လစ်ဗျားနိုင်ငံရေးတွင် ရုရှားဝဂ္ဂနာကြေးစားတပ်ဖွဲ့တို့ ထဲထဲဝင်ဝင် ပါဝင်ပတ်သက်လာ
ALynn (NSS) - မတ် ၁
လစ်ဗျားနိုင်ငံတွင် နှစ်ပေါင်းများစွာ စစ်ပွဲနှင့် နိုင်ငံရေးမတည်ငြိမ်မှုများ၊ ၂၀၂၃ ခုနှစ် စက်တင်ဘာလက ဖြစ်ပွားခဲ့ သည့်ရေကြီးရေလျှံမှုများ၊ ဒီမိုကရေစီအုပ်ချုပ်ရေးစနစ် ပျက်ပြားခြင်းများကြောင့် ရုရှားဝဂ္ဂနာကဲ့သို့ ပြည်ပကြေးစား စစ်တပ်များ၏ လွှမ်းမိုးခြင်းခံနေရသည်။ ဝဂ္ဂနာအုပ်စုသည် ၂၀၁၈ ခုနှစ်ကတည်းက လစ်ဗျားတွင် ခြေကုပ်ရယူခဲ့ သည်။
ရေနံနှင့် ရွှေသယံဇာတပေါကြွယ်ဝသော လစ်ဗျားသည် ရုရှား၏ခေတ်သစ်ကိုလိုနီချဲ့ထွင်ခြင်းအတွက် အရေးပါ သောနိုင်ငံတစ်နိုင်ငံဖြစ်လာသည်။ နိုင်ငံသည် ၂၀၁၄ ခုနှစ်ကတည်းက စင်ပြိုင် အုပ်ချုပ်ရေးနှစ်ရပ်အကြား အကွဲကွဲ အပြားပြားဖြစ်ခဲ့သည်။ လစ်ဗျား အနောက်ပိုင်းကို နိုင်ငံတကာ ကအသိအမှတ်ပြုထားသည့်ဝန်ကြီးချုပ် Abdul Hamid Dbeibah ဦးဆောင်သော ယာယီအစိုးရက အုပ်ချုပ်ပြီး ၎င်းကို တူရကီစစ်သွေးကြွများက ကျောထောက် နောက်ခံပြုထားပေးသည်။
နိုင်ငံအရှေ့ပိုင်းကိုမူ ဝန်ကြီးချုပ် Ossama Hamad ဦးဆောင်ကာ လစ်ဗျားအမျိုးသားတပ်မတော်က ကျောထောက်နောက်ခံပြုထားသည်။ ထို့ပြင် ၎င်းတပ်မတော်ကို ဝဂ္ဂနာအုပ်စုကလည်း အားဖြည့်ထားကာ ၎င်းအုပ်စုသည် လစ်ဗျားထံမှ ရေနံသယံဇာတများ အမြတ်ထုတ်ရန်ကြိုးပမ်းနေကြောင်း Chatham House ၏ အကြီးတန်းသုတေသီတစ်ဦးက သုံးသပ်ထားသည်။
ဝဂ္ဂနာအုပ်စုကို ၂၀၁၄ ခုနှစ်တွင် စတင်ဖွဲ့စည်းတည်ထောင်ခဲ့ပြီး သမ္မတပူတင်နှင့် ပုဂ္ဂိုလ်ရေးအရ နီးစပ်သူ ပရီဂိုဇင် က ဦးဆောင်ခဲ့သည်။ သို့သော် ၂ဝ၂၃ ခုနှစ်၊ ဇွန်လတွင် ပရီဂိုဇင်က ရုရှားအစိုးရအား ပုန်ကန်ခဲ့ပြီး နှစ်လအကြာ တွင်မူ လေယာဉ်ပျက်ကျသေဆုံးသွားခဲ့သည်။
ထိုအချိန်မှစ၍ ဝဂ္ဂနာအုပ်စုကို ရုရှားစစ်ထောက်လှမ်းရေးအတွက် အသုံးချလာခဲ့သည်။ ဝဂ္ဂနာအဖွဲ့၏ ခေါင်းဆောင်သစ် ဗိုလ်ချုပ် Andrei Averyanov သည် ပြည်ပလုပ်ကြံသတ်ဖြတ်မှုများကို ညွှန်ကြားစေခိုင်းသူဖြစ် ပြီး ဥရောပနိုင်ငံများ၏ နိုင်ငံရေးမတည်ငြိမ်အောင်လှုံ့ဆော်ရာတွင် အဓိကအခန်းကဏ္ဍတွင် ပါဝင်သူအဖြစ် ယူဆ ထားကြသည်။
၎င်း၏ အုပ်ချုပ်မှုအောက်တွင် လစ်ဗျားရှိ ဝဂ္ဂနာအဖွဲ့များကို နိုင်ငံခြားတပ်ဖွဲ့များ (Expeditionary Corps) အဖြစ် တံဆိပ်ပြောင်းလဲသတ်မှတ်ခဲ့သည်။
ဝဂ္ဂနာခေါင်းဆောင်သစ်နှင့် လစ်ဗျားအရှေ့ပိုင်းတပ်ဖွဲ့ခေါင်းဆောင်တို့နှစ်ဦးသည် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလတွင် ပထမအကြိမ်တွေ့ဆုံခဲ့ပြီး “သယံဇာတနှင့် လုံခြုံရေး ဖလှယ်ခြင်း” သဘောတူစာချုပ်ကို ချုပ်ဆိုခဲ့ကြသည်။ ဝဂ္ဂနာ အဖွဲ့များသည် လစ်ဗျားအရှေ့ပိုင်းတွင် လက်နက်များ တင်သွင်းခြင်း၊ မူးယစ်ဆေးမှောင်ခိုလုပ်ခြင်းနှင့် လစ်ဗျား လေတပ်စခန်း ၃ ခု ဆက်လက်လည်ပတ်နိုင်အောင် အထောက်အပံ့ပေးခြင်းများ လုပ်ဆောင်လျက်ရှိသည်။
ဝဂ္ဂနာအဖွဲ့ကို လက်ခံထားခြင်းကြောင့် လစ်ဗျားနိုင်ငံသားများသည် ဆိုးဆိုးရွားရွားလူအခွင့်အရေးချိုးဖောက်ခံ ရခြင်းများကို ကြုံတွေ့ခံစားနေရကြောင်း EU ၏ ၂၀၂၁ ခုနှစ်အစီရင်ခံတွင် ဖော်ပြခဲ့ဖူးသည်။ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလက လစ်ဗျားတွင် နောက်ဆုံးအကြိမ်ရွေးကောက်ပွဲကျင်းပခဲ့သော်လည်း အောင်မြင်မှုမရှိခဲ့ပေ။ ထိုအချိန်မှစ၍ မည်သည့်နိုင်ငံရေးပါတီမှ လစ်ဗျား၏ ဆိုးရွားနေသော နိုင်ငံရေးအကျပ်အတည်းများကို ဖြေရှင်း ပေးဖို့ ကြိုးစားဆောင်ရွက်ကြခြင်းမရှိတော့ပေ။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အိန္ဒိယနိုင်ငံ အလယ်ပိုင်းတွင် ယာဉ်မတော်တဆမှုတစ်ခုဖြစ်ပွားခဲ့ပြီး အနည်းဆုံးလူ(၁၅)ဦး သေဆုံး
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ