အာဏာသိမ်းရန်ကြိုးပမ်းသည့်စွပ်စွဲချက်များ ရှိနေသော်လည်း ဘရာဇီးသမ္မတဟောင်း ဘိုဆွန်နာရိုအား ထောက်ခံကြောင်း စုဝေးခဲ့ကြ
ALynn (NSS) - ဖေဖော်ဝါရီ ၂၆
ဘရာဇီးသမ္မတဟောင်း ဘိုဆွန်နာရိုသည် ၂၀၂၂ ခုနှစ်ရွေးကောက်ပွဲ၌ ရှုံးနိမ့်မှုအပြီးတွင် အာဏာသိမ်းရန် ကြိုးပမ်းခဲ့ သည်ဟု စွပ်စွဲခံနေရသော်လည်း ဖေဖော်ဝါရီလ ၂၅ ရက် (တနင်္ဂနွေနေ့) က ၎င်းအား ထောက်ခံသည့် သောင်းနှင့်ချီ သော လူထုကြီးက ဝန်းရံခဲ့ကြကြောင်း သိရသည်။
ဘိုဆွန်နာရိုက အာဏာသိမ်းရန်ကြိုးပမ်းမှုစွပ်စွဲချက်များကို ငြင်းဆိုခဲ့ပြီး တရားရုံးက ၎င်းအား ၈ နှစ်ကြာ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခြင်းမပြုရန် တားမြစ်ချက်သည့် မဆီလျော်ကြောင်း တုံ့ပြန်ခဲ့သည်။
ဘိုဆွန်နာရိုသည် ၂၀၂၂ ခုနှစ် ရွေးကောက်ပွဲရလဒ်ကို ပြောင်းလဲရန် ကြိုးပမ်းမှုများကြောင့် ဖေဖော်ဝါရီလ အစောပိုင်းက ၎င်း၏ နိုင်ငံကူးလက်မှတ်ကို ရဲတပ်ဖွဲ့က သိမ်းဆည်းခဲ့သည်။ ထို့ပြင် ရဲတပ်ဖွဲ့၏ ပြောကြားချက်အရ ၎င်းသည် စစ်အရာရှိများကို အာဏာသိမ်းမှုတွင်ပါဝင်ရန် ဖိအားပေးခဲ့ပြီး တရားသူကြီးချုပ်အား ထောင်ချရန်လည်း ကြံစည်ခဲ့ကြောင်း သိရသည်။
ဘိုဆွန်နာရိုအား ထောက်ခံသူများသည်လည်း ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၈ ရက်က သမ္မတ အိမ်တော်၊ တရားလွှတ်တော်ချုပ်ရုံး နှင့် ကွန်ဂရက်စ်အဆောက်အဦတို့အား ကျူးကျော်ဝင်ရောက်ခဲ့ခြင်းကြောင့် တရားစွဲဆို ထောင်ချခံခဲ့ရသည်။ ဘိုဆွန်နာရိုက ၎င်းအနေဖြင့် ညှင်းပန်းနှိပ်စက်ခံခဲ့ရကြောင်း နှင့် ဇန်နဝါရီ ၈ ရက်က အဓိကရုဏ်းတွင် ပါဝင်ခဲ့သူများကို လွတ်ငြိမ်းချမ်းသာခွင့်ပေးရန် တနင်္ဂနွေနေ့က တောင်းဆိုလိုက်သည်။
ဘိုဆွန်နာရိုသည် အာဏာအလွဲသုံးစားပြုမှုနှစ်ခုကြောင့် ၂၀၃၀ ပြည့်နှစ်အထိ ရွေးကောက်ခံရခြင်းမှ တားမြစ် ခံရသော်လည်း လက်ရှိသမ္မတ လူလာအတွက် အဓိကပြိုင်ဖက်အဖြစ် ဘရာဇီးနိုင်ငံရေးတွင် ပါဝင်လှုပ်ရှားနေဆဲ ဖြစ်သည်။
Aljazeera သတင်းထောက် Monica Yanakiew ၏ ဖော်ပြချက်အရ “ဘိုဆွန်နာရိုသည် ၎င်း၏ နိုင်ငံရေး အာဏာကိုပြသရန်အတွက် လူထုစုရုံးမှုပြုလုပ်ရန် ညွှန်ကြားခဲ့ခြင်းဖြစ်ကြောင်းနှင့် အောက်တိုဘာလတွင် ကျင်းပ မည့် ဒေသန္တရရွေးကောက်ပွဲများတွင် လူကြိုက်များ ထင်ရှားဆဲဖြစ်ကြောင်း ပြသရန်အတွက် စုရုံးစေခဲ့ခြင်းဖြစ် ကြောင်း” သိရသည်။
ဘိုဆွန်နာရိုနှင့် ၎င်းအား ထောက်ခံသူများသည် ဂါဇာစစ်ပွဲအတွင်း အစ္စရေးက အစုလိုက်အပြုံလိုက် သတ်ဖြတ်နေ သည်ဟူသော လက်ရှိသမ္မတလူလာ၏ မှတ်ချက်ကို ဆန့်ကျင်ကြောင်းပြသသည့်အနေဖြင့် ဆန္ဒပြပွဲတွင် အစ္စရေး အလံများကို ဝှေ့ယမ်းခဲ့ကြသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဘာကီနာဖာဆိုတွင် ကက်သလစ်ဘုရားကျောင်းအား တိုက်ခိုက်ခဲ့ခြင်းကြောင့် လူ ၁၅ ဦး သေဆုံးခဲ့
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ