လွိုင်ကော်တက္ကသိုလ်ပါမောက္ခချုပ် အပါအဝင် ဆရာ၊ ဆရာမ ၅ ဦးကို ထောင်ဒဏ် ၂ နှစ်နှင့် ငွေဒဏ်ချသည်ဆိုခြင်းအပေါ် မိသားစုဝင်များ စိုးရိမ်နေ
NSS - မတ် ၆
လွိုင်ကော်တက္ကသိုလ်ပါမောက္ခချုပ် အပါအဝင် ဆရာ၊ ဆရာမ ၅ ဦးကို ထောင်ဒဏ် ၂ နှစ်နှင့် ငွေဒဏ်ချသည် ဆိုခြင်း အပေါ် မိသားစုဝင်များ စိုးရိမ်နေကြောင်း NP News က ဆက်သွယ်မေးမြန်းထားသည့်အချက်အလက်များအရ သိရသည်။
ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလအတွင်း လွိုင်ကော်တက္ကသိုလ်မှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကာ ပြန်မလွှတ်ခဲ့သူ ဝန်ထမ်းများ ဖြစ်သော ပါမောက္ခချုပ် ဦးအောင်ခင်မြင့် အပါအဝင် ဆရာ၊ ဆရာမ ၅ ဦးကို ထောင်ဒဏ် ၂ နှစ် နှင့် ငွေဒဏ် ကျပ် ၉ သိန်းစီ အသီးသီးချမှတ်လိုက်သည်ဟု ဆိုကာ ကရင်နီပြည်နယ် ပြည်နယ်တရားသူကြီးချုပ် ခူးပိုးရယ်က အတည်ပြု ပြောကြားထားသည့်အပေါ် မိသားစုဝင်များက စိုးရိမ်မှုများ ရှိနေခြင်းဖြစ်သည်။
“ကျွန်မကတော့ ငွေဒဏ်ဆိုလည်း ငွေဒဏ်ချလိုက်ပေါ့နော်။ ပြန်လွှတ်စေချင်တယ်။ (အတူပါသွားတဲ့ ဝန်ထမ်း တစ်ယောက်ရဲ့အမေ) အသက်ကြီးတဲ့ အမေကြီးကလည်း နေမကောင်းရှာပါဘူးကွယ်။ သူက အသဲရောဂါလည်း ရှိ တယ်လေ။ အသက် ၈ဝ ကျော် ပါသွားတယ်။ အန်တီ့ တူမလေးကလည်း ဆီးချိုရှိတယ်။ (သူတို့ကို ထားတဲ့နေရာရဲ့) နောက်က ရွာက လူတွေက ဆေးဝယ်ချင်ရင် ဝယ်ပေးတယ်ပြောတယ်။ ဒီမှာလို အဆင်ဘယ်ပြေမလဲကွယ်။ သူတို့ ပြောတဲ့အတိုင်း ငွေဒဏ်ချလိုက်ရင် ချလိုက်ပေါ့။ လူလွတ်ရင် တော်ပါပြီ” ဟု မိသားစုဝင်တစ်ဦးက ဆိုသည်။
ထောင်ဒဏ်သည်ဟု ဆိုသော်လည်း ဖမ်းခေါ်သွားသူများကို မြင်ရသည့် အနေအထားမဟုတ်သောကြောင့် စိုးရိမ်မိ ကြောင်းလည်း ၎င်းက ဆိုသည်။
“စိုးရိမ်ပါတယ်။ သူတို့ကို မြင်လည်း မမြင်ရဘူး။ သွားပြီးတော့လည်း ကြည့်လို့မရဘူး။ အဲဒီအခါကျတော့ ဘယ်လိုဖြစ်နေလဲ ဥပမာ- ကောင်းကောင်းမွန်မွန်ထားရဲ့လား။ (ပါသွားတဲ့) အမေကြီးကိုကော ဘယ်လို လုပ်ကြမှာ လဲပေါ့။ အဲဒီလို တွေးမိတော့ စိတ်က ဘယ်ကောင်းမလဲ” ဟု ၎င်းက ပြောသည်။
လိုအပ်သည့် အစားအသောက်၊ ဆေးဝါးနှင့် အဝတ်အစားကို ပေးပို့လိုသည့်အပြင် အဆက်အသွယ်ရလိုသော်လည်း ကိုယ်တိုင်သွားရောက်ရန်အတွက် အဆင်မပြေသည့်အနေအထားဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။
လွိုင်ကော်တက္ကသိုလ်ကို တိုက်ခိုက်စဥ် လေးဘက်လေးတန်မှ ဝိုင်းဝန်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တက္ကသိုလ်တွင် တိုက်ပွဲဖြစ်စဉ် ဆရာ၊ ဆရာမများ၊ ဝန်ထမ်း မိသားစုများသာမက တည်ဆောက်ရေးလုပ်သားများလည်း ရှိနေခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြစ်ကြီးနားမြို့တွင် ဆိုင်ကယ်စီးလာသည့် အမျိုးသမီးတစ်ဦး ဦးခေါင်းကားကြိတ်ခံရ၍ ပွဲချင်းပြီး သေဆုံး
RELATED POSTS
20 Nov 2024 | ပညာရေး,ပြည်တွင်း
11 Nov 2024 | ပညာရေး,ပြည်တွင်း
13 Sep 2024 | ပညာရေး,ပြည်တွင်း
07 Sep 2024 | ပညာရေး,ပြည်တွင်း