တရုတ်နိုင်ငံသည် မြန်မာ့အရေးနှင့်ပတ်သက်ပါက ခေတ်အဆက်ဆက် အိမ်နီးချင်းကောင်းနိုင်ငံဟု တပ်ချုပ်ပြော
မြူနစ် (NSS) - ဖေဖော်ဝါရီ ၁၉
တရုတ်နိုင်ငံသည် မြန်မာ့အရေးနှင့်ပတ်သက်ပါက ခေတ်အဆက်ဆက် အိမ်နီးချင်းကောင်းနိုင်ငံဟု နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
၎င်းက ယမန်နေ့(ဖေဖော်ဝါရီလ ၁၈ ရက်)တွင် ရန်ကုန်မြို့၊ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁)သုဝဏ္ဏ၌ ကျင်းပသည့် ၂၀၂၄ ခုနှစ် ရွှေနဂါးတရုတ်နှစ်သစ်ကူးပွဲတော်အခမ်းအနားတွင် အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ပျူခေတ်မတိုင်မီကတည်းကပင် တရုတ်-မြန်မာဆက်ဆံရေးခိုင်မာခဲ့သည်ကို အထင်အရှားတွေ့ရှိရကြောင်း နစကဥက္ကဋ္ဌက ပြောသည်။ တရုတ်နိုင်ငံသည် မြန်မာ့အရေးနှင့်ပတ်သက်ပါက ခေတ်အဆက်ဆက် အိမ်နီးချင်းကောင်းဟူသည့် ဂုဏ်ပုဒ်အပြင် မိတ်ဆွေကောင်းဟူသည့် ခံယူချက်ဖြင့် ရပ်တည်ပေးခဲ့သောနိုင်ငံဖြစ်ပြီး မြန်မာနိုင်ငံ၏ ပြည်တွင်းရေးရာကိစ္စရပ်များနှင့်ပတ် သက် ၍လည်း နိုင်ငံတကာစာမျက်နှာများတွင် မှန်ကန်သည့်လမ်းကြောင်းအတိုင်း ရပ်တည်ပေးနေသည့်အတွက် အထူးကျေးဇူးတင်ရှိကြောင်းလည်း ၎င်းက ဖွင့်ဟပြောကြားသည်။
ထို့ပြင် တရုတ်-မြန်မာနှစ်နိုင်ငံပူးပေါင်း၍ နှစ်နိုင်ငံအကျိူးတူ ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းများ၊ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် လက်ရှိအခြေအနေထက် ပိုမိုတိုးတက်ကောင်းမွန်လာမည်ဟု ယုံကြည်ကြောင်းလည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြော သည်။
ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်း၌ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်မှစ၍ တပ်မတော်နှင့် MNDAA၊ TNLA၊ AA မြောက်ပိုင်းမဟာမိတ်(၃)ဖွဲ့ကြားတွင် တိုက်ပွဲများအပြင်းအထန်ဖြစ်ပွားခဲ့ပြီး ၎င်းတိုက်ပွဲများနှင့်ပတ်သက်၍ တရုတ်နိုင်ငံအပေါ် ဝေဖန်မှုအမျိုးမျိုး ထွက်ပေါ်ခဲ့သည်။
အဆိုပါရှမ်းမြောက်တိုက်ပွဲများတွင် မြောက်ပိုင်း(၃)ဖွဲ့ အဓိက အသုံးပြုခဲ့သော လက်နက်သည် အိမ်နီးချင်းနိုင်ငံက ဝယ်ယူရရှိသည့် Drone များဖြစ်ပြီး ၎င်း Drone များကို Drop Bomb များဖြင့် ချိတ်ဆက်အသုံးပြု၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း နစကဘက်က ထုတ်ဖော်ပြောဆိုခဲ့ဖူးသည်။
ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်း၌ မြောက်ပိုင်း(၃)ဖွဲ့သည် ၁၀၂၇ စစ်ဆင် ရေးအမည်ဖြင့် တိုက်ပွဲများကို ဖော်ဆောင်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ၎င်းစစ်ဆင်ရေးသည် ရခိုင်ပြည်နယ်အတွင်း၌ ဆင်နွှဲနေလျက်ရှိကြောင်း သိရသည်။
တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်ပေးမှုဖြင့် ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်း၌ တပ်မတော်နှင့် မြောက်ပိုင်း(၃)ဖွဲ့အကြား ဖြစ်ပွားနေသည့်တိုက်ပွဲများသည် ယခုနှစ် ဇန်နဝါရီလ ၁၁ ရက်မှစ၍ ရပ်စဲနိုင်ခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဗဟိုဘဏ်က ယခုလအတွင်း နိုင်ငံခြားငွေဈေးကွက်၌ အမေရိကန်ဒေါ်လာ (၈၆)သန်းကျော်နှင့် ထိုင်းဘတ်သန်း(၆၀၀)ကျော် ရောင်းချထား
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း