အာဖဂန်အတွက်လုပ်သည့် ကုလသမဂ္ဂအစည်းအဝေးသို့ တာလီဘန်တို့ တက်ရောက်ခြင်းမရှိခဲ့
ALynn (NSS) - ဖေဖော်ဝါရီ ၂ဝ
ကာတာနိုင်ငံ၊ ဒိုဟာမြို့၌ အာဖဂန်နစ္စတန်အရေးနှင့်ပတ်သက်၍ ကုလသမဂ္ဂက ကမကထ ပြုလုပ်ကျင်းပသည့်အစည်းအဝေးသို့ တာလီဘန်တို့က အခြေအနေအချို့ကို လက်မခံနိုင်သည့် အတွက် တက်ရောက်ခြင်းမရှိကြောင်း ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ဖေဖော်ဝါရီလ ၁၉ ရက် (တနင်္လာနေ့) တွင် ပြောကြားခဲ့သည်။
နှစ်ရက်တာ အစည်းအဝေးသည် တနင်္လာနေ့တွင်ပြီးဆုံးခဲ့ပြီး UN အဖွဲ့ဝင်နိုင်ငံများနှင့် နိုင်ငံတကာမှ သံတမန်များ တက်ရောက်ကာ အာဖဂန်နစ္စတန်နိုင်ငံ၏ ပြဿနာများကို အတူတကွ ဆွေးနွေးခဲ့ကြသော်လည်း တာလီဘန်တို့ကမူ ၎င်းတို့၏ လိုလားချက်နှင့် မကိုက်ညီ၍ တက်ရောက်ခြင်းမရှိခဲ့ပါ။
တာလီဘန်တို့သည် ဆယ်စုနှစ် နှစ်စုကြာ စစ်ပွဲများအပြီး အမေရိကန်နှင့် နေတိုးတပ်ဖွဲ့များ ဆုတ်ခွာသွားချိန် ၂၀၂၁ ခုနှစ်၊ ဩဂုတ်လတွင် အာဖဂန်နစ္စတန်ကို ထိန်းချုပ်ခဲ့သည်။ ထိုအချိန်မှ စ၍ အာဖဂန်အစိုးရအား မည်သည့်နိုင်ငံကမျှ အသိအမှတ်မပြုခဲ့ပေ။ အမျိုးသမီးများ၏ ပညာရေး နှင့် အလုပ်အကိုင်များအပေါ် တားဆီးပိတ်ဆို့မှုများ ပြုလုပ်နေသရွေ့ အာဖဂန်အစိုးရအား အသိ အမှတ်ပြုရန် ဖြစ်နိုင်မည်မဟုတ်ကြောင်း UN က ပြောကြားခဲ့သည်။
တာလီဘန်တို့သည် အာဏာ ထိန်းချုပ်ခဲ့ချိန်မှစ၍ အမျိုးသမီးများအား အိမ်အပြင်ထွက်သည့်အခါ ခန္ဓာကိုယ်ကို ဖုံးအုပ်ထားရန်၊ စာသင်ကျောင်းများ၊ တက္ကသိုလ်များတွင် ပညာသင်ကြားခွင့်မပြုရန် နှင့် ပန်းခြံ၊ အားကစားခန်းမတို့ကဲ့သို့ အများသူငှာသွားလာသည့်နေရာများသို့ သွားရောက်ခြင်း မပြုရန် တားမြစ်ထားပါသည်။
ထိုကဲ့သို့ တားမြစ်မှုများသည် ပြည်တွင်းရေးကိစ္စများသာဖြစ်ပြီး ပြင်ပမှ ဝင်ရောက်စွက်ဖက်ခြင်း များ မပြုရန် တာလီဘန်တို့က ပြောကြားထားသည်။
တာလီဘန်တို့ လက်မခံနိုင်သော နောက်ထပ်အချက်တစ်ခုမှာ အာဖဂန်၌ UN အထူးသံတမန် ခန့်အပ်ခြင်းဖြစ်သည်။ ဂူတာရက်စ်က အထူးသံတမန်၏ အခန်းကဏ္ဍနှင့်ပတ်သက်၍ ရှင်းရှင်း လင်းလင်းဖြစ်စေရန် တာလီဘန်တို့နှင့် ဆွေးနွေးမှုများပြုလုပ်ရန် လိုအပ်ကြောင်း ပြောကြားခဲ့ သည်။
အစိုးရများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် အကူအညီပေးရေးအေဂျင်စီများက တာလီဘန်တို့၏ မူဝါဒများကို မနှစ်မြို့သည့်အတွက် အာဖဂန်အား အထောက်အပံ့ပေးခြင်းကို ဖြတ်တောက်ပစ် လိုက်ခြင်းက နိုင်ငံ၏စီးပွားရေးကို ဆိုးဆိုးရွားရွားဖြစ်စေသည်။
“ကျွန်ုပ်တို့၏ အဓိကရည်မှန်းချက်မှာ ထိုဆိုးရွားသည့်အခြေအနေကိုကျော်လွှားရန် အဓိကရည် ရွယ်ပြီး အာဖဂန်အစိုးရအနေဖြင့် ထိုအခြေအနေများကို တာဝန်ယူဖြေရှင်းရန်အတွက် နိုင်ငံတကာအသိုက်အဝန်းနှင့်အတူ လမ်းပြမြေပုံတစ်ခုဖန်တီးရန်လိုအပ်ကြောင်း” ဂူတာရက်စ်က ပြောကြားခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အုပ်ချုပ်ရေးမှူးထောက်ခံချက်ဖြင့် လက်မှတ်ဝယ်ရမည့်ကိစ္စက လာဘ်ပေးလာဘ်ယူ အဂတိမှု ဖြစ်စေနိုင်
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ