှုတွေဟာ အခြေအနေတွေကို တည်ငြိမ်အောင် ဒါမှမဟုတ် ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ကာကွယ်ဖို့အတွက် အထောက်အကူမဖြစ်စေပါဘူး"ဟု ပြောဆိုခဲ့သည်။
အိန္ဒိယနှင့်တရုတ်နိုင်ငံတို့ကြား ထိစပ်နေသော နယ်စပ်တစ်လျှောက်သည် ကီလိုမီတာ(၃၈၀၀)ကျော် ရှည်လျားကြောင်းလည်း သိရသည်။ ၂၀၂၂ ခုနှစ်တွင် အိန္ဒိယ-တရုတ်နယ်စပ်တွင် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး အိန္ဒိယစစ်သား (၂၀)ဦးသေဆုံးကာ တရုတ်စစ်သား(၄)ဦးသေဆုံးခဲ့ဖူးကြောင်းသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာနိုင်ငံ၌ အမျိုးသမီး စာတတ်မြောက်မှုရာခိုင်နှုန်း (၈၅) ရာခိုင်နှုန်းအထိ တိုးတတ်လာဟု နစကဥက္ကဋ္ဌပြော
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ