နှစ်နိုင်ငံကြား လုံခြုံရေးသဘောတူညီချက်ကို ယူကရိန်းနှင့် နယ်သာလန်တို့လက်မှတ်ရေးထိုး
Pika (NSS) - မတ် ၂
ယူကရိန်း နှင့် နယ်သာလန်နိုင်ငံတို့သည် ယခုနှစ်အတွင်း ယူကရိန်းသို့ စစ်ရေးအကူအညီ အမေရိကန်ဒေါ်လာ(၂ ဒသမ ၂)ဘီလျံ ထောက်ပံ့ပေးမည့် လုံခြုံရေးသဘောတူညီချက်တစ်ခုကို မတ်လ(၁)ရက်က လက်မှတ်ရေးထိုးခဲ့ကြကြောင်း သမ္မတဇီလန်စကီးက ထုတ်ဖော်ပြောဆိုခဲ့သည်။
ယူကရိန်းသည် ပြီးခဲ့သည့်(၃)လအတွင်း ရှေ့တန်းစစ်မြေမျက် နှာပြင်တွင် ပြင်းထန်သော ဖိအားများနှင့်ရင်ဆိုင်ခဲ့ရပြီး ခဲယမ်းမီးကျည်ပြတ်လပ်မှုများကို ကြုံတွေ့နေရခြင်းကြောင့် နောက် ထပ်အကူအညီများပေးပို့ပေးရန် အနောက်အုပ်စုနိုင်ငံများကို တိုက်တွန်းတောင်းဆိုခဲ့ကြောင်းသိရသည်။ ယူကရိန်း၏ ဒုတိယအကြီးဆုံးမြို့ဖြစ်သော ခါကစ်ဗ်မြို့တွင် နယ်သာလန်ဝန်ကြီးချုပ် မာ့ခ်ရူတီနှင့် သမ္မတဇီလန်စကီးတို့ကြား တွေ့ဆုံမှုများလုပ် ဆောင်စဉ်အချိန်အတွင်း အဆိုပါသဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြခြင်းဖြစ်ကြောင်းသိရသည်။
ဇီလန်စကီးက "ဒီနေ့မှာတော့ ယူကရိန်းနဲ့နယ်သာလန်နိုင်ငံကြား နှစ်နိုင်ငံလုံခြုံရေးသဘောတူညီချက်ကို မာ့ခ်ရူတီနဲ့ကျွန်တော် လက်မှတ်ရေးထိုးခဲ့ပါတယ်။ အဲဒီသဘောတူညီချက်အရ ယခုနှစ်အတွင်း ယူကရိန်းအတွက် စစ်ရေးအကူအညီ အမေရိကန်ဒေါ်လာ(၂ ဒသမ ၂) ဘီလျံကို နယ်သာလန်နိုင်ငံက ထောက်ပံ့ပေးမယ့်အပြင် လာမယ့်(၁၀)နှစ်အတွင်း နောက်ထပ်ကာကွယ် ရေးအကူအညီတွေလည်း ထောက်ပံ့ပေးသွားမှာပါ"ဟု ပြောဆိုခဲ့သည်။
ယူကရိန်းစစ်ပွဲသည် အနောက်အုပ်စုနိုင်ငံများ၏ ထောက်ပံ့ပေးမှုများအပေါ်မူတည်နေပြီး ဥရောပသမဂ္ဂသည် ၎င်းတို့ ကတိပြုထားသော ခဲယမ်းမီးကျည်(၁)သန်း၏ (၃၀)ရာခိုင်နှုန်းကိုသာ ထောက်ပံ့ပေးခဲ့ကြောင်း ဇီလန်စကီးက ပြီးခဲ့သည့်လတွင် ထုတ်ဖော်ပြောဆိုခဲ့သည်။ ထို့ပြင် ပြီးခဲ့သည့်လတွင် ယူကရိန်းသည် ရှေ့တန်းစစ်မြေမျက်နှာပြင်ရှိ မဟာဗျူဟာမြောက်မြို့တစ်မြို့ဖြစ်သော Avdiivka မြို့ကို လက်လွှတ်ခဲ့ရကြောင်းသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တတိယကမ္ဘာစစ်ဖြစ်ပွားလာနိုင်ကြောင်း ပြင်သစ်ဝန်ကြီးချုပ်ဟောင်းပြော
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ