ထိုင်ဝမ်ကျွန်းအနီးတွင် ကင်းလှည့်မှုများကို တိုးမြှင့်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း တရုတ်အစိုးရပြော
Pika (NSS) - ဖေဖော်ဝါရီ ၁၉
ထိုင်ဝမ်ကမ်းခြေစောင့်တပ်ဖွဲ့များ ပါဝင်သော သင်္ဘောမတော်တဆမှုတွင် တရုတ်နိုင်ငံသားနှစ်ဦး သေဆုံးခဲ့ပြီး နောက် ထိုင်ဝမ်ကျွန်းအနီးရှိ ရေပြင်တွင် တရားဥပဒေစိုးမိုးရေးကင်းလှည့်မှုများကို ပိုမိုတိုးမြှင့်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း တရုတ်အစိုးရက ဖေဖော်ဝါရီလ(၁၈)ရက်တွင် ထုတ်ဖော်ပြောခဲ့သည်။
ဖေဖော်ဝါရီလ(၁၄)ရက်တွင် လူလေးဦး လိုက်ပါလာသော တရုတ်သင်္ဘောသည် ထိုင်ဝမ်ကမ်းခြေစောင့်တပ်ဖွဲ့၏ လိုက်လံဖမ်းဆီးမှုကိုခံရပြီးနောက် Kinmen ကျွန်းများအနီးတွင် တိမ်းမှောက်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါသင်္ဘောတိမ်းမှောက်သွားပြီးနောက် လိုက်ပါလာသူ လေးဦးအနက်(၂)ဦးမှာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ သင်္ဘောတိမ်းမှောက်သည့်နေရာတွင် တရားဥပဒေစိုးမိုးရေးကင်းလှည့်မှုများကို ပုံမှန်လုပ်ဆောင်သွား မည်ဖြစ်ကြောင်း တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့က ပြောကြားခဲ့သည်။
တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဂန်ယုက "ကင်းလှည့်မှုတွေဟာ သက်ဆိုင်ရာရေပိုင်နက် အတွင်းမှာ စစ်ဆင်ရေးတွေကို ဆက်လက်ထိန်းသိမ်းထားဖို့နဲ့ ငါးဖမ်းသမားတွေရဲ့အသက်အန္တရာယ်ကို ကာကွယ်ဖို့ ရည်ရွယ်ထားတာပါ" ဟု ပြောခဲ့သည်။
အဆိုပါဖြစ်ရပ်နှင့််ပတ်သက်ပြီး ထိုင်ဝမ်အစိုးရကို တရုတ်အစိုးရက ပြစ်တင်ရှုတ်ချခဲ့ကာ အသက်ရှင်ကျန်ရစ်သူ သင်္ဘောသားနှစ်ဦးကို ပြန်လွှတ်ပေးရန် တောင်းဆိုခဲ့ကြောင်းလည်း သိရသည်။
သို့သော်လည်း အဆိုပါသင်္ဘောသည် တရုတ်နိုင်ငံ Xiamen မြို့မှ (၅)ကီလိုမီတာအကွာတွင်ရှိသော ထိုင်ဝမ်၏ ရေပိုင်နက်အတွင်းရှိနေခဲ့ကြောင်း ထိုင်ဝမ်အစိုးရက ပြန်လည်ပြစ်တင်ဝေဖန်ခဲ့သည်။ ထိုင်ဝမ် နှင့် တရုတ်နိုင်ငံကြား တင်းမာမှုများမြင့်တက်နေသည့်ကြားက ယခုကဲ့သို့ဖြစ်ရပ်များ ထပ်မံဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
တရုတ်အစိုးရသည် ထိုင်ဝမ်ကျွန်းကို ၎င်း၏ပိုင်နက်နယ်မြေအဖြစ် ရှုမြင်ထားပြီး ငြိမ်းချမ်းစွာပြန်လည်ပေါင်းစည်း ရေးအတွက် လိုအပ်ပါက အင်အားသုံးဖြေရှင်းသွားမည်ဖြစ်ကြောင်း အကြိမ်ကြိမ်ပြောခဲ့ဖူးသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မန္တလေးရှိ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး၌ အမျိုးသမီး(၂)ဦးတန်းစီစောင့်ဆိုင်းစဉ် အသက်ရှူကြပ်၍ သေဆုံးမှုဖြစ်ပွား
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ