အစ္စရေး-ဟားမက်စ်စစ်ပွဲ အပစ်အခတ်ရပ်စဲရေးဆုံးဖြတ်ချက်ကို အမေရိကန်က တတိယအကြိမ် ဗီတိုအာဏာသုံး ပယ်ချခဲ့
ALynn (NSS) - ဖေဖော်ဝါရီ ၂၁
ဖေဖော်ဝါရီလ ၂ဝ ရက်က အမေရိကန်သည် အစ္စရေး-ဟားမက်စ်စစ်ပွဲနှင့်ပတ်သက်၍ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအပစ်အခတ်ချက်ချင်းရပ်စဲရေး ဆုံးဖြတ်ချက်မူကြမ်းကို ဗီတို အာဏာသုံး၍ ပယ်ချခဲ့သည်။
ယင်းအစား ဟားမက်စ်တို့ ဖမ်းဆီးထားသည့် ဓားစာခံများပြန်လွှတ်ပေးရေးနှင့် ဆက်နွယ်နေသည့် ယာယီအပစ် အခတ်ရပ်စဲရေးကိုသာ တောင်းဆိုရန် တွန်းအားပေးခဲ့သည်။ အဖွဲ့ဝင် ၁၅ နိုင်ငံပါဝင်သည့် လုံခြုံရေးကောင်စီတွင် ၁၃ နိုင်ငံက အယ်လ်ဂျီးရီးယားက တင်သွင်းခဲ့သည့် အဆိုပါမူကြမ်းကို ထောက်ခံကြောင်း မဲပေးခဲ့ပြီး ဗြိတိန်က ကြားနေအဖြစ်ရပ်တည်ခဲ့ကာ အမေရိကန်က ဗီတိုအာဏာသုံးပယ်ချခဲ့ခြင်းဖြစ်သည်။
ယင်းမှာ အောက်တိုဘာ ၇ ရက်ကတည်းက စတင်ခဲ့သည့် ဂါဇာစစ်ပွဲနှင့်ပတ်သက်၍ အမေရိကန်၏ တတိယ အကြိမ်မြောက် ဗီတိုအာဏာအသုံးပြုခြင်းဖြစ်သည်။
ကုလသမဂ္ဂဆိုင်ရာ အယ်လ်ဂျီးရီးယားသံအမတ်က “ဒီဆုံးဖြတ်ချက်မူကြမ်းကို ထောက်ခံမဲပေးတာဟာ ပါလက်စတိုင်းတို့ရဲ့အသက်ရှင်ပိုင်ခွင့်ကို အထောက်အပံ့ပေးတာဖြစ်ပြီး ကန့်ကွက်မဲကတော့ ရက်စက်တဲ့ အကြမ်းဖက်မှုတွေကို ဆက်လက်ကျူးလွန်ဖို့ တွန်းအားပေးနေသလိုဖြစ်ပါတယ်” ဟု လုံခြုံရေးကောင်စီရှေ့မှောက် တွင် ပြောကြားခဲ့သည်။
ဖေဖော်ဝါရီလ ၁၇ ရက်ကပင် ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီးက အမေရိကန်သည် မူကြမ်းကို ဗီတိုအာဏာသုံးပယ်ချနိုင်ခြေရှိကြောင်းအချက်ပြခဲ့ပြီး ယင်းမှာ အမေရိကန်၊ အီဂျစ်၊ အစ္စရေးနှင့် ကာတာတို့အကြား စစ်ပွဲ ရပ်တန့်ရေး၊ ဓားစာခံများလွတ်မြောက်ရေးတို့နှင့် ပတ်သက်သည့်ဆွေးနွေးပွဲများအပေါ် ဆိုးကျိုး သက်ရောက် လာနိုင်သည်။
“အမေရိကန်ရဲ့ဗီတိုက အစ္စရေးတို့ ဆက်လက်ပြီး ပြစ်မှုတွေကျူးလွန်ဖို့ ခွင့်ပြုလိုက်သလိုပါပဲ” ဟု ပါလက်စတိုင်း ဆိုင်ရာကုလသမဂ္ဂသံတမန်က ကောင်စီတွင် ပြောကြားခဲ့သည်။ အမေရိကန်က ယာယီအပစ်အခတ်ရပ်စဲရေး မူကြမ်းကိုသာ အဆိုပြုခဲ့ပြီး ရာဖာတွင် ဆင်နွဲလျက်ရှိသည့် အစ္စရေးတို့၏ ထိုးစစ်များကို ဆန့်ကျင်ကြောင်း ပြသခဲ့သည်။ ယင်းမှာ အမေရိကန်က အဆိုပြုသည့် ဒုတိယမြောက်မူကြမ်းဖြစ်ပြီး ပထမမူကြမ်းကို ရုရှားနှင့် တရုတ်တို့က ဗီတိုအာဏာသုံးပယ်ချခဲ့သည်။
အမေရိကန်သည် အစဉ်အလာအားဖြင့် အစ္စရေးအား အကာအကွယ်ပေးလျက်ရှိသည်။ ကောင်စီက ဂါဇာတွင် အထောက်အပံ့များ ပိုမိုတိုးမြှင့်ရန် ဆုံးဖြတ်ချက်များချမှတ်ရာတွင်လည်းကောင်း၊ စစ်ပွဲများ ယာယီရပ်စဲရန် တောင်းဆိုရာတွင်လည်းကောင်း ကြားနေအဖြစ်သာ မဲပေးခဲ့သည်။ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အပစ်အခတ်ချက်ချင်းရပ်စဲရေးမူကြမ်းနှင့်ပတ်သက်၍ ကုလသမဂ္ဂအထွေထွေညီလာခံ၌ ဒီဇင်ဘာလက မဲခွဲ ဆုံးဖြတ်ခဲ့ရာ အဖွဲ့ဝင် ၁၉၃ နိုင်ငံ၏ ၄ ပုံ ၃ ပုံလောက်က ထောက်ခံခဲ့ကြသည်။ အထွေထွေညီလာခံ၏ ဆုံးဖြတ်ချက် များသည် စည်းနှောင်မှု မရှိသော်လည်း ဂါဇာစစ်ပွဲအပေါ် ကမ္ဘာလုံးဆိုင်ရာအမြင်ကို ထင်ဟပ်နေသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် လမ်းဘေးဆီဆိုင်မှတစ်ဆင့် မီးလောင်မှုဖြစ်ပွားခဲ့ရာမှ ကားတစ်စီး မီးလောင်ပျက်စီးပြီး လူတစ်ဦးဒဏ်ရာရ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ