NUG နှင့် ၎င်းတို့အား ပံ့ပိုးနေသော EAO အဖွဲ့အစည်းအချို့ကို ပြတ်ပြတ်သားသားအရေးယူဆောင်ရွက်သွားမည်ဟု တပ်ချုပ် သတိပေး
မျိုးကြီး (NP News) - မတ် ၂၇
NUG၊ အကြမ်းဖက်အဖွဲ့အစည်းများနှင့် ၎င်းတို့အား ပံ့ပိုးနေသော EAO အဖွဲ့အစည်းအချို့ကို ပြတ်ပြတ်သားသားအရေးယူ ဆောင်ရွက်သွားမည်ဟု တပ်ချုပ်က သတိပေးပြောဆိုလိုက်သည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့ (မတ်လ ၂၇ ရက်)တွင် နေပြည်တော်၌ ကျင်းပသည့် (၇၈)နှစ်မြောက်တပ်မတော်နေ့အခမ်းအနားတွင် မိန့်ခွန်းပြောကြားရာ၌ ၎င်းကဲ့သို့ ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။
တပ်မတော်မှ နိုင်ငံတော်တာဝန် စတင်ထမ်းဆောင်ချိန်တွင် ဆူပူမှုများသာ ကြုံတွေ့ခဲ့ရသော်လည်း နောက်ပိုင်း၌ အကြမ်းဖက်သမားများက အပြစ်မဲ့ပြည်သူများ၊ စစ်ရေးပစ်မှတ်မဟုတ်သည့် အခြားသောနေရာများကို ရည်ရွယ်ချက်ရှိရှိဖြင့် တိုက်ခိုက်လာသည်ကို တွေ့ရှိရကြောင်း တပ်ချုပ်က ဆိုသည်။
အဆိုပါအကြမ်းဖက်တိုက်ခိုက်မှုများသည် နိုင်ငံရေးရည်ရွယ်ချက်ရှိရှိဖြင့် ဖွဲ့စည်းခဲ့သည့် NUG မှ ပေါက်ဖွားလာသည့် PDF အပါအဝင် ၎င်းတို့ကို ကူညီနေသည့်အချို့သော EAO များ၏ နိုင်ငံအပေါ် ပျက်စီးရာပျက်စီးကြောင်း ကြံစည်လုပ်ဆောင်မှုများသာဖြစ်ကြောင်းလည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
“နိုင်ငံတစ်ဝန်းရှိ ပြည်သူများရဲ့ လူမှုစီးပွားဘဝလုံခြုံရေးအတွက် ပြည်ထောင်စုတစ်ဝန်းလုံးတည်ငြိမ်အေးချမ်းရေးနှင့် တရား ဥပဒေစိုးမိုးမှု အပြည့်အဝရရှိရန်အလေးထား လုပ်ဆောင်သွားမှာပဲ ဖြစ်တယ်။ အဲလိုလုပ်ဆောင်ရာမှာ NUG နဲ့ အကြမ်းဖက် အဖွဲ့အစည်းတွေ၊ ၎င်းတို့ကို ပံ့ပိုးနေတဲ့ EAO အဖွဲ့အစည်းအချို့ကို ပြတ်ပြတ်သားသားအရေးယူဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြောကြားလိုတယ်” ဟု ၎င်းက ထည့်သွင်းပြောဆိုခဲ့သည်။
လက်ရှိတွင် နစကအစိုးရအနေဖြင့် နိုင်ငံအတွင်းရှိ မြို့နယ်ပေါင်း(၄၀)နီးပါးကို စစ်အုပ်ချုပ်ရေးအမိန့်များ ကြေညာထားပြီး တည်ငြိမ်အေးချမ်းရေးနှင့်တရားဥပဒေစိုးမိုးရေးအတွက် ဆောင်ရွက်လျက်ရှိနေသည်။
“NUG နဲ့ ၎င်းတို့လက်ဝေခံ PDF တို့ရဲ့ အကြမ်းဖက်တိုက်ခိုက်မှုများ လုံးဝရပ်ဆိုင်းအောင် ဆောင်ရွက်သွားဖို့ လိုအပ်တယ်။ တပ်မတော်နဲ့ နိုင်ငံတော်အစိုးရအနေနဲ့ နိုင်ငံကိုဖျက်ဆီးနေတဲ့ ပြည်သူကိုသတ်နေတဲ့ ဒီအကြမ်းဖက်အဖွဲ့ကို ထိရောက်စွာ တုံ့ပြန်ဆောင်ရွက်သွားရမှာပဲ ဖြစ်တယ်” ဟု တပ်ချုပ်က ၎င်း၏မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုခဲ့သည်။
အကြမ်းဖက်လုပ်ရပ်များကြောင့် ပျက်စီးဆုံးရှုံးမှုများသည် အစိုးရတစ်ရပ်အတွက် နစ်နာဆုံးရှုံးမဟုတ်ဘဲ နိုင်ငံတော်၏ အမျိုးသားအကျိုးစီးပွား နစ်နာဆုံးရှုံးခြင်းသာဖြစ်ကြောင်း တပ်ချုပ်က ဆိုသည်။
ထို့ပြင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ရွေးကောက်ပွဲအား အကြားအလပ်မရှိ ဆောလျင်စွာ ကျင်းပနိုင်ရေးအတွက် အဓိက လိုအပ်ချက်သည် တည်ငြိမ်အေးချမ်းရေးပင်ဖြစ်ကြောင်း ထည့်သွင်းပြောဆိုခဲ့သည်။
လက်ရှိတွင် မြန်မာနိုင်ငံအတွင်းရှိ မြို့နယ်များတွင် အကြမ်းဖက်သတ်ဖြတ်မှုနှင့် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားလျက်ရှိနေ သည့်အပြင် လုယက်မှု၊ ဓါးပြတိုက်မှုဖြစ်စဉ်များလည်း ဖြစ်ပွားလျက်ရှိသည်ကို တွေ့နေရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရန်ကုန်စတော့အိပ်ချိန်းတွင် MSME လုပ်ငန်းများ ဝင်ရောက် ရောင်းဝယ်နိုင်မည်
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ