ပင်လယ်နီအတွင်း နစ်မြုပ်သွားသော သင်္ဘောကြောင့် ရေအောက်အင်တာနက်ကေဘယ်ကြိုးများ ထိခိုက်ပျက်စီးသွားနိုင်ဖွယ်ရှိကြောင်း အမေရိကန်အစိုးရပြော
Pika (NSS) - မတ် ၆
ယီမင်အခြေစိုက် ဟူသီလက်နက်ကိုင်အဖွဲ့၏ တိုက်ခိုက်မှုနှင့်အတူ နစ်မြုပ်သွားသော သင်္ဘောတစ်စီးကြောင့် ပင်လယ်နီတွင်းရှိ ရေအောက်အင်တာနက်ကေဘယ်ကြိုးများ ထိခိုက်ပျက်စီးသွားနိုင်ဖွယ်ရှိကြောင်း အမေရိကန်အရာရှိတစ်ဦးက ပြောကြားခဲ့သည်။
ပြီးခဲ့သည့်လတွင် ဗြိတိန်နိုင်ငံပိုင် ကုန်တင်သင်္ဘော Rubymar သည် ဟူသီလက်နက်ကိုင်အဖွဲ့၏ တိုက်ခိုက်မှုများကို ခံခဲ့ရပြီးနောက် နစ်မြုပ်သွားခဲ့ကြောင်း သိရသည်။ ကုန်တင်သင်္ဘော Rubymar သည် အန္တရာယ်များသော ဓါတ်မြေဩဇာများကို သယ်ဆောင်လာခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။
Belize နိုင်ငံတွင် မှတ်ပုံတင်ထားသော ကုန်တင်သင်္ဘော Rubymar သည် ဟူသီလက်နက်ကိုင်အဖွဲ့၏ တိုက်ခိုက်မှု များ စတင်ခဲ့သည့် ပြီးခဲ့သည့်နှစ်နိုဝင်ဘာလနောက်ပိုင်းတည်းက ပထမဆုံးနစ်မြုပ်ခဲ့သည့် သင်္ဘောဖြစ်ကြောင်း လည်း သိရသည်။ ပင်လယ်နီအတွင်း ဟူသီလက်နက်ကိုင်အဖွဲ့၏ ဒရုန်းနှင့် ဒုံးကျည်များဖြင့် တိုက်ခိုက်မှုများ ကြောင့် သင်္ဘောကုမ္ပဏီများသည် ၎င်းတို့၏သင်္ဘောများကို ရှည်လျားသောရေကြောင်းလမ်းဖြစ်သည့် အာဖရိက တောင်ပိုင်းတစ်ဝိုက်သို့ လမ်းကြောင်းပြောင်းခိုင်းခဲ့ပြီး ပို့ဆောင်ခမြင့်မားခြင်းနှင့် ပို့ဆောင်မှုနှောင့်နှေးခြင်းတို့ ကြောင့် ကမ္ဘာ့ကုန်သွယ်မှုကို အနှောင့်အယှက်ဖြစ်စေခဲ့ကြောင်း သိရသည်။
အစ္စရေး-ဟားမက်စစ်ပွဲ စတင်ဖြစ်ပွားပြီးနောက် ဂါဇာကမ်းမြောင်ဒေသရှိ ပါလက်စတိုင်းလူမျိုးများကို ထောက်ခံ သည့်အနေဖြင့် ကုန်တင်သင်္ဘောများကို ပစ်မှတ်ထားတိုက်ခိုက်နေခြင်းဖြစ်ကြောင်း ဟူသီလက်နက်ကိုင်အဖွဲ့က ပြောခဲ့သည်။ ပင်လယ်နီအတွင်းရှိ ကုန်တင်သင်္ဘောများကို ပစ်မှတ်ထားတိုက်ခိုက်နေမှုများအား လက်တုံ့ပြန်သည့် အနေဖြင့် အမေရိကန်နှင့် ဗြိတိန်တို့၏တပ်ဖွဲ့များသည် ယီမင်နိုင်ငံရှိ ဟူသီလက်နက်ကိုင်အဖွဲ့၏ ပစ်မှတ်များကို လေကြောင်းမှ တိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်ခဲ့သည်။
ဟူသီလက်နက်ကိုင်အဖွဲ့က ပင်လယ်နီအတွင်းရှိ ကုန်တင်သင်္ဘောများကို တိုက်ခိုက်နေမှုများအား ရပ်တန့်မည် ဆိုမှသာ အမေရိကန်တပ်ဖွဲ့များသည် ဟူသီလက်နက်ကိုင်အဖွဲ့အပေါ် တိုက်ခိုက်နေခြင်းများကို ရပ်တန့်သွားမည် ဖြစ်ကြောင်း အမေရိကန်အကြီးတန်းသံတမန်တစ်ဦးက ပြီးခဲ့သည့်လတွင် ထုတ်ဖော်ပြောဆိုခဲ့ဖူးသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
လွိုင်ကော်တက္ကသိုလ်ပါမောက္ခချုပ် အပါအဝင် ဆရာ၊ ဆရာမ ၅ ဦးကို ထောင်ဒဏ် ၂ နှစ်နှင့် ငွေဒဏ်ချသည်ဆိုခြင်းအပေါ် မိသားစုဝင်များ စိုးရိမ်နေ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ