PDF (၇၀)ဦးခန့်က ထားဝယ်နည်းပညာတက္ကသိုလ် ပါမောက္ခချုပ်နှင့် ဆရာမ(၃)ဦးကို ဖမ်းဆီးမှု ထပ်မံဖြစ်ပွား
မြူနစ် (NSS) - ဖေဖော်ဝါရီ ၂၈
PDF အဖွဲ့ဝင် (၇၀)ဦးခန့်က ထားဝယ်နည်းပညာတက္ကသိုလ် ပါမောက္ခချုပ်နှင့် ဆရာမ(၃)ဦးကို ဖမ်းဆီးခေါ်ဆောင်မှု ထပ်မံဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖေဖော်ဝါရီလ ၂၈ ရက် မွန်းတည့် ၁၁ နာရီခွဲအချိန်ခန့်တွင် PDF အဖွဲ့ဝင် (၇၀)ဦးခန့်သည် တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ ထားဝယ်နည်းပညာတက္ကသိုလ်ဝန်းအတွင်းသို့ ဝင်ရောက်လာခဲ့ကြောင်း သိရသည်ဟု တိုင်းအစိုးရအဖွဲ့နှင့်နီးစပ်သူက NSS ကို ပြောသည်။
ထို့နောက် PDF အဖွဲ့ဝင်များသည် တက္ကသိုလ်အတွင်းရှိ မိုးလုံလေလုံအားကစားရုံ၏ ခြံစည်းရိုးအုတ်တံတိုင်းကို အကာအကွယ်ယူကာ ကားလမ်းမတစ်ဖက်ခြမ်းရှိ လုံခြုံရေးအဖွဲ့ဝင်များရှိသော ဘုရားမဲဂိတ်ကို ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
“PDF တွေက အရင်ဆုံးတက္ကသိုလ်ထဲကို ဝင်လာတာပေါ့။ ပြီးမှ ဘုရားမဲဂိတ်မှာရှိတဲ့ တပ်ကိုတိုက်တာ။ အပြန်အလှန်ပစ်တာခတ်တာတော့ ရှိတာပေါ့။ ပြီးတော့ (၂)နာရီလောက်မှာ PDF တွေက ပါချုပ်နဲ့ ဆရာမတွေကို ဖမ်းဆီးပြီး ခေါ်သွားတာ ပေါ့” ဟု တနင်္သာရီတိုင်းအစိုးရအဖွဲ့နှင့်နီးစပ်သူက ပြော သည်။
PDF အဖွဲ့ဝင်များသည် ထားဝယ်နည်းပညာတက္ကသိုလ်မှ ပါမောက္ခချုပ်ဒေါက်တာကျော်အောင်၊ ဌာနမှူး (၂)ဦးနှင့် ဆရာမတစ်ဦးတို့ကို ဖမ်းဆီးခေါ်ဆောင်ကာ ကျောက်ဆိပ်ကုန်းရွာဘက်သို့ ပြန်လည်ထွက်ခွာသွားခဲ့ကြောင်း သိရသည်။
“အဲဒီတက္ကသိုလ်က ထားဝယ်ကနေ ရေဖြူကို သွားတဲ့ကြားထဲမှာ ရှိတာ။ အဲဒီအနားမှတပ်လည်း ရှိတယ်။ အရင်တစ်ခါတုန်းကလည်း အဲဒီလမ်းကြောမှာ ဝန်ကြီးချုပ်ယာဉ်တန်းရဲ့ ရှေ့ပြေးယာဉ်တွေ အပစ်ခံခဲ့ရတာ ရှိဖူးတယ်။ ပစ်ခတ်မှုလည်း မကြာခဏဆိုသလို ဖြစ်ဖူးတယ်” ဟု တိုင်းအစိုးရအဖွဲ့နှင့်နီးစပ်သူက ဆက်လက်ပြောသည်။
ယခုဖေဖော်ဝါရီလ ၂၅ ရက်တွင်လည်း စစ်ကိုင်းတိုင်းအတွင်းရှိ ကလေးတက္ကသိုလ်ကို PDF ပူးပေါင်းအဖွဲ့များက ဝင်ရောက် စီးနင်းကာ ဆရာ/ဆရာမနှင့် ကျောင်းသား/ကျောင်းသူများကို ဖမ်းဆီးခေါ်ဆောင်သည့်ဖြစ်စဉ် ဖြစ်ပွားခဲ့ဖူးသည်။
အဆိုပါကလေးတက္ကသိုလ်ဖြစ်စဉ်၌ ဆရာ/ဆရာမနှင့် ကျောင်းသား/ကျောင်းသူ (၂၈၅)ဦးကို နစကဘက်က ပြန်လည် ကယ်တင်နိုင်ခဲ့သော်လည်း PDF ပူးပေါင်းအဖွဲ့၏ ဖမ်းဆီးခြင်းခံထားရသူများလည်း ရှိနေကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပြင်သစ်နိုင်ငံ စီးပွားရေးတွင် ယူရို(၁၀)ဘီလျံ ရင်းနှီးမြှုပ်နှံမည့်သဘောတူညီချက်ကို ပြင်သစ်နှင့်ကာတာနိုင်ငံတို့ လက်မှတ်ရေးထိုး
RELATED POSTS
20 Nov 2024 | ပညာရေး,ပြည်တွင်း
11 Nov 2024 | ပညာရေး,ပြည်တွင်း
13 Sep 2024 | ပညာရေး,ပြည်တွင်း
07 Sep 2024 | ပညာရေး,ပြည်တွင်း