မန္တလေးရှိ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး၌ အမျိုးသမီး(၂)ဦးတန်းစီစောင့်ဆိုင်းစဉ် အသက်ရှူကြပ်၍ သေဆုံးမှုဖြစ်ပွား
သန့်ဇင် (NSS) - ဖေဖော်ဝါရီ ၁၉
မန္တလေးတိုင်း၊ အောင်မြေသာစံမြို့နယ်၊ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး၌ အမျိုးသမီး(၂)ဦးတန်းစီစောင့်ဆိုင်းစဉ် အသက်ရှူကြပ်၍ သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း နန်းတော်ရှေ့လူမှုကူညီရေးအသင်းထံမှ သိရသည်။
ဖြစ်စဉ်မှာ ယနေ့(ဖေဖော်ဝါရီလ ၁၉ ရက်)၊ နံနက် ၂နာရီ ၃၅မိနစ်အချိန်တွင် အောင်မြေသာစံမြို့နယ်၊ ၁၂ လမ်းရှိ မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့ ရုံးခွဲ(မန္တလေး)ရှေ့၌ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“Passport ရုံးရှေ့မှာပေါ့။ လူဦးရေ (၁၀၀၀)ကျော်လောက်က Passport ရဖို့အငှားတန်းစီနေကြတာ။ အဲဒီအချိန်မှာ တွန်းကြတိုက်ကြရင်းနဲ့ လူအုပ်လိုက်ကြီးဆိုတော့ နင်းမိတာတွေနဲ့ အသက်ရှူကြပ်ပြီး အမျိုးသမီး(၂)ယောက်ဆုံးသွားတာပါ”ဟု နန်းတော်ရှေ့လူမှုကူညီရေး အသင်းမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
အဆိုပါ ဖြစ်စဉ်တွင် သေဆုံးသွားခဲ့သည့် အမျိုးသမီး(၂)ဦးသည် ညောင်ကွဲရပ်ကွက်တွင်နေထိုင်သည့် အသက်(၅၂)နှစ်အရွယ် ဒေါ်ခင်မျိုးအေး နှင့် အသက်(၃၉)နှစ်အရွယ် ဒေါ်ခိုင်ငွေတို့ ဖြစ်ကြောင်း သိရသည်။
ထို့ပြင် အဆိုပါဖြစ်အတွင်း၌ လူအုပ်နင်းမိရာမှ ညောင်ကွဲအောင်သပြေရပ်ကွက်တွင်နေထိုင်သည့် အသက် (၅၃)နှစ်အရွယ် ဒေါ်ဌေးဌေးဝင်းတွင် လည်း ထိခိုက်ဒဏ်ရာများ ပြင်းထန်စွာရရှိခဲ့ကြောင်း သိရသည်။
“မန္တလေး Passport ရုံးမှာက ခုလိုမျိုးတန်းစီးနေကြတာအရင်တည်းကပေါ့။ ရုံးကတော့ မနက်လင်းမှဖွင့်ပေးတာ သူတို့က အလှည့်ကျဖို့အတွက် ညက တည်းက အငှားတန်းစီစောင့်ပေးရတဲ့လူတွေပေါ့” ဟု ၎င်းကဆက်လက်ပြောသည်။
သေဆုံးသူအမျိုးသမီး(၂)ဦးနှင့် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် အမျိုးသမီးတစ်ဦးတို့ကို နန်းတော်ရှေ့လူမှုကူညီရေးအသင်းမှ မန္တလေး ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တရုတ်နိုင်ငံသည် မြန်မာ့အရေးနှင့်ပတ်သက်ပါက ခေတ်အဆက်ဆက် အိမ်နီးချင်းကောင်းနိုင်ငံဟု တပ်ချုပ်ပြော
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း