အီဂျစ်အစိုးရက ဂါဇာကမ်းမြောင်ဒေသနှင့်ထိစပ်နေသော နယ်စပ်အနီးတွင် တံတိုင်းများကို စတင်ဆောက်လုပ်နေဟုဆို
Pika (NSS) - ဖေဖော်ဝါရီ ၁၇
အစ္စရေးစစ်တပ်က စီစဉ်ထားသော မြေပြင်ထိုးစစ်ဆင်မှုက ဂါဇာကမ်းမြောင် ဒေသရှိ ပါလက်စတိုင်းဒုက္ခသည်များကို အခြားနေရာများသို့ထွက်ပြေးရန် တွန်းအားပေးမှုများရှိလာနိုင်ခြင်းကြောင့် ဂါဇာကမ်းမြောင်ဒေသနှင့်ထိစပ်နေသော နယ်စပ်အနီးတွင် တံတိုင်းများတည်ဆောက်ရန် အီဂျစ်အစိုးရကစတင်လုပ်ဆောင်နေပြီ ဖြစ်ကြောင်းသိရသည်။
နယ်စပ်အနီးတွင် မြေပြင်ရှင်းလင်းမှုများလုပ်ဆောင်ကာ တံတိုင်းများတည် ဆောက်နေသည်ကို ပြသထားသည့် ဂြိုလ်တုဓါတ်ပုံများကိုကိုးကားပြီး The Associated Press၊ New York Times နှင့် အခြားမီဒီယာအများအပြားက အီဂျစ်အစိုးရ၏ တည်ဆောက်မှုလုပ်ငန်းများကို ရေးသားဖော်ပြခဲ့ကြောင်းလည်း သိရသည်။ အဆိုပါစီမံကိန်း၏ ရည်ရွယ်ချက်နှင့်ပတ်သက်ပြီး ဆွေးနွေးမှုများလုပ်ဆောင်ရန် အီဂျစ်အစိုးရတာဝန်ရှိသူများက ငြင်းဆိုထားသည်။ အဆိုပါတံတိုင်းများသည် ရာဖဲလ်မြို့ကို ထိုးစစ်ဆင်ရန်လုပ်ဆောင်နေသော အစ္စရေး၏အစီအစဉ်များကြောင့် ဂါဇာကမ်းမြောင်ဒေသမှ ထွက်ပြေးလာမည့် ပါလက်စတိုင်းလူမျိုးများအတွက် ကြားခံဇုန်တစ်ခုဖြစ်လာနိုင်ဖွယ်ရှိကြောင်း အစီရင်ခံစာများတွင် ရေးသားဖော်ပြထားသည်။
အစ္စရေးတပ်ဖွဲ့များသည် ဟားမက်လက်နက်ကိုင်အဖွဲ့နှင့်ဖြစ်ပွားနေသော စစ်ပွဲအတွင်း ထွက်ပြေးလာသော ဒုက္ခသည်များ၏ နောက်ဆုံးခိုလှုံရာဖြစ်သည့် ရာဖဲလ်မြို့ကို မြေပြင်ထိုးစစ်ဆင်မှုများ လုပ်ဆောင်ရန် စတင်စီစဉ်ခဲ့ပြီးနောက် အီဂျစ်အစိုးရ၏ တံတိုင်းတည်ဆောက်ရေးလုပ်ငန်းစဉ်များ စတင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ အစ္စရေးနှင့်ဟားမက်လက်နက်ကိုင်အဖွဲ့ကြား စစ်ပွဲစတင်ဖြစ်ပွားခဲ့သည့် ၂၀၂၃ ခုနှစ် အောက်တိုဘာလကတည်းက ပါလက်စတိုင်းလူမျိုး(၁ ဒသမ ၄)သန်းခန့်သည် ရာဖဲလ်မြို့သို့ ထွက်ပြေးကာ ခိုလှုံခဲ့ကြခြင်းဖြစ်ကြောင်းသိရသည်။
ထို့ပြင် အစ္စရေးအစိုးရအနေဖြင့် အီဂျစ်၏ပိုင်နက်နယ်မြေအတွင်းသို့ ပါလက်စတိုင်းဒုက္ခသည်များ ထွက်ပြေးဝင်ရောက်လာမှုများ ဖြစ်ပွားစေနိုင်သည့် တွန်းအားပေးတိုက်ခိုက်မှုများကို မလုပ်ဆောင်သင့်ကြောင်း အီဂျစ်အစိုးရက အခိုင်အမာပြောဆိုခဲ့သည်။ ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ရာဖဲလ်မြို့သည် အစ္စရေးစစ်တပ်၏ လေကြောင်းမှပစ်မှတ်ထားတိုက်ခိုက်မှုများကို ခံခဲ့ရပြီး လူရာချီသေဆုံးခဲ့ကြောင်းသိရသည်။ ဂါဇာကမ်းမြောင်ဒေသ၏ တောင်ပိုင်းနယ်စပ်အနီးတွင် တည်ဆောက်နေသော အီဂျစ်၏တံတိုင်းများသည် စတုရန်းကီလိုမီတာ(၅)ကီလိုမီတာခန့်ကို ပိတ်ပစ်သွားနိုင်ဖွယ်ရှိနေပြီး အမြင့် (၅)မီတာခန့်ရှိကြောင်း အမည်မသိကန်ထရိုက်တာတစ်ဦး၏ပြောကြားချက်ကို ကိုးကားပြီး New York Times သတင်းစာကရေးသားဖော်ပြခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကာကွယ်ရေးဦးစီးချုပ်အသစ်ကို ယူကရိန်းနိုင်ငံသားများက မယုံကြည်ကြကြောင်း စစ်တမ်းတစ်ခုတွင်ဖော်ပြ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ